အကယ်ဒမီနေတိုးနှင့် တွေ့ဆုံခြင်း

အကယ်ဒမီနေတိုးနှင့် တွေ့ဆုံခြင်း
Published 24 October 2018
စုမှူးနိုင်

ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်ပြီး ပြောင်မြောက်တဲ့ အနုပညာနဲ့ သရုပ်ဆောင်နိုင်စွမ်းတွေကိုပါ ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ဦးကတော့ အကယ်ဒမီနေတိုးပါ။ ချစ်ရတဲ့ညီငယ်ကို ဆုံးရှုံးထားရပြီး အနုပညာလှုပ်ရှားမှုတွေ ခေတ္တနားခဲ့ပြီး သာ့သနာ့ဘောင်ကို ဝင်ရောက်ခဲ့သူပါ။ လက်ရှိအချိန်မှာတော့ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေပြီဖြစ်တဲ့ နေတိုးနဲ့တွေ့ဆုံခိုက် နိုဝင်ဘာ ၉ ရက်မှာ ရုံတင်ပြသမယ့် ‘အမုန်းတွေ ခေါက်ထားလိုက်’ ဇာတ်ကားနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေအပြင် လက်ရှိအနုပညာလှုပ်ရှားမှုတွေ အကြောင်းကိုပါ မေးမြန်းဖြစ်ခဲ့ပါတယ်။

■ မေး - အနုပညာလှုပ်ရှားမှုတွေ ဘယ်တော့လောက် ပြန်ပြီးစလုပ်ဖြစ်မလဲ။

ဖြေ - ကျွန်တော်အနေနဲ့ အောက်တိုဘာ ၂၅ ရက်ကစပြီး ဇာတ်ကားရိုက်ကူးမှုတွေပြန်ပြီး လုပ်ဆောင်မှာပါ။

■ မေး - အောက်တိုဘာ ၂၅ ရက်မှာ စပြီးရိုက်ကူးမယ့် ဇာတ်ကားလေးအကြောင်း ပြောပြပေးပါဦး။

ဖြေ - အောက်တိုဘာ ၂၅ ရက်မှာစပြီး ရိုက်ကူးမယ့် ဇာတ်ကားလေးက ‘ဦးတိုးကြီးသားအလတ်ကောင်’ ဆိုတဲ့ဇာတ်ကားလေးပါ။ ဒါရိုက်တာက ကျော်ဇောလင်း (အတွေးပုံရိပ်) နဲ့ပါ။ မင်းသမီးကတော့ မအူဝဲ (အိန္ဒြာကျော်ဇင်) ပါမှာပါ။

■ မေး - သာသနာ့ဘောင်ဝင်ခဲ့ရတဲ့ အတွေ့အကြုံကို ပြောပါပေးပါဦး။

ဖြေ - အဓိကကတော့ ၀ိပဿနာတရားကို ရှုမှတ်ရတာပါ။ စိတ်ကိုစင်ကြယ်အောင် ဆေးကြောသန့်စင်ရတဲ့ တရားတွေဖြစ်တဲ့အတွက် ကျင့်ကြံပြီးချိန်မှာ ကိုယ်ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေအပေါ် ရင်ဆိုင်ဖို့ အင်အားတစ်ခု ဖြစ်လာခဲ့တယ်။ ကိုယ့်ကိုကိုယ် ပိုပြီးယုံကြည်မှု ရှိလာခဲ့တယ်။ 

■ မေး - သီတင်းကျွတ်လပြည့်နေ့မှာ မင်းသွေးအတွက် ရည်စူးပြီး တရားပွဲလုပ်ဖြစ်တဲ့ အကြောင်းလေးလည်း ပြောပြပေးပါဦး။

ဖြေ - ကျွန်တော်တို့တွေ မင်းသွေးအတွက်ရည်စူးပြီး အလှူတွေ လုပ်ဖြစ်နေပါတယ်။ မိသားစုတွေအနေနဲ့ရော သူငယ်ချင်းတွေအနေနဲ့ရော ရုပ်ရှင်အသိုင်းအဝိုင်းတွေကအစပေါ့။ မင်းသွေးအတွက် တတ်နိုင်တဲ့ဘက်ကနေ ကုသိုလ်တွေ လုပ်ပေးနေကြတာပါ။ သီတင်းကျွတ်လပြည့်နေ့မှာလည်း 7 Sense Film Production နဲ့ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားအဖွဲ့သားတွေပေါင်းပြီး မင်းသွေးအတွက် အလှူတစ်ခုအဖြစ် ‘သံဝေဂနှလုံးသား ဓမ္မသဘင်’ ဆိုတဲ့ တရားပွဲလေးလုပ်ဖြစ်တာပါ။ အဲဒီတရားပွဲမှာ ရွှေပါရမီဆရာတော် အရှင်ဆန္ဒာဓိက (သာသနဓဇ ဓမ္မာစရိယ) က တရားဟောကြားပေးမှာပါ။

