မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးနှင့် တွေ့ဆုံခြင်း

မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးနှင့် တွေ့ဆုံခြင်း
Published 25 October 2018
ဇော်မင်းနိုင်

ပြီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် တင်သွင်းခဲ့သည့် စာရင်းစစ်ချုပ် အစီရင်ခံစာနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ၂၀ ကျော် ဝင်ရောက် ဆွေးနွေးခဲ့သည်။ ယင်းသို့ ဝင်ရောက် ဆွေးနွေးမှုမှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် YBS ကိစ္စနောက်ပိုင်း လွှတ်တော်ကိုယ်စားလှယ် အများဆုံး ဝင်ရောက်ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ ဝင်ရောက် ဆွေးနွေးမှုများတွင် တစ်ဦးအပါအဝင် ဖြစ်သည့် မင်္ဂလာတောင်ညွှန့်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးအား သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။ ယင်းသို့ မေးမြန်းမှုများမှ အချို့အား ကောက်နုတ် တင်ပြအပ်ပါသည်။

“မြို့သစ်စီမံကိန်းတွေ ဆိုတာကိုတော့ သိပ်မလက်မခံချင်ဘူး။ အဲဒါတွေကို မလုပ်ဘူးဆိုရင် နိုင်ငံ့ဘဏ္ဍာတွေလည်း ကုန်ကျမှု သက်သာသွားမယ် . . .”

မေး -  ပြီးခဲ့တဲ့ ရန်ကုန်တိုင်း လွှတ်တော်ထဲမှာ စာရင်းစစ်ချုပ် အစီရင်ခံစာကတော့ လွှတ်တော်ကိုယ်စားလှယ် တော်တော်များများ ဆွေးနွေးခဲ့ကြတယ်။ တော်တော်လေး ပွဲဆူခဲ့တယ်လို့ ဆိုရမှာပေါ့နော်။ အဲဒါနဲ့ ပတ်သက်ပြီး ပြောကြားပေးပါဦး ခင်ဗျ။

ဖြေ - အဓိက ကတော့ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ကတော့ ဒီအစီရင်ခံစာကတော့ တကယ်အားရတဲ့ အစီရင်ခံစာပေါ့။ စာရင်းစစ်ချုပ်ကလည်း ပြောရမယ်ဆိုရင် အသက်အရွယ်နဲ့ မလိုက်အောင် တော်တော်လေး ကြိုးကြိုးစားစား လုပ်ထားတာပေါ့။ အဓိကကတော့ ကျွန်တော့်အနေနဲ့ ဘာတွေကို မြင်ရသလဲဆိုရင် ဘီလျံနဲ့ချီ တော်တော်ကို အမြောက်အမြား ဆုံးရှုံးနေတယ် ဆိုတာကို ကွက်ကွက်ကွင်းကွင်း မြင်ရတယ်။ ဥပမာ အရင်တုန်းက လုပ်ငန်းရှင်တွေကို မြေတွေငှားတယ်။ လုပ်ငန်းတွေငှားတယ်။ ငှားခဲ့တဲ့အခါမှာလည်း အဲဒီငှားခဲ့တဲ့ နှုန်းထားတွေက ကာလပေါက်စျေးနဲ့ ယှဉ်ရင် မတရားကြီး ကွာနေတယ်။ နောက်ပြီးတော့ အဲဒီလို ငှားခဲ့တာကလည်း အချိန်ကာလ တိုတိုလေး မဟုတ်ဘဲနဲ့ နှစ် ၅၀ တို့ နှစ် ၆၀ တို့။ အဲဒီလို အချိန်တွေဆိုတော့ တိုင်းပြည်ကို ဆုံးရှုံးနစ်နာမှုတွေက သက်ရောက်နေတာပေါ့။ လုပ်ခဲ့တဲ့ သက်တမ်းတစ်ခုမှာတင် လုပ်ခဲ့တာ မဟုတ်ဘဲနဲ့ တိုင်းပြည်ရဲ့ အနာဂတ်ကာလ သက်တမ်းအထိ ဆုံးရှုံးနစ်နာမှုတွေနဲ့ ခေါင်းမထူနိုင်အောင် လုပ်ခဲ့တာမျိုးတွေ တော်တော်များများ တွေ့ရတယ်။ နောက်ပြီးတော့ လုပ်ငန်းရှင်တွေကို ကန်ထရိုက် ပေးတယ်။ ပေးတဲ့အခါမှာလည်း နိုင်ငံတော်ကို သွင်းရတဲ့ ငွေတွေကလည်း တော်တော်လေးကို ကွာခြားနေတဲ့ ငွေပမာဏတွေကို တွေ့နေရတယ်။ ဒါတွေကတော့ တော်တော်များများမှာ တွေ့ရတယ်။ အစီရင်ခံစာထဲမှာပေါ့။ 

မေး - အစီရင်ခံစာထဲမှာ တွေ့ရတာတွေက ပြီးခဲ့တဲ့ အစိုးရကာလတုန်းက ချုပ်ဆိုခဲ့တာတွေပေါ့။ ထင်သာမြင်သာ ရှိတာကတော့ မြေငှားတာတွေပေါ့။ အခုချိန်မှာရော ပြောင်းလဲသွားတာတွေ ရှိလား။ အစီရင်ခံစာ မထွက်ခင်မှာ တိုင်းအစိုးရက ဘာတွေ လုပ်ကိုင်ထားပြီးသလဲ ဆိုတာကိုရော တွေ့ရလားခင်ဗျ။ 

ဖြေ - ကျွန်တော်တို့ကတော့ အစိုးရသစ်ကို လွှတ်တော်က တိုက်တွန်းနေတာပေါ့။ ဒါတွေကို ပြောင်းလဲ ကောက်ခံဖို့ပေါ့။ ပြောင်းလဲ ကောက်ခံဖို့ ဆိုတာကလည်း အလကားထပြီး ပြောကြတာ မဟုတ်ဘူး။ ဒီလုပ်ငန်းတွေ လုပ်နေတဲ့သူတွေ ဘယ်လောက်ရလဲ။ သူတို့တွေ ခံစားနေရတဲ့ ငွေပမာဏတွေက ဘယ်လောက် အများကြီးရနေသလဲ ဆိုတာကို မြင်ပြီးတော့ အဲဒီလို မတရား အမြတ်အစွန်းရနေတဲ့ လုပ်ငန်းရှင်တွေကို တိုင်းပြည်အတွက် ကောက်ခံတဲ့နှုန်းတွေကို တိုးမြှင့်ကောက်ခံဖို့ ကျွန်တော်တို့က ပြောတယ်။ သူတို့ (ယခင်အစိုးရ) လုပ်ခဲ့တဲ့ ကိစ္စတွေမှာ တိုင်းပြည်က နည်းနည်းပဲ ရတယ်။ အဲဒီလုပ်ငန်းရှင်တွေက မတရား အများကြီးရနေတယ် ဆိုတာကို သွားတွေ့ရတယ်။ သို့သော်လည်း အစိုးရတစ်ရပ်က ပထမလုပ်ခဲ့တဲ့ အစိုးရတစ်ရပ်ဆီက ဆက်ပြီးတော့ တာဝန်ယူပြောင်းပြီး ဆက်တာဝန်ခံရတာပေါ့။ ဆိုတော့ အဲဒီလိုလုပ်ခဲ့တဲ့ လွဲမှားနေတဲ့အချက်တွေကို တက်လာတဲ့အစိုးရက သူက သေသေချာချာ တကယ့်ကို စီမံကိန်း Plan တွေ ဆွဲရမယ်။ ဥပဒေဘောင်နဲ့ ညီညွတ်အောင် လုပ်ပြီးတော့မှ ဒီဘက်က အတိုင်းအတာတွေကို သွားလို့ရတဲ့ အနေအထား ရှိတယ်။ တချို့နေရာတွေမှာ အစိုးရဘက်က တဖြည်းဖြည်းချင်း သွားနေတာ ရှိတယ်။ ဥပမာအားဖြင့် ကန်တော်ကြီး မျှော်စင်ကျွန်းပေါ့။ ဇေကမ္ဘာက ရခဲ့တာပေါ့။ ဧရိယာ ၁၉ ဒသမ ၁၁ ဧက။ သူ ပထမဆုံးရခဲ့တဲ့ အချိန်တုန်းက ဒီမြေတွေကို ဘယ်လောက်နှုန်းနဲ့ ရခဲ့လဲဆိုရင် တစ်နှစ်ကို သန်း ၃၀ နှုန်းနဲ့ ရတယ်။ နောက်တစ်နှစ်ကို တိုးပြီးကောက်လာတဲ့ အခါမှာ သန်း ၆၀ အထိ ရလာတယ်။ အစိုးရသစ် လက်ထက်မှာတော့ တစ်နှစ်ကို သန်း ၄၀၀ ကျော် ရလာတာရှိတယ်။ သို့သော်လည်း ကာလပေါက်စျေးနဲ့ ယှဉ်ပြီး တွက်မယ်ဆိုရင် ဒါက တစ်စတုရန်းပေကို ကျပ်ငွေ ၄၀ ကျော်ပဲ ရှိတယ်။ ဒီခေတ်စျေးက တစ်စတုရန်းပေကို ကျပ် ၂၀၀၀ ပေါက်တယ်။ အဲဒီအပေါ်မှာ အကျိုးအမြတ်တွေက အများကြီးရနေပြီ။ ကျွန်တော်ဆိုရင်လည်း လွှတ်တော်မှာလည်း ပြောခဲ့တယ်။ ထပ်တိုးပြီး ကောက်ခံဖို့။ ဘာလို့ ပြောလဲဆိုရင် သူက မူလပထမ လုပ်နေတဲ့ အချိန်တုန်းက ဒီထဲမှာရှိတဲ့ ဆိုင်ခန်းက စတိတ်ရှိုးလုပ်တဲ့ဘက်က လမ်းမှာပဲ ဆိုင်ခန်းရှိတယ်။ ဒီဘက်လမ်းတွေက အများပြည်သူ သုံးရတဲ့နေရာပေါ့။ အခုချိန်မှာဆိုရင် အများပြည်သူသုံးနေတဲ့ နေရာတွေမှာ ဆိုင်ခန်းအပြည့် ဆောက်တယ်။ နောက်ပြီး တင့်ကားဘက်မှာလည်း ဆိုင်ခန်းတွေ သိန်းပေါင်း မြောက်မြားစွာနဲ့ ဆောက်လုပ်ပြီး ငှားထားတာတွေ ရှိတယ်။ စီးပွားက ပိုတက်နေပြီ။ သူတက်သလိုပဲ နိုင်ငံတော်ကို ဖြည့်ဆည်းပြီးတော့ သွင်းရမယ်။ ဘဏ္ဍာငွေကို သွင်းပေးဖို့ လိုတယ်။ ဒါကိုလည်း ချင့်ချိန်ပြီးတော့ တိုင်းဒေသကြီးအစိုးရ ပြင်ဆင်ကောက်ခံနိုင်ဖို့အတွက် ကျွန်တော်တို့က တွန်းအားပေးပြီး ပြောရမှာပဲ။

မေး -  လွှတ်တော် ကိုယ်စားလှယ်တွေကလည်း တွန်းအားပေး ပြောနေတာကိုလည်း တွေ့မြင်နေရတယ်။ အခုလို ဘဏ္ဍာငွေ ဆုံးရှုံးမှုတွေ နောက်ပြီးတော့ လစ်ဟာနေတဲ့ နေရာတွေပေါ့။ တော်တော်လေးကို တွန်းတွန်းတိုက်တိုက် ပြောတာကို တွေ့ရတယ်။ အဲဒီအနေအထားပေါ်မှာပေါ့။ အစိုးရရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံ အပေါ်မှာရော ဘယ်လို မှတ်ချက်ပေးချင်ပါသလဲ ခင်ဗျ။ 

