မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ဥပဒေအရ နေထိုင်ခွင့်မရှိသောနေရာတွင် လာရောက်နေထိုင်သည့် ဘင်္ဂါလီ ၆၅၀၀ ခန့်အား အကြမ်းဖက်သမားများပါရှိခြင်း ရှိ မရှိ စာရင်းကောက်ယူစစ်ဆေးမည်

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ဥပဒေအရ နေထိုင်ခွင့်မရှိသောနေရာတွင် လာရောက်နေထိုင်သည့် ဘင်္ဂါလီ ၆၅၀၀ ခန့်အား အကြမ်းဖက်သမားများပါရှိခြင်း ရှိ မရှိ စာရင်းကောက်ယူစစ်ဆေးမည်
Published 22 February 2018

နေရပ်စွန့်ခွာဘင်္ဂါလီများ ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနှစ်နိုင်ငံ ခရိုင်အရာရှိအဆင့် ဆွေးနွေးပွဲသို့ လာရောက်ကြသူများက No Man Land ဧရိယာရှိ ဘင်္ဂါလီများအား ဖေဖော်ဝါရီ ၂၀ ရက်က သွားရောက်တွေ့ဆုံစဉ်

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ဥပဒေအရ နေထိုင်ခွင့်မရှိသော No Man Land ဧရိယာတွင် လာရောက်နေထိုင်သည့် ဘင်္ဂါလီ ၆၅၀၀ ခန့်အား အကြမ်းဖက်သမားများပါရှိခြင်း ရှိ မရှိ စာရင်းကောက်ယူ စစ်ဆေးမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၀ ရက်က မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်ဖွဲ့ပေါင်းပြီး No Man Land ဧရိယာရှိ ဘင်္ဂါလီများကို သွားရောက်တွေ့ဆုံခဲ့ကြောင်း၊ အတည်မပြုနိုင်သေးသော သတင်းများအရ ယင်းအဖွဲ့တွင် ARSA အကြမ်းဖက်အဖွဲ့မှ ခေါင်းဆောင်များအပါအဝင် အကြမ်းဖက်သမားများပါဝင်သည်ဟု သိရကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

“ကျွန်တော်တို့ဘက်က ကြေညာထားတဲ့ အကြမ်းဖက်လုပ်ရပ်တွေမှာပါတဲ့ လူ ၁၃၀၀ ကျော်ရှိတယ်။ ဒီ ၁၃၀၀ ကျော်ထဲမှာ ပါမပါ။ နောက် ARSA ရဲ့ တချို့ခေါင်းဆောင်ပိုင်းက သားသမီးတွေလည်းပါတယ်။ ဦးဆောင်တဲ့တစ်ယောက်က။ အဲဒီလိုသိရတယ်။ ဒါက ရဲဘက်ကသတင်းပေါ့။ အတည်တော့မပြုနိုင်သေးဘူး။ အဲဒါကို မနေ့က ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနှစ်ဖွဲ့ပေါင်းပြီး အဲဒီအဖွဲ့တွေကို သွားတွေ့တယ်။ ဒီအဖွဲ့တွေကို စာရင်းကောက်မယ်။ သူတို့ရဲ့ ဒေတာတွေရပြီဆိုရင် ဒီအထဲမှာ အကြမ်းဖက်သမား ပါ မပါ ပထမဆုံးစိစစ်မယ်” ဟု ၎င်းကဆိုသည်။

နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ဖေဖော်ဝါရီ ၂၁ ရက်ကပြုလုပ်သည့် မဏ္ဍိုင်ကြီးလေးရပ် အလုပ်ရုံဆွေးနွေးပွဲ ခေတ္တရပ်နားချိန်တွင် မီဒီယာများအား ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ခြံစည်းရိုးနှင့် Zero Line အကြား ၎င်းတို့နေထိုင်နေသည့် No Man Land ဧရိယာသည် နေထိုင်ခွင့်မရှိသည့်နေရာဖြစ်၍ မြန်မာဘက်မှ ဥပဒေအရရှင်းလင်းမှုများပြုလုပ်ပါက နိုင်ငံတကာဖိအားရရှိစေရန် ရည်ရွယ်၍ ထောက်ချောက်ဆင်သည့်အနေဖြင့် လာရောက်နေထိုင်ခြင်းဖြစ်ကြောင်း ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

“ဘာကိုရည်ရွယ်လဲဆိုတော့ ကျွန်တော်တို့သုံးသပ်တာကတော့ No Man Land မှာဝင်နေတယ်။ ရေရှည်နေနိုင်အောင် နောက်ကအဖွဲ့အစည်းတွေက စားနပ်ရိက္ခာဆေးဝါးစသည်ဖြင့် ထောက်ပံ့ကူညီမှုတွေပေးနေတယ်။ အဓိကရည်ရွယ်ချက်က No Man Land မှာနေတဲ့အတွက် ကျွန်တော်တို့က လုံခြုံရေးအတွက် ဥပဒေနဲ့အညီ ရှင်းရလင်းရမယ်။ ဒီ ၆၅၀၀ ကျော်က မြန်မာနိုင်ငံဘက်က လုံခြုံရေးအရ ဒီဘက်က ဆောင်ရွက်သင့်တာကို ဆောင်ရွက်တယ်ဆိုရင် ဒီဆောင်ရွက်ချက်ကို အကြောင်းပြုပြီး နိုင်ငံတကာဖိအားတွေ ထပ်တိုးလာအောင် ထောင်ချောက်ဆင်ထားတာ။ အထူးသဖြင့် မြန်မာနိုင်ငံဘက်က မစ,စအောင် သူတို့က အဲဒီနားမှာနေတယ်။ တောင်းဆိုချက်တွေထုတ်တယ်။ ဘင်္ဂလားဒေ့ရှ်ကဘက်လာတဲ့ မီဒီယာတွေကို သတင်းအမှားတွေ မဟုတ်မမှန်တာတွေ ပြောတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါဘင်္ဂါလီများမှာ ကမ္ဘာအဝန်းသို့ ရောက်ရှိနေသော ဘင်္ဂါလီအားလုံးကို မြန်မာနိုင်ငံက ခြွင်းချက်မရှိပြန်လည်လက်ခံပြီး နိုင်ငံသားပေးရန်အချက်များအပါအဝင် မဖြစ်နိုင်သောတောင်းဆိုမှုများကို ပြုလုပ်ထားကြောင်းလည်း ၎င်းက ပြောကြားသည်။

No Man Land ဧရိယာမှ ဘင်္ဂါလီများ ပြန်လည်ထွက်ခွာစေရေးအတွက် မြန်မာဘက်မှ အတင်းအကျပ်ဆောင်ရွက်ပါက နိုင်ငံတကာမှ ဖိအားပေးမှုများ ရှိလာနိုင်သည့်အတွက် ယင်းသို့ပြုလုပ်မည်မဟုတ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းအပါအဝင် အခြားနည်းလမ်းများဖြင့် ဖြေရှင်းနိုင်ရန် အစိုးရတာဝန်ရှိသူများမှ ဆွေးနွေးအဖြေရှာနေကြောင်းလည်း ဦးဇော်ဌေးက ပြောကြားသည်။

ယင်းတို့အနေဖြင့် မိမိသဘောဆန္ဒဖြင့် ပြန်လာလိုသည်ဆိုပါက မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား သဘောတူညီချက်များအရ စိစစ်လက်ခံမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent