မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းသို့ ဆန်တင်ပို့မှု လုံးဝမရှိသည့်အတွက် နယ်ပေါင်းစုံမှဆန်များ ရန်ကုန်စျေးကွက် တစ်ခုတည်းကိုသာ တင်ပို့နေရ

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းသို့ ဆန်တင်ပို့မှု လုံးဝမရှိသည့်အတွက် နယ်ပေါင်းစုံမှဆန်များ ရန်ကုန်စျေးကွက် တစ်ခုတည်းကိုသာ တင်ပို့နေရ
ဘုရင့်နောင် ကုန်စည်ဒိုင်အတွင်းရှိ ဆန်ပွဲရုံများကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
ဘုရင့်နောင် ကုန်စည်ဒိုင်အတွင်းရှိ ဆန်ပွဲရုံများကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 28 October 2018
ဇေယျာငြိမ်း

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး စခန်းသို့ ဆန်တင်ပို့မှု လုံးဝမရှိသည့်အတွက် နယ်ပေါင်းစုံက ဆန်များ ရန်ကုန်စျေးကွက် တစ်ခုထဲကိုသာ တင်ပို့နေရကြောင်း ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်မှ သိရသည်။

“မူဆယ်ဘက်ကို လုံးဝမသွားတော့ နယ်အစုံကလာတဲ့ဆန်က ရန်ကုန်ကို စုပြုံပြီးဝင်လာတာ။ ဆန်တွေကလည်း သိမ်းလို့ကောင်းတဲ့ ဆန်တွေမဟုတ်ဘူး။ အမျိုးအစားက လည်း ၂၅ မှတ်ပဲရတာ။ ဆန်ကလည်းညံ့တယ်၊ အစိုဓာတ်လည်း ရှိတယ်ဆိုတော့ စျေးကွက်မှာ အနိမ့်စျေးတွေနဲ့ ရောင်းရတာပေါ့နော်” ဟု ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ပြောကြားသည်။

ပြီးခဲ့သည့် အောက်တိုဘာလလယ်မှ စတင်ကာ မူဆယ်ဘက်သို့ တင်ပို့မည့်ဆန်များ အစိုဓာတ်များခြင်းနှင့် တရုတ်နိုင်ငံဘက်တွင် အဖမ်းအဆီး အနည်းငယ် ရှိနေခြင်းတို့ကြောင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းသို့  ဆန်တင်ပို့မှုသည် တစ်ရက်လျှင် ကားနှစ်စီးခန့်သာ ဆန်တင်ပို့မှုရှိနေကြောင်း သိရသည်။

“မူဆယ်ဘက်ကတော့ အခုတော့ ဆန်ကောင်းတာ လှတာလေးတွေလောက်ပဲ သွားတယ်။ ဒီတစ်ရက် နှစ်ရက်မှာ ဟိုဘက်က ပြန်ဖမ်းတယ်လို့ အသံကြားတယ်။ မူဆယ်ဘက်သွားတဲ့ ဆန်တွေက နည်းနည်းစိုနေသေးတော့ ဆန်ကောင်းအတိုင်း သွားလို့မဖြစ်ဘူး။ ဘာလို့လဲဆိုတော့ အစိုဓာတ်ရှိရင် ဟိုဘက်ရောက်ရင် ပျက်စီးတယ်။ တချို့လည်း စမ်းပြီးတင်ကြတယ်။ အများကြီးတော့ မသွားသေးဘူး။ နည်းနည်းပဲ သွားသေးတယ်။ စက်ပိုင်ကုန်သည် တစ်ယောက် နှစ်ယောက်ပဲ တစ်စီးနှစ်စီးပေါ့။ စမ်းပို့တာလောက်ပဲ ရှိတယ်” ဟု ဦသန်းဦးက ပြောကြားသည်။

ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်သို့ တစ်ရက်ကို ဆန်အိတ်အရေအတွက် ငါးသောင်းဝန်းကျင် ပုံမှန်ဝင်ရောက်မှု ရှိသော်လည်း ပြီးခဲ့သည့် အောက်တိုဘာ လဆန်းပိုင်းက  ပြည်တွင်းဆန်စျေးနှုန်း ပြန်လည်ကျဆင်းအောင် ဆောင်ရွက်နေသည့်အတွက် ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်သို့ ဆန်ဝင်ရောက်မှုသည် ယခင်ထက် ရာခိုင်နှုန်း ၄၀ အထိ လျော့ကျခဲ့ကြောင်း ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်မှ သိရသည်။

လက်ရှိတွင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းသို့ တင်ပို့မှုမရှိသဖြင့် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆန်ဝင်ရောက်မှု ပုံမှန်ပြန်ဖြစ်လာကြောင်း သိရသည်။

ဇန်နဝါရီလအတွင်းက ၂၅ မှတ်ဆန် ဧည့်မထ တစ်အိတ်လျှင် ကျပ် ၁၉၀၀၀ ရှိခဲ့ပြီး မေလအတွင်းက ကျပ် ၁၉၈၀၀ အထိ စျေးရှိခဲ့ကာ စက်တင်ဘာလ အတွင်းက ကျပ် ၂၂၅၀၀ အထိ မြင့်တက်ခဲ့သည်။

ဇန်နဝါရီလ အတွင်းက ၂၅ မှတ်ဆန် ငစိန်ဆန် တစ်အိတ်လျှင် ကျပ် ၁၉၃၀၀ ရှိခဲ့ရာမှ မေလအတွင်း ကျပ်၂၀၇၀၀ ရှိခဲ့ကာ စက်တင်ဘာလအတွင်း ကျပ် ၂၂၀၀၀ အထိ စျေးမြင့်တက်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent