အမေရိကန်က မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းခဲ့ခြင်းမှာ သမ္မတ၏အမိန့်အာဏာဖြင့် ရုပ်သိမ်းသည့်အပိုင်းသာဖြစ်ပြီး လွှတ်တော်က ဥပဒေဖြင့်တားမြစ်ထားမှုများ ကျန်ရှိနေသည့်အတွက် သံရုံးအချို့ကနေ ကောင်စစ်ဆိုင်ရာ လွှဲပြောင်းရငွေများ လွှဲပို့ရာတွင် အခက်အခဲများကြုံတွေ့နေရကြောင်း နိုင်ငံခြားရေးဒုတိယဝန်ကြီး ပြောကြား

အမေရိကန်က မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းခဲ့ခြင်းမှာ သမ္မတ၏အမိန့်အာဏာဖြင့် ရုပ်သိမ်းသည့်အပိုင်းသာဖြစ်ပြီး လွှတ်တော်က ဥပဒေဖြင့်တားမြစ်ထားမှုများ ကျန်ရှိနေသည့်အတွက် သံရုံးအချို့ကနေ ကောင်စစ်ဆိုင်ရာ လွှဲပြောင်းရငွေများ လွှဲပို့ရာတွင် အခက်အခဲများကြုံတွေ့နေရကြောင်း နိုင်ငံခြားရေးဒုတိယဝန်ကြီး ပြောကြား
Published 16 August 2017

 

သြဂုတ် ၁၅ ရက်က နေပြည်တော်တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသူများကို တွေ့ရစဉ်

အမေရိကန်က မြန်မာအပေါ်မှာ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းခဲ့ခြင်းမှာ သမ္မတ၏အမိန့်အာဏာဖြင့် ရုပ်သိမ်းသည့် အပိုင်းသာ ဖြစ်ပြီး  လွှတ်တော်က ဥပဒေဖြင့် တားမြစ်ထားမှုများ ကျန်ရှိနေသည့်အတွက် သံရုံးအချို့ကနေ ကောင်စစ်ဆိုင်ရာ လွှဲပြောင်းရငွေများကို လွှဲပို့ရာ၌ အခက်အခဲများ ကြုံတွေ့နေရကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က ပြောကြားသည်။

နေပြည်တော်တွင် သြဂုတ် ၁၅ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ ပြည်ထောင်စု၏ အရအသုံးစာရင်းများ စစ်ဆေးချက် အစီရင်ခံစာနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့်ပတ်သက်၍ ဦးကျော်တင်က ပြန်လည်ရှင်းလင်း ရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဗီဇာခ၊ ကောင်စစ်ဝန်ဆောင်ခ၊ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခနှင့် အခြားထောက်ခံစာထုတ်ပေးရေး ကိစ္စတို့နှင့်ပတ်သက်၍ ဝင်ငွေရရှိကြောင်း၊ ထိုသို့ရရှိသည့် ကောင်စစ်ဆိုင်ရာ ရငွေများကို တိကျမှန်ကန်စေရေးနှင့် သက်ဆိုင်ရာ ဘဏ္ဍာနှစ်အလိုက် မြန်မာနိုင်ငံကို အချိန်မီလွှဲပြောင်းပေးပို့ရေးအတွက် အားစိုက်ကာ ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ကြောင့် ၂၀၁၆-၂၀၁၇  ဘဏ္ဍာနှစ်အတွင်း ကျပ် ၇၈ ဒသမ ၄၁၅ ဘီလျံ လွှဲပို့နိုင်ခဲ့ပြီး  ၆၇ ဒသမ ၆၈ ဘီလျံ လွှဲပို့ရန်ကျန်ရှိကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။

ထို့ပြင် လက်ရှိဘဏ္ဍာနှစ်အတွင်း သံရုံး ၁၀ ရုံးဖြစ်သည့် ကင်ဘာရာ၊ ဘန်ကောက်၊ ကိုင်ရို၊ ပါရီ၊ ဘဲလ်ဂရိတ်၊ ဝါရှင်တန်၊ အော်တဝါ၊ နယူးယောက်၊ လော့စ်အိန်ဂျယ်လစ်နှင့် ဘရာဇီးယားမြို့သံရုံးမှအပ ကျန်အဖွဲ့ရုံး၊ ကောင်စစ်ဝန်ရုံးများက ပုံမှန်လွှဲပြောင်းပေး ပို့လျက်ရှိကြောင်း၊ လွှဲပြောင်းပေးပို့၍မရသည့် အချို့သံရုံးများအား ငွေလုံးငွေရင်း အသုံးစရိတ်ကို ပေးပို့ခြင်းမပြုဘဲ လုပ်ထုံးလုပ်နည်းနှင့်အညီ ကောင်စစ်ကောက်ခံရရှိငွေများမှတစ်ဆင့် ခုနှိမ်သုံးစွဲခြင်း နည်းလမ်းကိုလည်း ဆောင်ရွက်စေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အဲဒီတော့ လောလောဆယ်ကနေပြီးတော့ အမေရိကန်ပြည်ထောင်စုကနေ မြန်မာ နိုင်ငံအပေါ်မှာ Sanction  တွေ ရုပ်သိမ်းခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလို Sanction တွေ စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းခဲ့ခြင်းဟာ သမ္မတရဲ့ အမိန့်အာဏာနဲ့ ရုပ်သိမ်းသည့် အပိုင်းများသာဖြစ်ပြီးတော့  လွှတ်တော်ကနေ ဥပဒေဖြင့် တားမြစ်ထားသည်များမှာ ဆက်လက်ကျန်ရှိနေသေးတာကို တွေ့ရပါတယ်။ ဒါကြောင့် တချို့သံရုံးတွေကနေပြီးတော့ ကောင်စစ်ဆိုင်ရာ လွှဲပြောင်းရငွေများကို လွှဲပို့ရာမှာ အခက်အခဲတွေ ကြုံတွေ့နေရခြင်းဖြစ် ပါတယ်။ အဲဒီတော့ ၃၀-၆-၂၀၁၇ ရက်အထိ မလွှဲပို့နိုင်သေးတဲ့ သံရုံးများရဲ့ ငွေပမာဏမှာ ၂၃ ဒသမ ၈ ဘီလျံဖြစ်ပါတယ်။ အဲဒီတော့ ပြည်ပမှာရှိတဲ့ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ရုံးများဟာ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ ကောင်စစ် ကောက်ခံရငွေများအတွက် သီးခြားငွေစာရင်းများ ဖွင့်လှစ်ပြီးတော့ စနစ်တကျ စာရင်းရေး ဆွဲထားခြင်းကို ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် ကောင်စစ်ဆိုင်ရာရရှိငွေများကို လွှဲပို့နိုင်ခြင်း မရှိသေးတဲ့ သံရုံးများအနေဖြင့် ပြန် လည်လွှဲပြောင်းပေးပို့နိုင်မှု အခြေအနေတွေကို သက်ဆိုင်ရာဘဏ်များနဲ့ အမြဲမပြတ်စုံ စမ်းပြီးတော့ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်။ လောလောဆယ်အားဖြင့် မြန်မာသံရုံး ဝါရှင်တန်နဲ့ မြန်မာသံရုံးပါရီက တစ်ဆင့်လည်း စတင်ပြီးတော့ စမ်းသပ်ပြီးတော့ လွှဲ ပြောင်းပေးပို့ဖို့အတွက် ညွှန်ကြားထားပြီး ဖြစ်ပါတယ်” ဟု ဦးကျော်တင်က ဆိုသည်။

မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုက ကန့်သတ်ချက်များ ဖယ်ရှားပေးခဲ့ပြီး ဖြစ်သော်လည်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၀၄ ခုနှစ်တွင် မြန်မာ နိုင်ငံအပေါ် ချမှတ်ထားသော   USA Patriot Act , Session 311  အရ ကန့်သတ်ချက်ဖြင့် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း၊ အဆိုပါဥပဒေသည် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး နှင့် အကြမ်းဖက်အဖွဲ့အစည်းများအား ငွေ ကြေးထောက်ပံ့မှုနှင့် လုပ်ငန်းရပ်များကို တိုက်ဖျက်ရန် ရည်ရွယ်ချမှတ်ခြင်းဖြစ်ကြောင်း ဒုတိယဝန်ကြီးက ရှင်းပြသည်။

“အဲဒီဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ Action Plan အရ ကျွန်တော်တို့ ဆောင်ရွက်ရန်လိုအပ်တဲ့ လုပ်ငန်းစဉ်တွေရှိပါတယ်။ လုပ်ငန်းစဉ်တွေ အများစုကို မြန်မာနိုင်ငံဘက်ကနေ လိုက်နာဆောင်ရွက်ပြီးဖြစ်သော်လည်း ဆက်လက်ဆောင်ရွက်ဖို့ လုပ်ငန်းစဉ်အချို့ ကျန်ရှိ နေဆဲဖြစ်ပါတယ်။ အဲဒီအချက်ကတော့ အမေရိကန်ပြည်ထောင်စုက ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနဲ့ အကြမ်းဖက်ဝါဒအပေါ် ငွေကြေးထောက်ပံ့ ကာကွယ်တားဆီးရေးအတွက် မြန်မာနိုင်ငံအနေဖြင့် ဘဏ်မဟုတ်တဲ့ အဖွဲ့အစည်း ဟွန်ဒီ ငွေလွှဲပြောင်းခြင်းလုပ်ငန်း များ၊ Unlicense Money ရီမက်တာနဲ့ ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းတွေ ချမှတ်အကောင်အထည်ဖော်ဖို့ ကျန်ရှိနေပါသေးတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ အဆိုပါအက်ဥပဒေရဲ့ ကန့်သတ်ခံရမှုကနေ လွတ်မြောက်နိုင်ခြင်း မရှိသေးဘဲနဲ့ ကမ္ဘာ့နိုင်ငံများအသီး သီးကို ဒေါ်လာဖြင့် ငွေကြေးလွှဲပြောင်း ပြုလုပ်ရာမှာ အခက်အခဲအတားအဆီးများ ကြုံတွေ့နေရခြင်းဖြစ်ပါတယ်။ အဲဒီဥပဒေအရ ၂၀၀၄ ခုနှစ်တုန်းက မြန်မာနိုင်ငံက ဘဏ်အချို့ကို ဥပဒေအရ အရေးယူခဲ့တာကိုလည်း တွေ့ရှိရပြီးဖြစ်ပါတယ်။ လက်ရှိအချိန်မှာ MFTB  ပေါ့နော်။ မြန်မာ့နိုင်ငံခြားကုန်သွယ်မှု ဘဏ်ကနေပြီးတော့ ငွေကြေးလွှဲပြောင်းမှုများကိုလည်း ကန့်သတ်ခံထားရဆဲဖြစ်ပါတယ်။ အခုန Money Laundry နဲ့ပတ်သက်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းပေးနိုင်မှသာ ကျွန်တော်တို့ ဒါနဲ့ပတ်သက်ပြီးတော့ ပြေလည်သွားမှာ ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီးဦးကျော်တင်က ပြောကြားသည်။

 

Most Read

Most Recent