နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သူများအား လုပ်ငန်းလိုင်စင်ထုတ်ပေးရန် စီစဉ်

နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သူများအား လုပ်ငန်းလိုင်စင်ထုတ်ပေးရန် စီစဉ်
Published 11 August 2017

နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သူများ (Cross-Border Transport Operators) အား လုပ်ငန်းလိုင်စင်ထုတ်ပေးရန် စီစဉ်မှုများရှိနေကြောင်း အမျိုးသားပို့ဆောင်မှုလွယ်ကူ ချောမွေ့စေရေးကော်မတီမှ သိရသည်။

အမျိုးသားပို့ဆောင်ရေး ပင်မစီမံကိန်းတွင်ပါဝင်သော လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် အမျိုးသားပို့ဆောင်မှု လွယ်ကူချောမွေ့စေရေးကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါကော်မတီတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်မှု လုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများ ပါဝင်ဖွဲ့စည်းထားကြောင်း သိရသည်။

အမျိုးသားပို့ဆောင်မှုလွယ်ကူ ချောမွေ့စေရေးကော်မတီသည် ကုန်စည်နှင့်လူများ နယ်စပ်ဖြတ်ကျော်/ နိုင်ငံဖြတ်သန်း သယ်ယူပို့ဆောင်ခြင်း ခွင့်ပြုမိန့်ပါမစ်ကို မူဘောင်သဘောတူစာချုပ် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ အမျိုးသားအဆင့်မှ စိစစ်ထုတ်ပေးရန်၊ ပါမစ်စောင်ရေ သတ်မှတ်ထုတ်ပေးခြင်း၊ သက်တမ်းတိုးခြင်းနှင့် ပါမစ်ကင်းလွတ်ခွင့်ပြုခြင်းများအတွက် စိစစ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သတ်မှတ်ပြဋ္ဌာန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်သူများ (Cross-Border Transport Operators) အား လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်းအတွက် အမျိုးသားအဆင့်မှ စိစစ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို မူဘောင်သဘောတူစာချုပ် စည်းကမ်းချက်များနှင့်အညီ သတ်မှတ်ပြဋ္ဌာန်းရန်အတွက် အမျိုးသားပို့ဆောင်မှု လွယ်ကူချောမွေ့စေရေးကော်မတီက ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ကုန်စည်များ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်မှုလွယ်ကူ ချောမွေ့စေခြင်းအားဖြင့် ကုန်စည်စီးဆင်းမှုမြန်ဆန်ပြီး နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုဖြစ်ပေါ်စေသည် ဖြစ်သဖြင့် နိုင်ငံ၏ပို့ကုန်/သွင်းကုန် ပမာဏကိုစိစစ်ပြီး နယ်စပ်ဖြတ်ကျော်/ နိုင်ငံဖြတ်သန်းခွင့်ပြု ပါမစ်အရေအတွက်ကို နှစ်စဉ်သုံးသပ်ပြီး သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent