ချန်ပီယံလိဂ် ဂိုးသွင်းအများဆုံးစာရင်းတွင် နစ္စတယ်ရွိုင်းကို ဘန်ဇီမာ ကျော်ဖြတ်

ချန်ပီယံလိဂ် ဂိုးသွင်းအများဆုံးစာရင်းတွင် နစ္စတယ်ရွိုင်းကို ဘန်ဇီမာ ကျော်ဖြတ်
Published 25 October 2018

ရီးယဲလ်မက်ဒရစ်အသင်း၏ တိုက်စစ်မှူး ဘန်ဇီမာသည် ပြီးခဲ့သည့် အင်္ဂါနေ့ကယှဉ်ပြိုင်ခဲ့သော ရီးယဲလ် (၂-၁) ဗစ်တိုးရီးယားပါလ်ဇန် ပွဲစဉ်တွင် ဂိုးသွင်းယူခဲ့ပြီးနောက် ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဂိုးသွင်းအ များဆုံးကစားသမားစာရင်း (ခြေစစ်ပွဲ သွင်းဂိုးများမပါ)တွင် မန်ယူအသင်းတိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် ဘန်ဇီမာသည် ပွဲချိန် (၁၁)မိနစ်၌ အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ခြင်းဖြစ်ပြီး ယင်းမှတ်တမ်းကို ရရှိခဲ့ခြင်းဖြစ်သည်။ ဘန်ဇီမာသည် ယခင်က ချန်ပီယံဂိုးအများဆုံးသွင်းသူစာရင်းတွင် သွင်းဂိုး (၅၆)ဂိုးဖြင့် မန်ယူနှင့် ရီးယဲလ်တိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းနှင့်အတူ စတုတ္ထနေရာတွင် ပူးတွဲရပ်တည်နေသော်လည်း ယခုအခါ သွင်းဂိုး (၅၇) ဂိုးဖြင့် တစ်ဦးတည်းလွတ်လွတ်ကျွတ်ကျွတ် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

ဘန်ဇီမာသည် ချန်ပီယံလိဂ်သွင်းဂိုး (၅၇) ဂိုးအတွက် (၁၀၇) ပွဲ ကစားခဲ့ရပြီး တစ်ပွဲပျမ်းမျှ (၀.၅၃) ဂိုးအထိ သွင်းယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ ယခုသွင်းဂိုးကြောင့် ဘန်ဇီမာအနေဖြင့် ယခုရာသီ ရီးယဲလ်အသင်း အတွက် (၉)နာရီနှင့် (၂၄)မိနစ်ကြာ ဂိုးပေါက်ပျောက်ဆုံးမှုကိုလည်း အဆုံးသတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ချန်ပီယံလိဂ် ဂိုးအများဆုံးသွင်းသူများ

(ခြေစစ်ပွဲများမပါဝင်)

အမည်            အသင်း                သွင်းဂိုး

စီရော်နယ်လ်ဒို    မန်ယူ၊ ရီးယဲလ်    ၁၂၀ ဂိုး

မက်ဆီ            ဘာစီလိုနာ              ၁၀၅ ဂိုး

ရာအူးလ်   ရီးယဲလ်၊ ရှော်လ်ကေး        ၇၁ ဂိုး

ဘန်ဇီမာ     လိုင်ယွန်၊ ရီးယဲလ်           ၅၇ ဂိုး

နစ္စတယ်ရွိုင်း PSV၊ မန်ယူ၊ ရီးယဲလ်    ၅၆ ဂိုး

Most Read

Most Recent