ဖြေ - သူတို့လုပ်နေတာကို ကျွန်တော်တို့လည်း တွေ့ပါတယ်။ စောစောက ပြောသလိုပေါ့။ အစိုးရတစ်ရပ်က လုပ်ရတဲ့အခါမှာ နိုင်ငံတကာဥပဒေကို ကျော်လွန်ပြီး မလုပ်ရဘူးပေါ့။ အရင်လုပ်ခဲ့တဲ့ သူတွေကလည်း ဒါတွေကို တွက်ပြီး လုပ်သွားတာတွေ ရှိတယ်။ သူတို့လည်း အဲဒီကိစ္စတွေကို ပြောင်းလဲဖို့အတွက် သူတို့လည်း ကြိုးကြိုးစားစားနဲ့ လုပ်နေရတာတွေ ရှိတယ်။ ဥပဒေဘောင်ထဲကနေ သွားဖို့ ကြိုးစားတဲ့ အခါကျတော့ ထင်တိုင်းလည်း လုပ်လို့မရဘူး။ ထင်တိုင်းလည်း သွားလို့မရဘူး။ အဲဒီအနေအထားတော့ မြင်ရတယ်။ သို့သော်လည်း ကျွန်တော်တို့ရဲ့ လွှတ်တော်ကတော့ ဘာပဲဖြစ်ဖြစ် လွှတ်တော်ရဲ့ တွန်းအားများမှ အစိုးရအတွက်လည်း လုပ်ရတဲ့အခါမှာ ဥပဒေဘောင်နဲ့လည်း ပိုပြီးတော့ ညီညီညွတ်ညွတ် လုပ်နိုင်တဲ့အတွက်ကြောင့် အစိုးရကိုလည်း ပိုပြီးတော့ နောက်ခံအားတစ်ခု ဖြည့်တဲ့အနေနဲ့ လွှတ်တော်က အင်တိုက်အားတိုက် တွန်းနေတာပါ။ အဲဒီအပေါ်မှာ ပြောရမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ခံစားချက် မြင်တဲ့အမြင်ကို ပြောရမယ်ဆိုရင် သွားနေတဲ့ အရွေ့က ရွေ့တော့ ရွေ့တယ်။ အားရသလားဆိုရင် အားမရဘူး။ အားရလောက်တဲ့ အနေအထား မရှိဘူး။ သိသိသာသာ ထင်ထင်ရှားရှားကြီး ပြောင်းလဲလိုက်နိုင်တဲ့ အခြေအနေမျိုးကို မရောက်သေးဘူး။

မေး -  စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာထဲမှာ အခုအစိုးရရဲ့ လုပ်ကိုင်ဆောင်ရွက်မှုအပေါ် တွေ့ရှိချက်တွေကိုလည်း ဖော်ပြထားတယ်။ အဲဒီထဲမှာ အစိုးရသစ်ရဲ့ ကြီးမားတဲ့ အပြောင်းအလဲဖြစ်တဲ့ YBS လိုဟာမျိုးတွေ၊ ကျောင်းကားလို ဟာမျိုးတွေလည်း ပါတာပေါ့။ အဲဒီမှာ သုံးစွဲမှု အနေအထားပေါ်မှာလည်း လွှတ်တော်မှာ ဝေဖန်မှုတွေ ရှိခဲ့တာပေါ့။ အဲဒီအပေါ်မှာရော ဘာများပြောချင်ပါသလဲခင်ဗျ။

