ပြည်သူ့လွှတ်တော်တွင် ငြိမ်းစုစီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ဆွေးနွေးရန် စာရင်းပေးသွင်းထားသည့် တပ်မတော်သားကိုယ်စားလှယ်များ အနေဖြင့် ဥပဒေကြမ်းကော်မတီနှင့် ညှိနှိုင်းမှုများ မပြုလုပ်ဘဲ လွှတ်တော်တွင်း ဆွေးနွေးရန် စာရင်းပေးထားကြောင်း သိရ

ပြည်သူ့လွှတ်တော်တွင် ငြိမ်းစုစီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ဆွေးနွေးရန် စာရင်းပေးသွင်းထားသည့် တပ်မတော်သားကိုယ်စားလှယ်များ အနေဖြင့် ဥပဒေကြမ်းကော်မတီနှင့် ညှိနှိုင်းမှုများ မပြုလုပ်ဘဲ လွှတ်တော်တွင်း ဆွေးနွေးရန် စာရင်းပေးထားကြောင်း သိရ
Published 24 October 2018
စည်သူ

ပြည်သူ့လွှတ်တော်တွင် ငြိမ်းစုစီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ဆွေးနွေးရန် စာရင်းပေးသွင်းထားသည့် တပ်မတော်သားကိုယ်စားလှယ်များ အနေဖြင့် ဥပဒေကြမ်း ကော်မတီနှင့် ညှိနှိုင်းမှုများမပြုလုပ်ဘဲ လွှတ်တော်တွင်း ဆွေးနွေးရန် စာရင်းပေးထားကြောင်း ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီထံမှ သိရသည်။ 

ကန့်ကွက်ဆန္ဒပြမှုများရှိခဲ့ပြီး အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုခဲ့သည့် ငြိမ်းစုစီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ဆွေးနွေးရန် ပြည်သူ့လွှတ်တော်မှ တပ်မတော်သားကိုယ်စားလှယ် ၆၀ အပါအဝင် NLD ပါတီ၊ ရခိုင်အမျိုးသားပါတီနှင့် ပြည်ခိုင်ဖြိုးပါတီတို့မှ အရပ်သားကိုယ်စားလှယ် ၂၀ စုစုပေါင်း ကိုယ်စားလှယ် ၈၀ က စာရင်းပေးသွင်းထားခြင်းဖြစ်သည်။ 

“တခြားကိုယ်စားလှယ်တွေကတော့ လျော့ပြီးတော့ Withdraw လုပ်သွားတာမျိုး ရှိသလို တပ်မတော်သား ကိုယ်စားလှယ်အားလုံးကတော့ လွှတ်တော်ထဲမှာ ဆွေးနွေးဖို့ စာရင်းပေးထားပါတယ်။ ဥပဒေကြမ်းမှာ ညှိနှိုင်းမှု မလုပ်ပါဘူး” ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီမှ အတွင်းရေးမှူး ဦးကျော်စိုးလင်းက ပြောကြားသည်။ 

လက်ရှိအချိန်တွင် ငြိမ်းစုစီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ဥပဒေကြမ်းကော်မတီက ဆွေးနွေးမှုများ ပြုလုပ်ပြီး၍ ပြည်သူ့လွှတ်တော်သို့ တင်ပြထားရာ လွှတ်တော်၏ အချိန်ရမှုပေါ်မူတည်၍ လာမည့်ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးရန် ရှိနိုင်ကြောင်း ၎င်းက ပြောကြားသည်။ 

အဆိုပါ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်သို့ အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၃) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ဖေဖော်ဝါရီ ၁၉ ရက်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး မတ် ၇ ရက်တွင် ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း ၁၉၄ ဦးရှိသည့်အနက် ထောက်ခံမဲ ၁၁၃ မဲ၊ ကန့်ကွက်မဲ ၇၈ မဲ ဖြင့် အတည်ပြုခဲ့ခြင်းဖြစ်ကာ ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးရန် ပေးပို့လာခြင်းဖြစ်သည်။ 

ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော် အနေဖြင့် အတည်မပြုသင့်ကြောင်းကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ရခိုင်အမျိုးသားပါတီဝင် ဦးခင်မောင်လတ်၊ ဦးကျော်ကျော်၊ NLD ပါတီဝင် ဒေါ်နော်လှလှစိုး၊ ဦးရဲထွဋ်၊ ဦးတင်အောင်ထွန်း၊ ဦးဌေးဦး၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ် ဦးစိုးသိန်း၊ ပြည်ခိုင်ဖြိုးပါတီဝင် ဦးစိုင်းသန်းနိုင်နှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် နှစ်ဦးက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

ထို့ပြင်ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်တွင် တစ်ပိုဒ်ချင်းစီအလိုက် မဲခွဲအတည်ပြုခဲ့ပြီး ဥပဒေကြမ်းတစ်ခုလုံးအား အတည်ပြုပေးရန် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူးက အဆိုတင်သွင်းချိန်တွင် တပ်မတော်သားကိုယ်စားလှယ်က ထပ်မံကန့်ကွက်ခဲ့ရာ၌ ယင်းသို့ ကန့်ကွက်ရခြင်းသည် အမျိုးသားလွှတ်တော်ဥပဒေအရ တစ်ရက်တည်းတွင် ဆွေးနွေးဆုံးဖြတ်ခဲ့သည့်အတွက် ကန့်ကွက်ရခြင်းဖြစ်ကြောင်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကလည်း အငြင်းပွားဖွယ်ရာကိစ္စများ ဖြစ်ပေါ်ပါက လွှတ်တော်၏ သဘောတူညီချက်ဖြင့် ဆက်လက်ဆောင်ရွက်နိုင်သည့် အတွက် လွှတ်တော်အဆုံးအဖြတ်ရယူကာ ဥပဒေကြမ်းအား အတည်ပြုခဲ့ခြင်းဖြစ်သည်။ 

ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အရပ်ဘက်အဖွဲ့အစည်း ၁၈၈ ဖွဲ့နှင့် တစ်သီးပုဂ္ဂလ ၁၇ ဦးတို့က သဘောထား ထုတ်ပြန်ချက်များ ပူးပေါင်း ထုတ်ပြန်ပြီး ပယ်ဖျက်ပေးရန် တောင်းဆိုခဲ့ကြသည့်အပြင် မတ် ၅ ရက်က လူဦးရေအင်အား ၅၀၀ ခန့်ဖြင့် ပယ်ဖျက်ပေးရန် ရန်ကုန်မြို့၌ ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြသည်။  

Most Read

Most Recent