■ မေး - မင်းသွေးနဲ့ အစ်ကိုတို့နှစ်ယောက် အတူသရုပ်ဆောင်ထားတဲ့ ‘မုန်းစွဲ’ ဇာတ်ကားကိုရော ပရိသတ်တွေ ဘယ်တော့လောက် ကြည့်ခွင့်ရမလဲ။

ဖြေ - ‘မုန်းစွဲ’ ရုပ်ရှင်ဇာတ်ကားကို နိုဝင်ဘာလထဲမှာ ပြသသွားမှာပါ။ ဒီဇာတ်ကားက ကျွန်တော်တို့ ရုပ်ရှင်ရိုက်ကူးလာတဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ ဘုန်းဘုန်းဟောတဲ့ တစ်ကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ခုကို ရုပ်ရှင်အဖြစ် ရိုက်ကူးခွင့်ရခဲ့တဲ့အတွက် အရမ်းကို ကျေနပ်ပီတိဖြစ်ရသလို အကောင်းဆုံးလည်း ကြိုးစားထားပြီး ကိုယ်တိုင်လည်း စိတ်ကျေနပ်မှုရှိတဲ့ဇာတ်ကားပါ။ ပရိသတ်တွေ ကြည့်ခွင့်ရတဲ့အခါမှာလည်း စိတ်ကျေနပ်မှု အပြည့်ရစေမယ်လို့ ထင်ပါတယ်။ 

■ မေး - အစ်ကိုအနေနဲ့ ခုနောက်ပိုင်းတွေမှာ ဘယ်လို ဇာတ်ကောင်မျိုးတွေကို ပိုပြီးသရုပ်ဆောင်လာလဲ။

ဖြေ - ကျွန်တော်ကိုယ်တိုင်က ကိုယ်သရုပ်မဆောင်ဖူးသေးတဲ့ဇာတ်ရုပ်တွေကို ကွဲလွဲအောင် သရုပ်ဆောင်ရတာတွေကို အရမ်းကိုဝါသနာကြီးတဲ့ အထဲမှာပါတယ်။ ကိုယ်တိုင်ကလည်း သာမန်ဇာတ်ကား၊ သာမန်သရုပ်ဆောင်မှု ဇာတ်လမ်းပုံစံမျိုးဆိုသိပ်ပြီး ရင်ခုန်လေ့မရှိဘူး။ ကျွန်တော့်ပရိသတ်တွေကလည်း အဲဒီလိုပဲ။ ဇာတ်အိမ်အရမ်းကောင်းပြီး ဇာတ်လမ်းတင်ပြမှု ပုံစံအားကောင်းတာမျိုးဆို အကြောင်းမရှိပေမယ့် သာမန်မရိုက်လည်း ဘာမှမဖြစ်ဘူးဆိုတဲ့ ဇာတ်လမ်း၊ ဇာတ်အိမ်မျိုး သရုပ်ဆောင်မှုမျိုးဆိုရင် ကိုယ်တိုင်ကလည်း ရင်ခုန်မှုသိပ်မရှိဘူး။ ဒါကြောင့်မို့လည်း အခုနောက်ပိုင်းမှာဆိုရင် ပရိသတ်တွေက ရသမျိုးစုံပေးနိုင်မယ့် ဇာတ်လမ်းကောင်းတွေ ဇာတ်ကောင်စရိုက်တွေကို ဦးစားပေးပြီးတော့ ရွေးချယ်ရိုက်ကူး ဖြစ်နေပါတယ်။ ကိုယ်တိုင် သရုပ်ဆောင်ချင်တဲ့ အရာတွေကလည်း တစ်ခါတရံမှာ ကိုယ့်ဆီကို ရောက်မလာတာမျိုးတွေလည်း ရှိတဲ့အတွက် နောက်ပိုင်းမှာ ကိုယ်တိုင်လုပ်ချင်တဲ့ ဇာတ်ကောင်မျိုးတွေကို ပြောပြပြီး ဖန်တီးတာမျိုးတွေလည်း လုပ်သွားဖို့ရှိပါတယ်။ 