ဖြေ - ကျွန်တော်ကတော့ ထွေထွေထူးထူး မပြောချင်ဘူး။ ဒါပေမဲ့ ကျောင်းကားကိစ္စပေါ့။ ငွေချေးတဲ့အပေါ်မှာ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးအနေနဲ့ ငွေချေးတဲ့အပေါ်မှာ တိတိကျကျ မဖြေနိုင်ဘူး။ အဲဒါကတော့ တကယ်တမ်းပြောရရင် သိပ်မကောင်းဘူး။ အားနည်းချက်ပဲ။ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက သူမသိလို့ မဖြေနိုင်ဘူး။ ဒါကို ဘယ်သူက လုပ်နေတာလဲ။ အဲဒါကို မသိရဘူးဆိုတဲ့ အခြေအနေကတော့ ကျွန်တော်တို့ ကြားရမြင်ရတာ သိပ်မကောင်းဘူး။ အဲဒီလို အနေအထားမှာ ရှိတာပေါ့။ 

မေး -  ခုနက အစ်ကိုပြောသွားတယ်။ သိပ်မရွေ့ဘူးတဲ့ဆိုတဲ့ အခြေအနေမှာ ဂျမ်းတုံးဖြစ်နေတဲ့ အရာတွေက ဘယ်အရာတွေများ ရှိမလဲ။

ဖြေ - ကျွန်တော် မေးခွန်းတွေ တင်ထားတယ်။ တချို့ကိစ္စတွေမှာ တိုင်းဒေသကြီးအစိုးရအနေနဲ့ လုပ်နေတာတွေ ရှိတယ်။ သို့သော်လည်း တချို့ဌာနတွေက ပြည်ထောင်စုက လုပ်ကိုင်နေတဲ့ အနေအထား အများဆုံးရှိနေတယ်။ နိုင်ငံရေးစကားနဲ့ ပြောရမယ်ဆိုရင် ပြည်ထောင်စုရဲ့ ချုပ်ကိုင်မှု အားများနေတယ်။ ရှိနေတဲ့ ဝန်ကြီးတွေမှာကလည်း တကယ်တမ်းက လုပ်ကိုင်ခွင့် နည်းတယ်။ ဒါကလည်း လက်ရှိအစိုးရရဲ့ စနစ်မဟုတ်ဘူး။ လက်ရှိ အစိုးရအနေနဲ့ကလည်း ဒီအဆင့်တွေကို ပြန်လည် သုံးသပ်ပြီးတော့ အာဏာခွဲဝေမှု ကျင့်သုံးဖို့၊ တိုင်းဒေသကြီးတွေမှာရှိတဲ့ အစိုးရတွေ၊ ဝန်ကြီးတွေကို ခွဲဝေပေးဖို့ လိုအပ်တယ်။ အဲဒီလိုပေးမှပဲ တိုင်းဒေသကြီး အစိုးရအနေနဲ့ ကိုယ်ပိုင် လွတ်လပ်တဲ့ ဆုံးဖြတ်ချက်၊ ကိုယ့်ဒေသမှာရှိတဲ့ လွှတ်တော်ရဲ့ တင်ပြချက်၊ တိုက်တွန်းချက်တွေကို သူတို့က ပိုင်ပိုင်နိုင်နိုင် လုပ်လို့ရမှာ။ တချို့နေရာတွေမှာ ကျွန်တော်တို့ လွှတ်တော်ကနေပြီးတော့ ပြောင်းလဲရမယ့် ကိစ္စတွေကိုပြောတယ်။ ဒါပေမဲ့ တချို့ကိစ္စတွေက တိုင်းဒေသကြီးအစိုးရ လုပ်ပိုင်ခွင့်ထဲမှာ မရှိဘူး။ တိုင်းဒေသကြီးအစိုးရက အကောင်အထည်ဖော်လို့ မရဘူး။ အဲဒီဂယက်က ဘယ်သူတွေကို လာခံစားရသလဲ ဆိုတော့ တိုင်းဒေသကြီးအစိုးရပဲ ပြန်ခံစားရတယ်။ ဒါကြောင့် အစိုးရသစ် တစ်ခုအနေနဲ့က အရင်အစိုးရ လုပ်ခဲ့တဲ့ အာဏာခွဲဝေမှုအပိုင်းမှာ ပြောင်းလဲသင့်တယ်လို့ ကျွန်တော်ထင်တယ်။ အဲဒီကျတော့မှ တိုင်းဒေသကြီးအစိုးရက လုပ်ပိုင်ခွင့် ပိုရလာမယ်။

