မန်ယူအသင်းနည်းပြအဖွဲ့ဝင် ကာရစ်နှင့် တွေ့ဆုံခြင်း

မန်ယူအသင်းနည်းပြအဖွဲ့ဝင် ကာရစ်နှင့် တွေ့ဆုံခြင်း
Photos: AFP,Guardian
Photos: AFP,Guardian
Published 24 October 2018

 

မေး ■ ခင်ဗျားက နယူးကာဆယ်မှာ ကြီးပြင်းခဲ့တယ်၊ ဝက်စ်ဟမ်းမှာ ကစားသမားဘဝစတင်ခဲ့တယ်။ ဒါပေမဲ့ ခင်ဗျားရဲ့စာအုပ်မှာ ယူနိုက်တက်က အကြောင်းတွေချည်းပဲနော်။

ဖြေ ■ ကျွန်တော် ဒီစာအုပ်ကို လုပ်နေတဲ့အချိန်မှာ ခေါင်းထဲမှာရှိနေတာက မန်ချက်စတာက အကြောင်းတွေပါ။ ကျွန်တော် ဝက်စ်ဟမ်းလူငယ်အသင်းသားဘဝက ဧည့်သည်အသင်းဖြစ်တဲ့ ယူနိုက်တက်ရဲ့ အဝတ်လဲခန်းမှာ သန့်ရှင်းရေးလုပ်နေခဲ့တဲ့အချိန် နည်းပြကြီး ဆာအဲလက်စ်ကို ရုတ်တရက်လှမ်းတွေ့လိုက်တာ အခုထိမှတ်မိနေတုန်းပဲ။ မျက်လုံးအဝိုင်းသားနဲ့၊ ရိုသေလေးစားမှု အပြည့်နဲ့ ဂန္ထဝင်နည်းပြကြီးကို ငေးမောခဲ့ရတယ်။ နယူးကာဆယ်မှာ ယူနိုက်တက်ကို အားပေးတဲ့သူမရှိဘူး။ ကျွန်တော်လည်း အစက ယူနိုက်တက်ပရိသတ်မဟုတ်ပါဘူး။ နောက်မှ တဖြည်းဖြည်းနဲ့ ယူနိုက်တက်မှ ယူနိုက်တက် ဖြစ်ခဲ့တာပါ။

မေး ■"ငါ အောင်မြင်နိုင်တယ်" လို့ ခင်ဗျား ယုံကြည်မိခဲ့တဲ့အချိန်ကို ပြောပြပေးနိုင်မလား။

ဖြေ ■ ကျွန်တော် ယူနိုက်တက်ကို မရောက်ခင်အထိ အောင်မြင်မှုတွေအကြောင်း သိပ်မတွေးခဲ့ဖူးပါဘူး။ ၂၀၀၆ ကမ္ဘာ့ဖလားအပြီး ယူနိုက်တက်ကို ကျွန်တော် ရောက်ခဲ့တယ်။ စပါးမှာတုန်းက အသင်းခြေစွမ်းပြနေ ရင်တောင် ဖလားရဖို့ သိပ်မတွေးမိခဲ့ဘူး။ ငါတို့ ဒီလိုခြေစွမ်းနဲ့ ဘယ်လောက်ဝေးဝေးသွားနိုင်မှာလဲ၊ ငါတို့ ချန်ပီယံလိဂ်ဝင်ခွင့်တော့ ရနိုင်ပါတယ်။ ဒီလိုမျိုးပဲ တွေးဖြစ်ခဲ့တာပါ။ ယူနိုက်တက်ရောက်တော့ ငါ ဆုဖလားတွေ ရယူနိုင်စွမ်းရှိတယ်လို့ ယုံကြည်မှုတွေရှိလာခဲ့ပါတယ်။

မေး ■ ခင်ဗျားပြန်ပြောချင်တဲ့ အပျော်ရွှင်ရဆုံး ကစားသမားဘဝအမှတ်တရက ဘာဖြစ်မလဲ။

ဖြေ ■ မော်စကိုက ချန်ပီယံလိဂ်ညလို့ ပြောမယ်လို့ အများစုထင်ကြလိမ့်မယ်၊ မဟုတ်ပါဘူး။ ၂၀၁၆ FA ဖလား ဗိုလ်လုပွဲပါ။ ဒီဗိုလ်လုပွဲကို နိုင်ပြီးတော့ ကျွန်တော့်ကလေးတွေနဲ့အတူ အောင်ပွဲခံခဲ့တယ်။ အောင်ပွဲခံပါတီမှာ လည်း မိသားစုအစုံအလင်နဲ့ ပျော်ပျော်ပါးပါးဖြတ်သန်းခဲ့တယ်။ ကျွန်တော့်အတွက် နောက်ဆုံးရတဲ့ဆုဖလားလို့ ကျွန်တော်ထင်ခဲ့တယ်။ တကယ် စပါယ်ရှယ်အခိုက်အတန့် ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်ကလေးတွေ ဒီဆု ဖလားကြောင့် အရမ်းပျော်နေတာကို မြင်ရတာက ကျွန်တော့်အတွက် မမေ့နိုင်စရာအချိန်လေးပါ။

မေး ■ ခင်ဗျားစာအုပ်ထဲမှာ ခင်ဗျားစိတ်ဓာတ်ကျခဲ့တဲ့အချိန်ကအကြောင်းတွေ အများကြီးပါတယ်နော်။ အဲဒီ လို ပြန်ပြောပြရတာ ခက်ခဲခဲ့သလား။