■ မေး - ဒီနှစ်ထဲမှာ ရိုက်ကူးဖို့စီစဉ်ထားတဲ့ ဇာတ်ကားလေးတွေရှိရင်လည်း ပြောပြပေးပါဦး။

ဖြေ - ရိုက်ကူးဖို့ စီစဉ်ထားတဲ့ ဇာတ်ကားတွေကတော့ အများကြီးပါပဲ။ 7 Sense Film Production နဲ့လည်း ထိတ်လန့်သည်းဖိုနဲ့သွားမယ့် ဟာသဇာတ်ကားလေး ရိုက်ကူးဖို့ရှိပါတယ်။ ပရိသတ်တွေ အားပေးနှစ်သက်ခဲ့ကြတဲ့ ‘ကြောက် ကြောက် ကြောက်’ ဇာတ်ကားပုံစံမျိုးပေါ့။ ဇာတ်လမ်းကတော့ မတူဘဲနဲ့ ပုံစံသစ်လေးတစ်မျိုးနဲ့ ရိုက်ကူးသွားဖို့ရှိပါတယ်။

■ မေး - နိုဝင်ဘာ ၉ ရက်မှာ ရုံတင်ပြသမယ့် အမုန်းတွေခေါက်ထားလိုက် ဇာတ်ကားအတွက် ဘယ်လိုတွေ ပြင်ဆင်ခဲ့ရတာရှိမလဲ။

ဖြေ - ဒီဇာတ်ကားက နေရာတစ်ခုတည်းမှာပဲ ဦးတည်ပြီးရိုက်ကူးရတာဖြစ်လို့ အတတ်နိုင်ဆုံးတော့ ပရိသတ်တွေကို ဇာတ်ကား အစအဆုံး ဆွဲခေါ်နိုင်ဖို့အတွက် ဇာတ်ကားထဲမှာ ပါဝင်မယ့် တင်ဆက်မှုပိုင်းတွေနဲ့ စကားလုံးတွေကို အဓိကထားပြီး ညှိနှိုင်းပြင်ဆင်ခဲ့ရပါတယ်။ နောက်ပြီး ရိုက်ကူးတဲ့အခါမှာလည်း ဇာတ်ဝင်ခန်းအတော်များများက မရိုက်ကူးခင်မှာ သုံးကြိမ်ထက်မနည်း အစမ်းလေ့ကျင့်မှုတွေ လုပ်ရတယ်။ တကယ်ရိုက်ပြီဆိုတဲ့ အခါမှာလည်း တစ်ကြိမ်တည်းနဲ့ ပြီးတယ်ဆိုတာမျိုး မရှိဘူး။ တစ်ခန်းချင်းစီတိုင်းကို သေချာအချိန်ယူပြီး ရိုက်ကူးခဲ့တဲ့ ဇာတ်ကားလေးပါ။ 

■ မေး - အမုန်းတွေခေါက်ထားလိုက် ရုပ်ရှင်ဇာတ်ကားကို လာကြည့်မယ့်ပရိသတ်တွေအတွက် ပြောချင်တာရှိရင်။

ဖြေ - မိုးဟေရဲ့ မိုးရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ခဲ့တဲ့ ‘အမုန်းတွေခေါက်ထားလိုက်’ ဇာတ်ကားမှာ ကျွန်တော်နဲ့ မိုးဟေတို့နှစ်ယောက် အပြိုင်အဆိုင် အပီအပြင် ကြိုးစားထားတဲ့ ဇာတ်ကားပါ။ ဒီဇာတ်ကားလေးက ပရိသတ်တွေ အထူးသဖြင့် ကလေးတွေပိုပြီး နှစ်သက်မယ်လို့ ထင်ပါတယ်။ ပရိသတ်တွေကို ရင်ခုန်စရာတွေနဲ့အတူ ရယ်မောပျော်ရွှင်ရမယ့် ဇာတ်ကားလေးပါ။

■ မေး - သီတင်းကျွတ်ကာလအတွက် ပရိသတ်တွေကို စကားလက်ဆောင်လေး ပြောပေးပါဦး။

ဖြေ - ပရိသတ်တွေ အားလုံးစိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။ ပြုပြုသမျှသော ကုသိုလ်ကောင်းမှုအားလုံးကိုလည်း ပရိသတ်တွေအတွက် အမျှပေးဝေပါတယ်။ အားလုံးပဲသာဓုခေါ်ပြီး ကုသိုလ်တွေရပါစေ။                         

Most Read

Most Recent