မူတူး၏အယူခံကို လူ့အခွင့်အရေး တရားရုံးက ပယ်ချသဖြင့် ချယ်လ်ဆီးအသင်းအား ယူရို ၁၇ သန်း ပေးရမည်

မူတူး၏အယူခံကို လူ့အခွင့်အရေး တရားရုံးက ပယ်ချသဖြင့် ချယ်လ်ဆီးအသင်းအား ယူရို ၁၇ သန်း ပေးရမည်
Photo : YouTube
Photo : YouTube
Published 4 October 2018

ရိုမေးနီးယားလက်ရွေးစင် တိုက်စစ်မှူးဟောင်း အက်ဒရီယန်မူတူး၏ အယူခံတင်သွင်းမှုကို ဥရောပဆိုင်ရာ လူ့အခွင့်အရေး တရားရုံး (ECHR) က အောက်တိုဘာ ၂ ရက်တွင် ပယ်ချခဲ့သောကြောင့် အသင်းဟောင်း ချယ်လ်ဆီးအား ယူရို ၁၇ ဒသမ ၁၇ သန်း ပေးချေရမည်ဖြစ်ကြောင်း သိရသည်။

မူတူး (၃၉ နှစ်) သည် ၂၀၀၃ ခုနှစ် နွေရာသီတွင် စီးရီးအေကလပ် ပါးမားအသင်းမှ ချယ်လ်ဆီးအသင်းသို့ ယူရို ၂၂ ဒသမ ၅ သန်းဖြင့် ပြောင်းရွှေ့ကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခြင်း မရှိသည့်အပြင် ၂၀၀၄ ခုနှစ် စက်တင်ဘာတွင် ကိုကင်းသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိသဖြင့် ခုနစ်လပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည်။ ထို့ကြောင့် ချယ်လ်ဆီးအသင်းက အောက်တိုဘာမကုန်မီ ၎င်းအား အသင်းမှ ထုတ်ပယ်ခဲ့ ပြီး ၂၀၀၅ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ စာချုပ်စည်းကမ်း ဖောက်ဖျက်မှုဖြင့် နစ်နာကြေးရရှိရန် ဆောင်ရွက်ခဲ့သည်။ ချယ်လ်ဆီးအသင်း အနေဖြင့် ယင်းကိစ္စအတွက် အဆင့်ဆင့် ကြိုးပမ်းခဲ့ရပြီး ၂၀၀၈ ခုနှစ် မေတွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ အငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာ တရားသူကြီးက နစ်နာကြေး ယူရို ၁၇ ဒသမ ၁၇ သန်း ပြန်လည်ပေးအပ်ရန် ဆုံးဖြတ်ခဲ့သည်။ မူတူးသည် ယင်းပြစ်ဒဏ်အတွက် ဆွစ်ဇာလန်နိုင်ငံရှိ အားကစားဆိုင်ရာခုံရုံး (CAS) ထံ အယူခံတင်သွင်းရာ ပယ်ချခံရသဖြင့် ၂၀၀၉ ခုနှစ် အောက်တိုဘာတွင် ဆွစ်ဇာလန်အရပ်ဘက် တရားရုံးချုပ်သို့ ထပ်မံအယူခံဝင်ခဲ့သည်။ တရားရုံးချုပ် က ၂၀၁၀ ပြည့်နှစ် ဇွန်တွင် ပယ်ချခဲ့သောကြောင့် ECHR ထံ အယူခံ ထပ်မံတင်သွင်းရာ အောက်တိုဘာ ၂ ရက်တွင် ပယ်ချရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ FIFA သည် မူတူးအား ခေါ်ယူခဲ့သည့် ဂျူဗင်တပ်စ်နှင့် လီဗော်နိုအသင်းကိုလည်း ဒဏ်ကြေးမျှဝေ ပေးဆောင်ရန် ၂၀၁၃ ခုနှစ်အတွင်း ဆုံးဖြတ်ခဲ့ပြီး ယင်းကလပ်များက CAS ထံ အယူခံဝင်ရာ ၎င်းတစ်ဦးတည်းသာ ပေးဆောင်ရန် ဆုံးဖြတ်ထားကြောင်း သိရသည်။

မူတူးသည် ဒိုင်နမိုဘူခါရက်၊ အင်တာမီလန်၊ ဗီရိုနာ၊ ဖီအိုရင်တီးနား၊ စီဆီနာ၊ အေယက်စီယို၊ ပူနေး၊ တာဂူမူရက်စ် အသင်းများတွင်လည်း ကစားခဲ့ပြီး လက်ရွေးစင် အသင်းအတွက် ၇၇ ပွဲကစား ၃၅ ဂိုး သွင်းယူခဲ့သည်။

Most Read

Most Recent