မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၌ လုံခြုံရေးဆောင်ရွက်နေသောစခန်းများတွင် ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးဆုံးရှုံးမှုလုံးဝမရှိဘဲ ပိုက်လိုင်းစီမံကိန်း ပုံမှန်လည်ပတ်နေကြောင်း SEAOP/SEAGP ထုတ်ပြန်

မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၌ လုံခြုံရေးဆောင်ရွက်နေသောစခန်းများတွင် ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးဆုံးရှုံးမှုလုံးဝမရှိဘဲ ပိုက်လိုင်းစီမံကိန်း ပုံမှန်လည်ပတ်နေကြောင်း SEAOP/SEAGP ထုတ်ပြန်
Published 24 December 2017

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သွယ်တန်းထားသော ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း၌ လုံခြုံရေးဆောင်ရွက်နေသောစခန်းများ တိုက်ခိုက်ခံရဟူသော သတင်းနှင့်ပတ်သက်၍ မြန်မာ-တရုတ် aရနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးဆောင်ရွက်နေသောစခန်းများတွင် ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးဆုံးရှုံးမှုများလုံးဝမရှိဘဲ ပိုက်လိုင်းစီမံကိန်းမှာ ပုံမှန်ဆက်လက်လည်ပတ်နေကြောင်း SEAOP/SEAGP မှ သတင်းထုတ်ပြန်ခဲ့သည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်အတွင်းရှိ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သွယ်တန်းထားသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးဆောင်ရွက်နေသောစခန်းများကို ဒီဇင်ဘာ ၂၁ ရက်တွင် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) တို့က လာရောက်တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်မှုတွင် ဒီဇင်ဘာ ၂၁ ရက် နံနက် ၆ နာရီခွဲခန့်တွင် နမ့်ခမ်းမြို့နယ်၊ ကောင်းကတ်ကျေးရွာအုပ်စု၊ ဟိုနားကျေးရွာအနီးရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးစခန်းအား KIA နှင့် TNLA အဖွဲ့တို့ပူးပေါင်းအင်အားအချို့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်လည်းကောင်း၊ နံနက် ၇ နာရီမိနစ် ၄၀ ခန့်တွင် ပန်ယုတ်ကျေးရွာအုပ်စု၊ လွယ်ချက်ကျေးရွာအနီးရှိ လုံခြုံရေးစခန်းကို KIA နှင့် TNLA အင်အား ၅၀ ခန့်က နေရာသုံးနေရာမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်လည်းကောင်း ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်တိုက်ခိုက်ခဲ့ရာ နံနက် ၈ နာရီ မိနစ် ၂၀ ခန့်တွင် အနောက်ဘက်နှင့် အရှေ့ဘက်သို့ အသီးသီးဆုတ်ခွာသွားခဲ့ကြောင်း ဖော်ပြထားသည်။

KIA နှင့် TNLA အဖွဲ့တို့က ယခုကဲ့သို့ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးဆောင်ရွက်နေသောစခန်းများအား နှောင့်ယှက်တိုက်ခိုက်ခြင်းသည် မြန်မာ-တရုတ်နှစ်နိုင်ငံ၏ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ထိခိုက်ပျက်ပြားစေရန်ရည်ရွယ်၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်မှုတွင် ရေးသားထားသည်။

တအာင်းလက်နက်ကိုင်အဖွဲ့ TNLA သတင်းနှင့်ပြန်ကြားရေးဌာန၏ ဒီဇင်ဘာ ၂၁ ရက်ထုတ်ပြန်မှုတွင် TNLA ၏ တပ်မဟာ ၁ နယ်မြေ နမ့်ခမ်းမြို့နယ်၌ ဒီဇင်ဘာ ၂၁ ရက် နံနက်တွင် TNLA တပ်ရင်း ၄၇၈ နှင့် မြန်မာ့တပ်မတော်တို့ နှစ်နေရာ ထိတွေ့တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းတိုက်ပွဲဖြစ်စဉ်မှာ ကောင်းကတ်ကျေးရွာနှင့် ပန်ဟန်ကျေးရွာကြား၌လည်းကောင်း၊ အထက်ပန်ယုတ်ကျေးရွာနှင့် အောက်ပန်ယုတ်ကျေးရွာကြား၌လည်းကောင်း နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ မြန်မာ့တပ်မတော်သည် TNLA ၏လှုပ်ရှားသည့် တောတွင်းအထိ ထက်ကြပ်မကွာ လိုက်လံထိုးစစ်ဆင်ခြင်းကြောင့် နှစ်ဖက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ကြောင်း TNLA ၏ သတင်းထုတ်ပြန်မှုတွင် ပါရှိသည်။

Most Read

Most Recent