အစိုးရ၊ တပ်မတော်၊ လွှတ်တော်နှင့် NCA ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များအစည်းအဝေး ယခုလလယ်တွင်ပြုလုပ်ရန် အစိုးရဘက်က အဆိုပြု

အစိုးရ၊ တပ်မတော်၊ လွှတ်တော်နှင့် NCA ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များအစည်းအဝေး ယခုလလယ်တွင်ပြုလုပ်ရန် အစိုးရဘက်က အဆိုပြု
အောက်တိုဘာ ၁ ရက်က အစိုးရနှင့် NCA-SEAO ခေါင်းဆောင်များ အလွတ်သဘော သီးသန့်တွေ့ဆုံပွဲ ကျင်းပနိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေး ပြုလုပ်စဉ်
အောက်တိုဘာ ၁ ရက်က အစိုးရနှင့် NCA-SEAO ခေါင်းဆောင်များ အလွတ်သဘော သီးသန့်တွေ့ဆုံပွဲ ကျင်းပနိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေး ပြုလုပ်စဉ်
Published 4 October 2018

အစိုးရ၊ တပ်မတော်၊ လွှတ်တော်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးအား အောက်တိုဘာ ၁၅ ရက်တွင်ပြုလုပ်ရန် အစိုးရကိုယ်စားလှယ်ဘက်က အဆိုပြုထားကြောင်း သတင်းရရှိသည်။

“အဓိကကတော့ သူတို့ အောက်တိုဘာ ၁၅ ရက်ကို အဆိုပြုထားတယ်။ အဲဒီနေ့ဟာ NCA  နှစ်ပတ်လည်နေ့လည်းဖြစ်တယ်။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ တာဝန်ရှိတဲ့သူတွေ တွေ့ဆုံဆွေးနွေးပြီးတော့ ဆောင်ရွက်သွားမယ်” ဟု ABSDF ဒုတိယဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက ပြောကြားသည်။

ယင်း ထိပ်သီးအစည်းအဝေးသည်နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် လိုအပ်လာသည့်အတွက် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပြီး နောက်ထပ် ဆက်လက်တွေ့ဆုံခြင်း ရှိ မရှိကို မူ အတိအကျပြော၍မရသေးကြောင်း ၎င်းက ဆိုသည်။

“နိုင်ငံရေး လိုအပ်ချက်အရတော့ ဆွေးနွေးမှုက ဆက်ပြီးတော့ရှိသွားရင် ရှိသွားမှာပေါ့ ” ဟု ရဲဘော်မျိုးဝင်းက ပြောကြားသည်။

အစိုးရဘက်က အဆိုပြုထားသည့်ရက်နှင့် ပတ်သက်၍ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ထံ ဆက်လက်တင်ပြသွားမည်ဖြစ်ပြီး ထိပ်သီးအစည်းအဝေးဖြစ်မြောက်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကာ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည့် ပုဂ္ဂိုလ်များ စာရင်းနှင့်ပတ်သက်၍လည်း ဆက်လက် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရဲဘော်မျိုးဝင်းက ဆက်လက်ပြောကြားသည်။

အစိုးရ၊ တပ်မတော်၊ လွှတ်တော်နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များအစည်းအဝေး ဖြစ်မြောက်ရေးအတွက် အကြိုညှိနှိုင်းအစည်း အဝေးအား ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် အောက်တိုဘာ ၁ ရက်နှင့် ၂ ရက်တို့တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အကြိုညှိနှိုင်းအစည်းအဝေးသို့ အစိုးရကိုယ်စားလှယ်အဖြစ် ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိ ယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)၊ ဗိုလ်ချုပ် စိုးနိုင်ဦး၊ ဗိုလ်မှူးချုပ် စိန်ထွန်းလှ၊ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုး၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ခဲ့ကြသည်။

NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်အဖြစ် KNU ဒုတိယ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ ချင်းအမျိုးသားတပ်ဦး (CNF) ဒုဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း၊ KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမူး၊ ရခိုင်ပြည် လွတ်မြောက်ရေးအဖွဲ့ (ALP) ဗဟိုကော်မတီဝင် ဒေါ်စောမြရာဇာလင်း၊ ABSDF ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်း၊ CNF ဗဟိုကော်မတီဝင် ဆလိုင်းထလာဟေးနှင့် NMSP ဗဟို ကော်မတီဝင် နိုင်အောင်မငေးတို့ တက်ရောက်ခဲ့သည်။

 

Most Read

Most Recent