စိုက်ပျိုးမြေဧရိယာ ဧက ၁၉၀၀ ရှာဖွေဖော်ထုတ်ရေး ကော်မတီအနေဖြင့် မြေယာသိမ်းဆည်းခံ လက်ပံတောင်းတောင်ဒေသခံများအတွက်ကွင်းဆင်းဆောင်ရွက်မှုမရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်အမတ်ပြောကြား

စိုက်ပျိုးမြေဧရိယာ ဧက ၁၉၀၀ ရှာဖွေဖော်ထုတ်ရေး ကော်မတီအနေဖြင့် မြေယာသိမ်းဆည်းခံ လက်ပံတောင်းတောင်ဒေသခံများအတွက်ကွင်းဆင်းဆောင်ရွက်မှုမရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်အမတ်ပြောကြား
Published 20 February 2018

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်ရှိ စိုက်ပျိုးမြေဧရိယာ ဧက ၁၉၀၀ ရှာဖွေဖော်ထုတ်ရေး ကော်မတီအနေဖြင့် မြေယာသိမ်းဆည်းခံ လက်ပံတောင်းတောင် ဒေသခံများအတွက် ကွင်းဆင်းဆောင်ရွက်မှုမရှိကြောင်း ဆားလင်းကြီး မြို့နယ်မဲဆန္ဒနယ်မြေအမှတ် (၂) တိုင်းဒေသကြီးလွှတ်တော် ဦးစောမောင်က The Daily Eleven သတင်းစာသို့  ပြောကြားသည်။

ဆာလင်းကြီးမြို့နယ်တွင် မြေလွတ်မြေရိုင်း မရှိကြောင်း၊ ယင်းမာပင်ခရိုင် ကနီမြို့နယ်တွင် မြေလွတ်မြေရိုင်းရှိနေသော်လည်း မြေယာသိမ်းဆည်းခံ လက်ပံတောင်းတောင်ဒေသခံများက ကနီမြို့နယ်အထိ ဘယ်သူတစ်ဦးတစ်ယောက်မျှ သွား၍ မလုပ်ကိုင်ကြကြောင်း၊ ဒေသခံများက ကနီမြို့နယ်တွင် သွားရောက် လုပ်ဆောင်မည်ဟု တောင်းဆိုလာပါက စိုက်ပျိုးမြေဧရိယာဧက ၁၉၀၀ ရှာဖွေဖော်ထုတ်ရေး ကော်မတီအနေဖြင့်ဆောင်ရွက်ပေးရန်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဘယ်အဆင့်မှ မရောက်သေးပါဘူး။ ကျွန်တော်တို့မြို့နယ်ထဲမှာက ဧက ၁၉၀၀ မရှိဘူးဗျ။ အဲဒီတော့ ကျွန်တော်တို့က ဘာလုပ်လို့ လုပ်ရမှန်း မသိဘူး။ ကျွန်တော်ကတော့ တိတိကျကျ မသိဘူးဗျာ့။ အနီးစပ်ဆုံးကတော့ ကျွန်တော်တို့ ယင်းမာပင်ခရိုင် ကနီမြို့နယ် မှာတော့ မြေလွတ်မြေရိုင်းတွေရှိတယ်။ ဒါလည်း ဘယ်သူကမှ အဲဒီအထိသွားပြီး မလုပ်ကြပါဘူး။ ဒေသခံတွေက အဲဒီမြို့နယ်မှာသွားပြီး လုပ်မယ်လို့တောင်းဆိုလာရင်တော့ ကျွန်တော်တို့အနေနဲ့က ဆောင်ရွက်ပေးဖို့ရှိပါတယ်။ အဲဒါနဲ့မဖြစ်နိုင်ပါဘူး။ သူတို့က အဲဒီလို အဝေးကြီးလည်းသွားပြီး မလုပ်ချင်ကြဘူး။ ကြေးနီစီမံကိန်းအနီးတစ်ဝိုက်ကို စိုက်ပျိုးမြေဧရိယာ ဧက ၁၉၀၀ နဲ့ပတ်သက်ပြီး ကျွန်တော်တို့ကော်မတီက ကွင်းဆင်းတာ၊ လေ့လာတာ၊ တိုင်းတာတာမျိုး မရှိဘူး”ဟု ဆားလင်းကြီးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းလွှတ်တော် ဦးစောမောင်က ပြောကြားသည်။

ဆားလင်းကြီးမြို့နယ်တွင် မြေလွတ်မြေရိုင်း မရှိသည့်အတွက် ၎င်းတို့ကော်မတီအနေဖြင့် ဘာမှတိုင်းစရာမရှိကြောင်း၊ ထို့အပြင်မြေကြီးမြေပုံများတွင်လည်း အလွတ်မြေနေရာမရှိကြောင်း၊ အစီရင်ခံစာတွင် ဧက ၁၉၀၀ ဖော် ထုတ်ပေးရန်ရေးထားကြောင်း၊ ထိုအချက် သည် မည်သည့်နေရာမှာ ဖော်ထုတ်ပေးရန် မပါရှိကြောင်း ဦးစောမောင်က ပြောကြားသည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာ၂၇ ရက်က လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာတွင်ပါရှိသည့် အစားထိုးမြေဧက ၁၉၀၀ အား ဆားလင်းကြီးမြို့နယ် အပါအဝင် ၎င်းမြို့ နယ်နှင့် အနီးစပ်ဆုံးမြို့နယ်များတွင် ရှာဖွေ    ဖော်ထုတ်ပေးနိုင်ရေးအတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော စုံစမ်းစစ်ဆေးရေးအစီရင်ခံစာတွင် ၂၀၀၁ ခုနှစ် လန ၃၉ အရ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှဒေသခံများ ပိုင်ဆိုင်သည့်လယ်ယာ မြေဧက ၇၈၆၇ ဒသမ ၇၈ ဧကအား ကြေးနီထုတ်လုပ်ရန်အတွက် ရယူခဲ့ကြောင်း၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအတွက် သိမ်းဆည်းခံရသည့် မြေယာများအနက် အချို့မှာ မြေယာလျော်ကြေး ထုတ်ယူခြင်းမရှိသည့် တောင်သူအများအပြား ကျန်ရှိနေသေးသည်။

လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံအချို့နှင့် ပြေလည်မှုမရသေးဘဲ လက်ရှိအချိန်ထိ ကန့်ကွက်ဆန္ဒပြမှုများကို ကြုံတွေ့ရလျက်ရှိသည်။

Most Read

Most Recent