မေး - အစိုးရရဲ့ နှစ်နှစ်ခွဲကျော် ကာလမှာ ပေးထားတဲ့ ကတိတွေ၊ လုပ်မယ်ဆိုပြီး ပြောထားခဲ့တဲ့ အရာတွေထဲမှာ ဘယ်လောက် အတိုင်းအတာအထိ ပြီးသွားပြီလဲလို့ အစ်ကို့အနေနဲ့ သုံးသပ်မိလဲ။

ဖြေ - ကျွန်တော်တို့ လွှတ်တော်ထဲမှာ ပြောခဲ့တဲ့ ကတိတွေ၊ စကားတွေကို အကောင်အထည်ဖော်နိုင်တာတော့ အစိုးရရဲ့ ဒီသက်တမ်း ကာလအထိကတော့ ထက်ဝက်လောက်ပဲ ပြီးသေးတယ်လို့ ပြောလို့ရတယ်။ ထက်ဝက်လောက်က မလုပ်နိုင်သေးဘူး။ ဥပမာ ပညာရေးပေါ့။ ပညာရေးဆိုရင် ကိုနိုင်ငံလင်း ကိုင်ရတာပေါ့။ ကျွန်တော့်မြို့နယ်မှာရှိတဲ့ ကျောင်းတစ်ကျောင်း ခြံစည်းရိုးပြင်ဖို့ ပြောထားတယ်။ သူကလည်း လုပ်ပေးမယ်ဆိုပြီး ပြောခဲ့တာပေါ့။ ဒါပေမဲ့ ပြည်ထောင်စုက လုပ်ပေးမယ့် ဘတ်ဂျက်ထဲမှာ ပါနေတော့ သူမလုပ်ပေးနိုင်ဘူး။ အဲဒီလိုဟာတွေရှိတယ်။ တချို့နေရာတွေမှာက အရင်တုန်းက လုပ်ခဲ့တဲ့ လုပ်ငန်းရပ်တွေကို ဆက်လက်ပြီး တာဝန်ခံမယ့် အစိုးရအတွက်ကလည်း ရှုပ်ထွေးမှုတွေ တအားများနေတာကိုလည်း တွေ့ရတော့ သူတို့လည်း အကောင်အထည်မဖော်နိုင်တဲ့ အပိုင်းတွေရှိတယ်။

မေး - အခုဆိုရင် ရန်ကုန်မှာ မြို့သစ်စီမံကိန်းတွေ လုပ်ကိုင်ဖို့ စီစဉ်နေတာပေါ့။ သမ္မတကြီး ဦးဝင်းမြင့်ကလည်း ရန်ကုန်မှာလုပ်မယ့် တချို့စီမံကိန်းတွေကို စဉ်းစားသုံးသပ်ဖို့ လိုအပ်တယ်ဆိုပြီး အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာလည်း ရှိတယ်။ အဲဒီအပေါ်မှာရော လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ဘာများပြောချင်ပါသလဲ။

