၈၈၈၈ မျိုးဆက် (ပြည်ပ) ရဲဘော်များနှင့် ပြည်တွင်းနိုင်ငံရေးအင်အားစုများ တွေ့ဆုံပွဲ ရည်ရွယ်ချက်သုံးချက်ဖြင့် ပြုလုပ်

၈၈၈၈ မျိုးဆက် (ပြည်ပ) ရဲဘော်များနှင့် ပြည်တွင်းနိုင်ငံရေးအင်အားစုများ တွေ့ဆုံပွဲ ရည်ရွယ်ချက်သုံးချက်ဖြင့် ပြုလုပ်
Published 24 December 2017

၈၈၈၈ မျိုးဆက် (ပြည်ပ) ရဲဘော်များနှင့် ပြည်တွင်းနိုင်ငံရေးအင်အားစုများ တွေ့ဆုံပွဲကို ရည်ရွယ်ချက်သုံးခုဖြင့် ပြုလုပ်ခဲ့ကြောင်း ၈၈၈၈ မျိုးဆက် (ပြည်ပ) ရဲဘော်တစ်ဦးဖြစ်သူ ပွဲကျင်းပရေးတာဝန်ခံ ဦးဇာနည်က ပြောကြားသည်။

ခေတ်အဆက်ဆက်က ကျောင်းသားမျိုးဆက်များ၊ ရှစ်လေးလုံးအရေးတော်ပုံကြီးနောက်ပိုင်း နိုင်ငံခြားသို့ရောက်သွားကြသော ရဟန်းသံဃာတော်များနှင့် လူပုဂ္ဂိုလ်များ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ ပြည်တွင်းနိုင်ငံရေးအင်အားစုများ ပါဝင်သည့် တွေ့ဆုံပွဲတစ်ရပ်ကို ရန်ကုန်မြို့ရှိ ယုဒဿန်ရိပ်သာ၌ ဒီဇင်ဘာ ၂၃ ရက်ကပြုလုပ်သည်။

ဦးဇာနည်က “ရှစ်လေးလုံးမျိုးဆက် (ပြည်ပ) အင်အားစုနဲ့ ပြည်တွင်းနိုင်ငံရေးအင်အားစု တွေ့ဆုံပွဲ ရည်ရွယ်ချက်သုံးချက်ရှိတယ်။ အဲဒီ ရည်ရွယ်ချက်သုံးခုကတော့ ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲမှာကျဆုံးသွားတဲ့ ရဟန်းရှင်လူ ပြည်သူရဲဘော်အပေါင်းကိုရည်စူးပြီး ကောင်းမှုကုသိုလ်ပြုလုပ်တာဖြစ်ပါတယ်။ နံပါတ်နှစ် ရည်ရွယ်ချက်ကတော့ နှစ်ပေါင်းများစွာကွဲကွာနေတဲ့ ရဲဘော်ရဲဘက်များနဲ့ အမှတ်တရ ပြန်လည်ဆုံဆည်းခွင့်လေးတစ်ခု၊ အခင်းအကျင်းလေးတစ်ခု ဖန်တီးတာပဲဖြစ်ပါတယ်။ နံပါတ်သုံးကတော့ ကျွန်တော်တို့နိုင်ငံရဲ့ မျက်မှောက်နိုင်ငံရေးအခြေအနေနဲ့ အနာဂတ်အလားအလာတွေကို ဒီကနေ့ နိုင်ငံရေးအင်အားစုများရဲ့သဘောထားများကို သိရှိလိုတာကြောင့် ကျွန်တော်တို့ ဒီပွဲကို ကျင်းပတာဖြစ်ပါတယ်။ ဒီရည်ရွယ်ချက်သုံးချက်နဲ့ ဒီနေ့ပွဲလေးကို ကျင်းပတာဖြစ်ပါတယ်” ဟုပြောကြားသည်။

မိမိတို့နိုင်ငံသည် ကျရှုံးနိုင်ငံဖြစ်နေသည်ကို တစ်ဦးချင်းအလိုက်သတိပြုမိရန် လိုအပ်သည်ဟု မိမိအနေဖြင့် ထင်မြင်မိကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က “ကျွန်တော်တို့ တိုင်းပြည်ရဲ့အခြေအနေကတော့ လိုရင်းတိုရှင်းပါပဲ။ ကျွန်တော်တို့နိုင်ငံရေး ခေတ်ဆိုးခေတ်ပျက်ကို ကျွန်တော်တို့ရောက်ရှိနေတဲ့ အခြေအနေမျိုးပါ။ အဲဒါကိုတော့ ကျွန်တော်တို့အားလုံး အထူးသတိချပ်သင့်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ စစ်ရှိနေလို့ စစ်ဖြစ်နေမှ မငြိမ်းချမ်းတာမဟုတ်ပါဘူး။ စစ်မရှိဘဲနဲ့ စစ်မဖြစ်ဘဲနဲ့ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ မငြိမ်းချမ်းတာ အားလုံးကို ကျွန်တော်တို့ ရဲဘော်တွေအားလုံးသိရှိပြီး ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ဘာကြောင့်ဒါတွေဖြစ်နေတာလဲ။ အဓိကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးပဲဆိုဆို၊ ပြည်တွင်းငြိမ်းချမ်းရေးပဲပြောပြော အမှန်တကယ် သက်ဆိုင်သူတွေရဲ့ရင်ထဲ၊ အသည်းထဲမှာ ငြိမ်းချမ်းလိုစိတ် ကျွန်တော်တို့ သင့်မြတ်လိုစိတ် အမှန်တကယ်ရောရှိလားဆိုတာ ကျွန်တော်တို့ ဒီနေရာကနေပြီးတော့ မေးခွန်းထုတ်ချင်ပါတယ်” ဟုပြောကြားသည်။

Most Read

Most Recent