ဝါးခယ်မမြို့ မီးလောင်မှုတွင် အဘိုးအိုတစ်ဦး သေဆုံးပြီး ဆိုင်ခန်း ၁၁ ခန်းနှင့် အိမ်တလုံး ဆုံးရှုံး

ဝါးခယ်မမြို့ မီးလောင်မှုတွင် အဘိုးအိုတစ်ဦး သေဆုံးပြီး ဆိုင်ခန်း ၁၁ ခန်းနှင့် အိမ်တလုံး ဆုံးရှုံး
Published 22 October 2024

ဧရာဝတီတိုင်းဒေသကြီး၊ ၀ါးခယ်မမြို့၌ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ခန်း (၁၁)ခန်းနှင့် လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးကာ အဘိုးအိုတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်မှာအောက်တိုဘာလ (၂၁)ရက်နေ့၊ ညနေပိုင်းက မြောင်းမြခရိုင်၊ ဝါးခယ်မမြို့၊ ရေကျော်ရပ်ကွက်၊ ကုန်သည်လမ်း၊ မြို့မဈေးအနီး၌ ဖြစ်ပွား​ခဲ့ခြင်းဖြစ်သည်။

"ဆိုင်ခန်းကနေ မီးစလောင်တာပါ။ လူနေဆိုင်ခန်းပေါ့။ မီးလောင်ဆုံးရှုံးမှုက စုစုပေါင်း ဆိုင်ခန်း (၁၁)ခန်းနဲ့ လူနေအိမ်တစ်လုံး ဆုံးရှုံးသွားပါတယ်။  လူတစ်ဦးသေဆုံးတာရှိပါတယ်။ သေဆုံးသူက အသက် (၈၇)နှစ်ရှိပါပြီ။ မီးလောင်မှုကြောင့်ပဲ သေဆုံးသွားတာပါ။ ပိတ်မိသွားတာပေါ့။ မီးလောင်မှုအကြောင်းရင်းကတော့ ဖယောင်းတိုင်မီး ထွန်းထားရာကနေ မီးကူးစက်လောင်ကျွမ်းခဲ့တာပါ။ မီးလောင်နိုင်တဲ့ပစ္စည်းတွေကလည်း လူသုံးကုန်ပစ္စည်းတို့၊ကလေးအရုပ်ပစ္စည်းတို့၊ တစ်ရှုးတို့ ၊ ဒိုက်ဘာတို့လည်းရှိတော့ မီးလောင်မြန်တာပေါ့"ဟု ဝါးခယ်မမြို့နယ်မီးသတ်ဦးစီးမှူး ဦးတိုးနိုင်ဦးက ဖြေကြားသည်။

ယင်းမီးလောင်မှုဖြစ်စဉ်၌ အချိန်ယူငြှိမ်းသတ်ခဲ့ကြရပြီး နီးစပ်ရာမြို့နယ်၊ နယ်မြေ မီးသတ်စခန်းများမှလည်း လာရောက်ကူညီခဲ့ကြကြောင်း သိရသည်။

"ဆိုင်ခန်းတွေကကပ်နေတော့ မီးစက်မှုမြန်တာပေါ့။ ခရိုင်နဲ့ တိုင်းကို ကျွန်တော် ချက်ချင်းသတင်းပို့ခဲ့တယ်။ အထက်ညွှန်ကြားချက်နဲ့ နီးစပ်ရာ မြို့နယ်စခန်းတွေ၊ နယ်မြေစခန်းတွေက မီးသတ်ကားတွေလည်း ချက်ချင်းလာကူကြပါတယ်။ မီးလောင်ပြင်ကို ကျွန်တော်တို့ အရပ်လေးမျက်နှာကနေရာယူပြီး ငြှိမ်းကြတာပေါ့။ ပုံမှန်ဆို မီးကူးစက်မှုပိုများနိုင်တာကြောင့် ထပ်ပြီးမကူးစက်အောင် ဆောင်ရွက်ခဲ့ကြပါတယ်"ဟု မြို့နယ်မီးသတ်ဦးစီးမှူးက ဖြေကြားသည်။

မီးလောင်မှုဖြစ်ပွားရာနေရာသို့ ဝါးခယ်မမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ မီးသတ်စက်ယာဉ်(၁)စီး၊ ဝါးခယ်မမြို့နယ် အရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ ကျုံမငေးနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ အိမ်မဲမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရွာသစ်နယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ရွှေလောင်းနယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

အောင်ကျော်မျိုး