၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွက် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနများက ကျပ်ဘီလျံ ၁၂၀၀ ကျော် တင်ပြတောင်းခံ

၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွက် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနများက ကျပ်ဘီလျံ ၁၂၀၀ ကျော် တင်ပြတောင်းခံ
Published 18 January 2018

၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွက် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနများ က ကျပ်ဘီလျံ ၁၂၀၀ ကျော် တင်ပြတောင်းခံခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၁၇ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျပ် ၈၀၇ ဒသမ ၁၄၆၅၅၂ ဘီလျံ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ကျပ်ဘီလျံ ၄၁၀ ကျော်အား ပြည်ထောင်စုဝန်ကြီးများက ပြည်ထောင်စုလွှတ်တော်တွင် တင်ပြတောင်းခံခဲ့ခြင်း ဖြစ်သည်။

ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှစ်ခုပေါင်း တောင်းခံမှုသည် ကျပ် ၁၂၁၇ ဒသမ ၁၄၆၅၅၂ ဘီလျံ ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာန၏ တောင်းခံမှုသည် ကျပ် ၁၃၃၄ ဒသမ ၁၉၄ ဘီလျံရှိကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေရေး၊ မူလတန်းပညာ သင်ယူသူအားလုံး သင်ယူပြီးမြောက်၍ အလယ်တန်း၊ အထက်တန်းအဆင့် ပညာဆက်လက် သင်ယူနိုင်ရေး၊ ဝါသနာနှင့် ဆန္ဒအရ နည်းပညာနှင့် သက်မွေးပညာရေး နှင့် လေ့ကျင့်ရေးကဏ္ဍနှင့် အဆင့်မြင့်ပညာတက္ကသိုလ်များတွင် ပညာဆက်လက် သင်ယူနိုင်ရေး၊ ဘဝတစ်သက်တာ ပညာရေးများကို ဆက်လက်ပညာသင်ယူနိုင်ရေးတို့အတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။

“ကျေးလက်နှင့် ဝေးလံဒေသများတွင် အခြေခံပညာကျောင်းများ အဆင့်တိုးမြှင့် ဖွင့်လှစ်နိုင်ရေးနှင့် တက္ကသိုလ်ပညာများ ဆက်လက် ပညာသင်ယူနိုင်ရေး၊ လိုအပ်သော ဆရာ၊ ဆရာမများ ခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခန့်ထားခြင်း၊ ကျောင်းဆောင်များ တည်ဆောက်ခြင်း၊ စာသင်ခန်းများအား ပြင်ဆင်ခြင်း၊ သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းပေးခြင်း၊ သင်ရိုးညွှန်းတမ်း မြှင့်တင်ခြင်းနှင့် ကျောင်းသုံးစာအုပ်များ ဖြန့်ဝေပေးခြင်း၊ သင်တန်းများ ပို့ချခြင်း၊ ဝန်ထမ်းအိမ်ရာများ ဖြည့်ဆည်းပေးခြင်းများ ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ပညာရေးဝန်ကြီးဌာနအနေဖြင့် သင်ယူမှု အခွင့်အလမ်းများ မြင့်မားရေးနှင့် အရည်အသွေးပြည့်ဝသော ပညာရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတွင် စုစုပေါင်းအသုံးစရိတ် ကျပ် ၈၀၇ ဒသမ ၁၄၆၅၅၂ ဘီလျံကို ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ ထိရောက်ပွင့်လင်းမြင်သာစွာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက လွှတ်တော်သို့တင်ပြသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် သာမန်အသုံးစရိတ် ကျပ် ၆၆၇၈၆၅ ဒသမ ၉၄၇ သန်း၊ ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် ၁၃၉၂၈၀ ဒသမ ၆၀၅ သန်း စုစုပေါင်း ကျပ် ၈၀၇၁၄၆ ဒသမ ၅၅၂ သန်း တောင်းခံခဲ့ပြီး သာမန်အသုံးစရိတ်တွင် လစာ၊ ခရီးစရိတ်၊ ပစ္စည်းများဝယ်ယူခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းစရိတ်၊ ပညာရေးနှင့် လူမှုဖူလုံရေးစရိတ်များ၊ ဧည့်ခံကျွေးမွေးစရိတ်၊ အတိုးပေးငွေ၊ ထောက်ပံ့ငွေ အသုံးစရိတ်များတွင် အသုံးပြုမည်ဖြစ်ကြောင်း၊ ငွေလုံးငွေရင်း အသုံးစရိတ်တောင်းခံမှုတွင် တည်ဆောက်ရေးလုပ်ငန်း၊ ဆောင်ရွက်ဆဲလုပ်ငန်း၊ စက်ပစ္စည်း၊ သင်ကြားရေးသုံး စာအုပ်စာတမ်းများ၊ မြေယာလျော်ကြေးများ ပေးချေရန်အတွက် အသုံးပြုမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် မိခင်နှင့် ကလေးကျန်းမာရေး လုပ်ငန်းများ၊ အခြေခံကျန်းမာရေး လုပ်ငန်းများ၊ ပတ်ဝန်းကျင်နှင့် ကျောင်းကျန်းမာရေး လုပ်ငန်းများနှင့် ပြည်သူ့ကျန်းမာရေး လုပ်ငန်းများနှင့် သဘာဝဘေး အန္တရာယ်များအတွက် သုံးစွဲသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

“အရည်အသွေးပြည့်မီသော ဝန်ထမ်းများ ပေါ်ထွန်းလာစေရန်အတွက် ပြည်တွင်းပြည်ပ သင်တန်းများ စေလွှတ်ရန် လျာထားကြောင်းနှင့် လုပ်ငန်းများ ပိုမိုမြန်ဆန်ရန်အတွက် e-government နှင့် data management system နှင့် လုပ်ငန်းများ ပြန်လည်ဆန်းစစ်ခြင်း လုပ်ငန်းများတွင်လည်း အသုံးပြုရန် လျာထားပါတယ်။ ပြည်သူများ စိတ်ချရတဲ့ အစားအသောက်နဲ့ ဆေးဝါးများရရှိဖို့ ကိစ္စရပ်များမှာ ကျွန်တော်တို့ ပိုက်ဆံအများကြီး သုံးပါမယ်။ နောက် တစ်ပြည်လုံး ကျန်းမာကြံ့ခိုင်တဲ့သူများဖြစ်အောင် တိုင်းနဲ့ပြည်နယ်များမှာရှိတဲ့ အားကစားကွင်းများ ပြင်ဆင်ခြင်း၊ အားကစားပစ္စည်းများ ထောက်ပံ့ခြင်းတွေကို အများကြီးပေးမှာ ဖြစ်ပါတယ်”ဟု ဒေါက်တာ မြင့်ထွေးက ပြောကြားသည်။

ကျေးလက်ကျန်းမာရေးဌာနများရှိ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်း လုပ်ငန်းများ၊ ဆောက်လက်စ ဆေးရုံများကို အပြီးသတ် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ အသုံးချ သုတေသနလုပ်ငန်းများကို လုပ်ဆောင်မည့်အပြင် ကူးစက်ရောဂါနှင့် မကူးစက်ရောဂါ နှိမ်နင်းရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

Most Read

Most Recent