မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံဆိုင်ရာကဏ္ဍသည် ဦးစားပေးမြှင့်တင်မည့် ကဏ္ဍဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံမှုများ အကန့်အသတ်မရှိ ဖိတ်ခေါ်လျက်ရှိ

မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံဆိုင်ရာကဏ္ဍသည် ဦးစားပေးမြှင့်တင်မည့် ကဏ္ဍဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံမှုများ အကန့်အသတ်မရှိ ဖိတ်ခေါ်လျက်ရှိ
မြန်မာနိုင်ငံ၏ ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှု အခြေအနေကို ဖော်ပြထားသည့် ဇယားတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- MIPP)
မြန်မာနိုင်ငံ၏ ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှု အခြေအနေကို ဖော်ပြထားသည့် ဇယားတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- MIPP)
Published 25 October 2018
နီလာ

မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံဆိုင်ရာကဏ္ဍသည် ဦးစားပေးမြှင့်တင်မည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံမှုများ အကန့်အသတ်မရှိ ဖိတ်ခေါ်လျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

“အခြေခံအဆောက်အအုံကဏ္ဍဟာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုရဲ့ Promoted Sector အောက်မှာ ရှိနေပါတယ်။ ကျွန်တော်တို့က အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေကို အကန့်အသတ်မရှိ ဖိတ်ခေါ်နေပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောကြားသည်။

ရင်းနှီးမြှုပ်နှံသူများမှာ လျှပ်စစ်ဓာတ်အား ပုံမှန်ပို့လွှတ်နိုင်မှုမရှိခြင်း၊ လျှပ်စစ်ဓာတ်အား လုံလောက်မှုမရှိခြင်း၊ မီးမလာမှုများနှင့် မပြည့်ဝသော သယ်ယူပို့ဆောင်ရေးဆိုင်ရာ တန်ဆာပလာများ အရည်အသွေးမပြည့်ဝခြင်း၊ အခြေခံအဆောက်အအုံ မလုံလောက်မှုများကို ကြံ့ကြံ့ခံ ရင်ဆိုင်နေကြရကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ကြီးမားသည့် အခြေခံအဆောက်အအုံစီမံကိန်းများကို စတင်ဆောင်ရွက်နေသည့်တိုင်အောင် စီးပွားရေးဖွံ့ဖြိုးတိုးတက်နှုန်းမှာ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုထက် ကျော်လွန်နေကြောင်း၊ သီလဝါအထူးစီးပွားရေးမှ နိုင်ငံတကာအဆင့်မီ စက်မှုလုပ်ငန်းများကို ကမ်းလှမ်းသော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် စက်မှုမြေယာမှာ လုံလောက်ခြင်းမရှိကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအတွက် အခြားသော စိန်ခေါ်မှုများလည်း ရှိနေကြောင်း၊ ရပ်တန့်နေသည့် ကမ္ဘာ့ဝယ်လိုအားတိုးတက်မှုမှာ မြန်မာနိုင်ငံ၏ ပို့ကုန်များနှင့် မြန်မာနိုင်ငံအတွင်းသို့ ပို့ကုန်ဦးစားပေး FDI များအပေါ် အပျက်သဘောဆောင်သည့် သက်ရောက်မှုများ ဖြစ်စေနိုင်ကြောင်း၊ နောက်ထပ် ရင်းနှီးမြှုပ်နှံမှုများတွင် ဆုံးရှုံးနိုင်ခြေမှာ ပြင်းထန်သည့် မိုးလေဝသ အခြေအနေများဖြစ်သည့် သဘာဝဘေးအန္တရာယ်များဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုအခြေအနေကို လေ့လာကြည့်ပါက ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၇၆ ဘီလျံကျော် ဝင်ရောက်ခဲ့ပြီး လျာထားချက်ထက် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံနီးပါး လျော့ကျခဲ့ကြောင်း၊ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၂ ဒသမ ၃၇ ဘီလျံကျော်အထိ သိသိသာသာ လျော့ကျနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ကြားကာလခြောက်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ သုံးဘီလျံအထိ ဝင်ရောက်ရန် လျာထားခဲ့ကြောင်း၊ ခြောက်လကုန်ဆုံးချိန်အထိ ဒေါ်လာ ၁ ဒသမ ၇၆ ဘီလျံ ကျော်သာ ဝင်ရောက်ခဲ့သဖြင့် လျာထားချက်ထက် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံနီးပါး လျော့ကျခဲ့ခြင်းဖြစ်သည်။

အဆိုပါ ခြောက်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို လေ့လာကြည့်ပါက ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဒေါ်လာ ၇၀၆ ဒသမ ၆၇၇ သန်းဖြင့် အများဆုံး ဝင်ရောက်ထားသည်။ ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ဒေါ်လာ ၃၁၄ ဒသမ ၁၅၈ သန်းဖြင့် ဒုတိယအများဆုံး ဝင်ရောက်ထားသည်။  

Most Read

Most Recent