ဘင်္ဂလားဒေ့ရှ်ဘက်မှ မြန်မာဘက်သို့ ပြန်လည်လာရောက်လိုသူများစာရင်း ပေးပို့ထားပြီး တိုက်ဆိုင်စစ်ဆေးကာ လက်ခံမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

ဘင်္ဂလားဒေ့ရှ်ဘက်မှ မြန်မာဘက်သို့ ပြန်လည်လာရောက်လိုသူများစာရင်း ပေးပို့ထားပြီး တိုက်ဆိုင်စစ်ဆေးကာ လက်ခံမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 20 February 2018

ဘင်္ဂလားဒေ့ရှ်ဘက်မှ မြန်မာဘက်သို့  ပြန်လည် လာရောက်လိုသူများစာရင်း ပေးပို့ထားပြီး မြန်မာဘက်မှ တိုက်ဆိုင်စစ်ဆေးမှု ပြုလုပ်ကာ လက်ခံမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတွင် ဖေဖော်ဝါရီ ၁၉ ရက်က ပြုလုပ်သော မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေး အမျိုးသားအဆင့် ကော်မတီ အစည်းအဝေး အပြီးတွင် မီဒီယာများအား ပြောကြားခဲ့ခြင်း  ဖြစ်သည်။

“စာရင်းတွေ ပြည်ထဲရေး ဝန်ကြီးဌာနကို ရောက်နေပြီ။ ပြီးတော့မှ အလုပ်သမား ဝန်ကြီးဌာနကိုပေးမယ်။ ဝန်ကြီးဌာနမှာ အရင်တုန်းကရှိတဲ့ စာရင်းတွေ ကွန်ပျူတာထဲမှာ ရှိပါတယ်။  ဓာတ်ပုံတွေလည်း ရှိပါတယ်။ သူတို့ပေးတဲ့စာရင်းတွေကို ကြည့်ပြီးတော့ တိုက်ဆိုင်စစ်ဆေးပါမယ်။ နံပါတ် (၁) မြို့နယ်စစ်ပါတယ်။ ပြီးရင်   ရွာစစ်ပါမယ်။ တကယ်လို့ သူတို့ပေးတဲ့ စာရင်းထဲမှာ ဓာတ်ပုံပါရင် ဒီမှာရှိတဲ့ ဓာတ်ပုံနဲ့ ဆော့ဖ်ဝဲ ထည့်ထားတဲ့အတွက် တိုက်ဆိုင်ပြီး စစ်လိုက်ရင် ဒီပုဂ္ဂိုလ်သည့် ဒီမှာယခင်နေတဲ့သူလား ဆိုတာကို တိတိကျကျ သိရှိမှာ ဖြစ်ပါတယ်” ဟု  ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

စစ်ဆေးခြင်းမှာ တစ်ပတ်ခန့်အထိ ကြာမြင့်နိုင်ကြောင်း၊ စစ်ဆေးပြီးနောက် အတည်ပြုထားသည့် စာရင်းအား ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပြန်လည်ပေးပို့မည် ဖြစ်ကြောင်း သိရသည်။

“အတည်ပြုပြီး လက်ခံမယ်။ မြန်မာနိုင်ငံမှာ နေသွားတဲ့သူ အတည်ပြုတယ် ဆိုတာ ဟိုဘက်ကို ပြန်စာရင်း ပို့လိုက်မယ်။ ပြီးရင် သူတို့ဘက်က ဘယ်နေ့ပို့နိုင်မလဲဆိုတာ စာရင်းပြန်ပို့မယ်။ ကိုယ်တို့ဘက်က ပို့နိုင်မယ့်ရက်မှာ သတ်မှတ်အရေအတွက်အတိုင်း ပို့တဲ့စာရင်းနဲ့ လာတဲ့သူ ဟုတ်လား မဟုတ်လား စိစစ်ပြီးတော့ လက်ခံသွားဖို့ပဲ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

နေရပ်စွန့်ခွာ ဘင်္ဂါလီများ ပြန်လည်လက်ခံရေးနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနှစ်နိုင်ငံအဖွဲ့များ ဖေဖော်ဝါရီ ၂၀ ရက်တွင်  တောင်ပြိုလက်ဝဲမြို့တွင် ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း၊ နေရပ်စွန့်ခွာ သူများနှင့် ပြန်လည်လက်ခံရေးအတွက် မကြာခင်ကာလအတွင်း နောက်တစ်ဆင့်ကို တက်ရောက်နိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

 

Most Read

Most Recent