ဖြေ ■ မခက်ခဲပါဘူး။ ဒီအကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောပြဘူးလို့ ကျွန်တော် မတွေး ခဲ့ဖူးပါဘူး။ ဒီစိတ်ဓာတ်ကျမှုတွေက တကယ်ပဲဖြစ်ခဲ့ပါတယ်။ ဒီအတွက်လည်း ကျွန်တော် ရှက်နေမှာမဟုတ်ပါဘူး။ လူတွေက အင်္ဂလန်အတွက် မကစားရတဲ့အချိန်မှာ စိတ်ပျက်ခဲ့သလားလို့ မေးကြတယ်။ ဟုတ်ကဲ့ စိတ်ပျက်ပါတယ်။ အဲဒါက ခက်ခဲတဲ့အချိန်တွေဖြစ်ခဲ့ပါတယ်။ ကျွန်တော့်မှာ ပျော်ရွှင်စရာမိသားစုဘဝ၊ အောင်မြင်တဲ့ ကလပ်ကစား သမားဘဝ ပိုင်ဆိုင်ပေမယ့် ကျွန်တော် စိတ်ဓာတ်ကျခဲ့ရပါတယ်။ အဲဒါက ၂၀၀၉ ချန်ပီယံလိဂ် ဗိုလ်လုပွဲအရှုံးကနေ စခဲ့တယ်ထင်ပါတယ်။ တကယ်စိတ်ထိခိုက်စရာကောင်းပြီး အဲဒီအရှုံးက ကျွန်တော့်ကို ၂၀၁၀ အကုန်လောက်အထိ စိတ်ဖိစီးမှုတွေ ပေးခဲ့ပါတယ်။

မေး ■ အခု ခင်ဗျားက နည်းပြအဖွဲ့ဝင်ဖြစ်နေပြီဆိုတော့ အသင်းဖော်တွေကို နည်းပြလုပ်ရတာ ခက်ခဲမှုရှိသလား။

ဖြေ ■ ဟုတ်ကဲ့။ ခက်ခဲပါတယ်။ ဒါပေမဲ့ ကောင်လေးတွေက တော်ပါတယ်။ သူတို့ ကျွန်တော့်ကို အသွင်(၂)မျိုးစလုံးမှာ လေးစားမှုပေးကြပါတယ်။ နည်းပြအနေနဲ့ ကျွန်တော်နေရတာ သက်သောင့်သက်သာရှိအောင် သူတို့ဆက်ဆံကြတယ်။ ကျွန်တော် ပျော်ရွှင်ရပါတယ်။ ကစားသမားဘဝကနေ နည်းပြဘဝအကူးအပြောင်းမှာ ချောချောမွေ့မွေ့ဖြစ်ခဲ့ပြီး ခက်ခဲတာမျိုးမရှိခဲ့ပါဘူး။

မေး ■ ခင်ဗျားက ဟာရီရက်နက်ပ်၊ ဖာဂူဆန်၊ အဲရစ်ဆင်၊ မော်ရင်ဟို တို့လက်အောက်မှာ ကစားခဲ့သူဆိုတော့ သူတို့ဆီက ပညာတွေ မှတ်သားထားတာမျိုးရှိခဲ့သလား။

ဖြေ ■ ကျွန်တော် ကြိုးစားခဲ့ပါတယ်။ ငယ်ငယ်က ဘောလုံးကစားဖို့ပဲ အာရုံစိုက်တာများခဲ့ပြီး နည်းပြက ဘာကြောင့် ဘာလုပ်ရတယ်ဆိုတာကို လေ့လာမှုသိပ်မရှိခဲ့ပါဘူး။ သေချာပြန်တွေးကြည့်မှ သူတို့က တကယ်တော်ပါလားလို့ သိလာတယ်။ ဒီလို ပြန်စဉ်းစားကြည့်ပြီး ပြန်လေ့လာရတာပါ။ ကျွန်တော့်နည်းပြဖြစ်ခဲ့သူတိုင်းဆီမှာ သင်ယူစရာတွေ အများကြီးရှိတယ်။

မေး ■ မော်ရင်ဟိုလက်အောက်မှာ နည်းပြအဖွဲ့ဝင်လုပ်ရတာ ဘယ်လိုနေသလဲ။

ဖြေ ■ နည်းပြဘဝကိုမဝင်ခင် အတော်လေးစဉ်းစားလိုက်ရသေးတယ်။ နည်းပြဖြစ်လာတော့ ကစားသမားဘဝနဲ့ တော်တော်ခြားနားသွားတယ်။ လေ့ကျင့်ခန်းအစီအစဉ်တွေ၊ ကစားပွဲအတွက် ပြင်ဆင်မှုတွေပေါ့။ အခု ကျွန်တော်ပြင်ဆင်နေရတာတွေက ကစားသမားဘဝတုန်းကနဲ့ ကွဲပြားသွားပြီလေ။ အခု ကျွန်တော် မော်ရင်ဟိုနဲ့ နီးနီးကပ်ကပ်နေတယ်။  သူ့ကိုကူညီထောက်ပံ့ပေးတယ်။ သူ ဘယ်လိုစီမံခန့်ခွဲသလဲ၊ ဘယ် လိုတုံ့ပြန်သလဲ၊ ဒီအရာတွေကို ကျွန်တော်အချိန်တိုင်း လေ့လာနေပါတယ်။ ကစားသမားဘဝနဲ့ လုံးဝကွဲပြားသွားပါပြီ။