ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲသည့်အခါ ပါဝင်သင့်သော အချက်များနှင့် ပတ်သက်၍ UNA အဖွဲ့ဝင် နိုင်ငံရေးပါတီခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး

ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲသည့်အခါ ပါဝင်သင့်သော အချက်များနှင့် ပတ်သက်၍ UNA အဖွဲ့ဝင် နိုင်ငံရေးပါတီခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး
ရန်ကုန်မြို့ရှိ Royal Golden 9 Mile Hotel တွင် UNA ၏ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာအခြေခံမူများ (ပထမမူကြမ်း) ဆွေးနွေးပွဲအား ကျင်းပစဉ်
ရန်ကုန်မြို့ရှိ Royal Golden 9 Mile Hotel တွင် UNA ၏ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာအခြေခံမူများ (ပထမမူကြမ်း) ဆွေးနွေးပွဲအား ကျင်းပစဉ်
Published 4 October 2018

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်မည်ဆိုပါက ဖက်ဒရယ်ပုံစံ အသွင်ကူးပြောင်းနိုင်ရေး၊ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲသည့်အခါ ဖြစ်သင့်ဖြစ်ထိုက်၊ ပါဝင်သင့် ပါဝင်ထိုက်သော အချက်များနှင့်ပတ်သက်၍ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) အဖွဲ့ဝင် နိုင်ငံရေးပါတီခေါင်းဆောင်များက ရန်ကုန်မြို့တွင် သုံးရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့ရှိ  Royal Golden 9 Mile Hotel တွင် UNA ၏ Principles of Federal Union First Draft ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံမူများ (ပထမမူကြမ်း) အား အောက်တိုဘာ ၁ ရက်မှ ၃ ရက်အထိ UNA အဖွဲ့ဝင် နိုင်ငံရေးပါတီ ခေါင်းဆောင် ၃၇ ဦး တက်ရောက်ဆွေးနွေးခဲ့ ခြင်းဖြစ်သည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့ တကယ်လို့ ပြုမယ် ပြင်မယ်ဆိုလို့ရှိရင် ဘယ်အပိုင်းပေါ့လေ။ ဖက်ဒရယ်ပုံစံကို အသွင်ကူးပြောင်းတဲ့အချိန်မှာတော့ဖြင့် ဖက်ဒရယ်ရဲ့ အခြေခံမူတွေပေါ့ဗျာ။ ဖက်ဒရယ်ရဲ့ အခြေခံမူတွေကတော့ ဘယ်လိုဖြစ်သင့်တယ် ဆိုတဲ့ကိစ္စကို ကျွန်တော်တို့ UNA ကနေ ဘယ်လိုအခြေခံမူတွေနဲ့ ဖြစ်စေချင်တယ်ပေါ့။ ဒါမှမဟုတ်ရင် ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲတဲ့အခါ ဘယ်အချက် ဘယ်အ ချက်ကတော့ ဘယ်လိုဖြစ်သင့်တယ်ဆိုတဲ့ ကိစ္စကို ကျွန်တော်တို့ UNA ထဲမှာ ဆွေးနွေးခြင်းဖြစ်ပါတယ်။ ဖက်ဒရယ်ဆိုင်ရာအခြေခံမူကို ဆွေးနွေးတယ်ဆိုလည်း မမှားပါဘူး” ဟု အဆိုပါ ဆွေးနွေးပွဲတွင် ပါဝင်တက်ရောက် ဆွေးနွေးခဲ့သူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ၏ အထွေထွေ အတွင်းရေးမှူး (၂) ဦးစိုင်းကျော်ညွန့်က ပြောကြားသည်။

UNA အနေဖြင့် ဖက်ဒရယ်မူအပြင် အခြားသော မြန်မာနိုင်ငံအတွက် အရေးကြီးသည့်အပြင် ဆွေးနွေးရန်လည်း လိုအပ်သော ကိစ္စရပ်များကို ဆွေးနွေးပြီး အခြေခံမူများ၊ မူဝါဒများအား ဆက်လက်ရေးဆွဲသွားရန် အစီအစဉ်ရှိကြောင်းလည်း သိရသည်။