ဖြေ - တကယ်တော့ မြို့သစ်စီမံကိန်းဆိုတာ နှစ်ရှည်သွားရမယ့် စီမံကိန်းတွေပေါ့။ လုပ်မယ်ဆိုရင်တောင် ဒီအစိုးရသက်တမ်းမှာ အစပျိုးပြီးပဲ လုပ်နိုင်မယ့် အနေအထားပေါ့။ အဲဒီလိုအနေအထားတွေ ရှိနေတော့ ဒီအစိုးရရဲ့ သက်တမ်းကာလမှာ လက်ရှိတည်ရှိနေတဲ့ မြို့တွေ၊ စက်မှုဇုန်တွေကိုပဲ ဖွံ့ဖြိုးအောင် စမတ်ကျအောင် လုပ်သင့်တယ်လို့ပဲ မြင်တယ်။ အဲဒါတွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်ရင် လတ်တလောမှာ ထင်ထင်ရှားရှား ပြောင်းလဲမှုကို ဖော်ဆောင်လို့ရမယ်။ အခု စတင် အကောင်အထည်ဖော်မယ်ဆိုတဲ့ မြို့သစ်စီမံကိန်းတွေ ဆိုတာကိုတော့ သိပ်မလက်မခံချင်ဘူး။ အဲဒါတွေကို မလုပ်ဘူးဆိုရင် နိုင်ငံ့ဘဏ္ဍာတွေလည်း ကုန်ကျမှု သက်သာသွားမယ်။ အဲဒီမှာ ကုန်ကျမယ့်ငွေတွေကို တခြားနေရာတွေမှာ ဖွံ့ဖြိုးစည်ပင်အောင် လုပ်မယ်ဆိုရင် တိုင်းပြည်ရဲ့ တိုးတက်နှုန်း ပြောင်းလဲနှုန်းတွေကို ထင်သာမြင်သာ ဖြစ်လာလိမ့်မယ်။ သမ္မတကြီး ပြောခဲ့တဲ့အပေါ်မှာလည်း လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ သဘောတူတယ်။ ကျွန်တော်တို့ကတော့ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာ၊ ကိုယ်လုပ်နိုင်တဲ့ ငွေကြေးအခြေအနေပေါ်မှာပဲ လုပ်စေချင်တယ်။

မေး -  ဘာများထပ်ပြီး ဖြည့်စွက် ပြောကြားချင်ပါသလဲ။ အစီရင်ခံစာနဲ့ ပတ်သက်ပြီးတော့။ 

ဖြေ -  ငွေကြေးအစီရင်ခံစာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ လွှတ်တော်အပိုင်းကတော့ အားနည်းချက်တွေကို ထောက်ပြခဲ့တယ်။ လိုအပ်မယ် ထင်တာတွေကို ပြောင်းလဲဖို့ ပြောခဲ့တယ်။ အဲဒီထောက်ပြခဲ့တဲ့ အချက်တွေကို  သက်ဆိုင်ရာ သက်ဆိုင်ရာ တာဝန်ရှိတဲ့ အဆင့်အမြင့်ဆုံး တာဝန်ရှိတဲ့သူတွေက လွှတ်တော်ကိုယ်စားလှယ်တွေ ထောက်ပြခဲ့တဲ့ အားနည်းချက်တွေကို ပြုပြင်ပြီးတော့ နိုင်ငံအတွက်ဆိုတဲ့ စိတ်နဲ့ လုပ်ဆောင်ရမှာပါ။ ဒီအစီရင်ခံစာထဲမှာ ပါတဲ့အချက်တွေထဲမှာ လိုအပ်နေတဲ့ အားနည်းနေတဲ့ နေရာတွေကို ပြုပြင်ပြောင်းလဲရမှာ သူတို့ (အစိုးရ) ရဲ့ တာဝန်ဖြစ်နေပါပြီ။ ကျွန်တော်တို့ ပြောင်းလဲနိုင်ဖို့အတွက် ပြည်သူက မဲပေးခဲ့တာ။ နောက်သက်တမ်းမှာ ကျွန်တော်တို့ပဲ တက်တက် ဘယ်သူပဲ တက်တက် ရှုပ်နေတဲ့အရာတွေကို ရှင်းနိုင်ဖို့ လုပ်ရမယ်။ နောက်တက်မယ့် သူတွေကို ပထမအရှုပ်တွေကို မရှင်းခိုင်းချင်ဘူး။ ကျွန်တော်တို့ပဲ ရှင်းခဲ့ရမယ်။ အဲဒါမှလည်း အပြောင်းအလဲ ဆိုတာဖြစ်မယ်။ 

 

Most Read

Most Recent