မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက စပါးအသင်းမှာ ၄င်းအကြိုက်ဆုံးအသင်းများထဲတွင် တစ်သင်းအပါအဝင်ဖြစ်ကြောင်းနှင့် စပါးအသင်းကိုကြည့်ကာ လေ့လာသင်ယူမှုများပြုလုပ်လေ့ရှိကြောင်း ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ယခုတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ် (၁၀) အဖြစ် အောက်တိုဘာလ (၃၀) ရက်တွင် စပါးအသင်းနှင့် အဝေးကွင်းတွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ယင်းပွဲစဉ်မတိုင်မီ ပြုလုပ်သည့် ပွဲကြိုသတင်းစားရှင်းလင်းပွဲတွင် ဂွါဒီယိုလာက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။
ဂွါဒီယိုလာက ” အင်တာမီလန်နဲ့ ကစားခဲ့တဲ့ စပါးအသင်းရဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို ကျွန်တော်ကြည့်ခဲ့သလို၊ ပြီးခဲ့တဲ့ PSV နဲ့ ပွဲစဉ်ကိုလည် ကျွန်တော်ကြည့်ခဲ့ပါတယ်။ အဲဒီ (၂) ပွဲစလုံးမှာ သူတို့ဟာ ပြိုင်ဘက်အသင်းတွေထက်မညံ့ခဲ့ပါဘူး။ သူတို့ကပိုကောင်းတယ်လို့တောင် ကျွန်တော်ပြောချင်ပါတယ်။ စပါးအသင်းဟာ ကျွန်တော်စောင့်အကြည့်ချင်ဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ပြီး သူတို့ရဲ့ကစားပုံကို ကြည့်ရှုကာ ကျွန်တော့်အနေနဲ့ သင်ယူလေ့ရှိပါတယ်။ သူတို့အသင်းမှာ နိုင်ငံလက်ရွေးစင်ကစားသမားတွေ အများကြီးရှိပါတယ်။ အထူးသဖြင့် သူတို့ဟာအင်္ဂလန်လက်ရွေးစင် ကစားသမားတွေကိုအခြေပြုတည်ဆောက်ထားတာပါ။ သူတို့အသင်းက အသက်အရွယ်အားဖြင့် ငယ်ရွယ်သလို၊ အရမ်းကောင်းတဲ့ဂိုးသမားနဲ့ အရမ်းကောင်းတဲ့တိုက်စစ်မှူးတစ်ဦးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ရှင်းရှင်းပြောရရင်တော့ သူတို့အသင်းမှာအားလုံးအဆင်ပြေပါတယ်” ဟု ပြောကြားခဲ့သည်။
စနေ့ညက ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် လီဗာပူးလ်အသင်းက ကာဒစ်ဖ်အသင်းကို (၄-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ရာ မန်စီးတီးအသင်းအနေဖြင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်လည်ရယူမည်ဆိုပါက စပါးအသင်းကို မဖြစ်မနေ အနိုင်ကစားရန် လိုအပ်နေသည်။