ထို့ပြင် ပြည်နယ်အများစုတွင် UNA အဖွဲ့ဝင် နိုင်ငံရေးပါတီများ ရှိနေသည့်အတွက် သက်ဆိုင်ရာ ပြည်နယ်များသို့ သွားရောက်၍ ဖက်ဒရယ်ဆိုင်ရာအခြေခံမူများ၊ဖက်ဒရယ်နှင့်ပတ်သက်၍ UNA သဘော ထားများကို ရှင်းလင်းတင်ပြ ဆွေးနွေးခြင်းများလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်လည်း UNA အဖွဲ့ဝင် နိုင်ငံရေးပါတီများ ရှိနေပြီး အဆိုပါ ပါတီများကလည်း ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများနှင့်ပတ်သက်၍ UNA ၏ သဘောထားများကို ငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့ သယ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ဦးစိုင်းကျော်ညွန့်က ပြောကြားသည်။

“အခု ဘက်ပေါင်းစုံပေ့ါဗျာ။ ငြိမ်းချမ်းရေးကိစ္စတွေဆိုရင်လည်း ဒီ UNA ထဲမှာ ပါ ဝင်နေတဲ့ပါတီတွေ ရှိတာကိုး။ သက်ဆိုင်ရာ ပါတီတွေကလည်း ဒီ UNA ရဲ့ သဘောထားကိုလည်း သယ်ဆောင်သွားမှာတွေလည်း ရှိသလို ပြည်နယ်တွေမှာ UNA က ဘယ်လို ရပ်တည်နေတယ်။ UNA ရဲ့ ဖက်ဒရယ်ပုံစံက ဘယ်လိုမျိုးရှိတယ်။ ဘယ်လိုသွားချင်တဲ့ပုံစံမျိုး ရှိတယ်ဆိုတာကလည်း သက်ဆိုင်ရာ ပြည်နယ်တွေမှာရှိတဲ့ တိုင်းရင်းသားတွေရောပေါ့လေ။ သက်ဆိုင်ရာပြည်နယ်တွေမှာရှိတဲ့ အဖွဲ့ဝင် ပါတီတွေကနေတစ်ဆင့် ဘယ်လိုစည်းရုံး လှုံ့ဆော်သွားမယ် ဘယ်လိုဆွေးနွေးတင်ပြသွားမယ်ဆိုတဲ့ အစီအစဉ်တွေလည်း လုပ်ဖို့ ရှိပါတယ်” ဟု ၎င်းက ပြောကြားသည်။

စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများမဟာမိတ် (UNA) ကို   ရှမ်းတိုင်းရင်းသားများ  ဒီ်မိုကရေစီအဖွဲ့ချုပ် (SNLD) ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ၊ မွန်အမျိုးသားပါတီ(MNP) ၊  ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ် (ZCD) ၊ ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ၊ ကယန်းအမျိုးသားပါတီ  (KNP) ၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ (SSKDP) ၊ ကရင်အမျိုးသားပါတီ (KNP) ၊ ရခိုင်မျိုးချစ်ပါတီ (APP)၊ မြိုအမျိုးသားဒီမိုကရေစီပါတီ (MNDP) ၊ ဓနုတိုင်းရင်းသားလူမျိုးများ  ဒီမိုကရေစီပါတီ (DNDP) ၊ ခူမီး (ခမီး) အမျိုးသားပါတီ (KNP) ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ် (CLDP) ၊ ချင်းတိုးတက်ရေးပါတီ (CPP) နှင့် ရှမ်းနီ (တိုင်းလိုင်) နှင့် မြောက်ပိုင်းရှမ်းမျိုး နွယ်စုများ သွေးစည်းညီညွတ်ရေးပါတီ (SNSP) တို့ဖြင့် ဖွဲ့စည်းထားသည်။

Most Read

Most Recent