မိမိတို့အသင်းမှာ ဂျူဗင်တပ်စ်နှင့်ဝေးကွာသည့်အဆင့်တွင်သာရှိကြောင်း မော်ရင်ဟို ဝန်ခံ

မိမိတို့အသင်းမှာ ဂျူဗင်တပ်စ်နှင့်ဝေးကွာသည့်အဆင့်တွင်သာရှိကြောင်း မော်ရင်ဟို ဝန်ခံ
Published 24 October 2018

မန်ယူအသင်းနည်းပြ မော်ရင်ဟိုက ဂျူဗင်တပ်စ်အသင်းအား အိုးလ်ထရက်ဖို့ဒ်ကွင်းတွင် (၀-၁)ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် မိမိတို့အသင်းမှာ ဂျူဗင်တပ်စ်နှင့်ဝေးကွာသည့်အဆင့်တွင်သာရှိကြောင်း ဝန်ခံပြောကြားခဲ့သည်။

မန်ယူအသင်းသည် အဆိုပါပွဲစဉ်တွင် ရှုံးနိမ့်ခဲ့ခြင်းကြောင့် ဂျူဗင်တပ်စ်အသင်းအား လိုက်မီရန်ခက်ခဲသွားခဲ့ပြီး အုပ်စုဒုတိယနေရာအတွက်သာ ဗလင်စီယာအသင်းနှင့်အပြိုင် ကြိုးစားရတော့မည်ဖြစ်သည်။

မော်ရင်ဟိုက မန်ယူကစားသမားဟောင်း စီရော်နယ်လ်ဒိုပါဝင်သည့် ဂျူဗင်တပ်စ်အသင်းသည် ပြီးခဲ့သည့်နှစ်များအတွင်း အမှတ်ပေးချန်ပီယံဆုကို (၇)ကြိမ်ဆက်ရယူနိုင်ခဲ့သလို ဥရောပတွင်လည်း နောက်ဆုံး(၄)ရာသီအတွင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ (၂)ကြိမ်တိုင် တက်လှမ်းနိုင်ခဲ့ခြင်းကြောင့် ဥရောပ၏ထိပ်တန်းအသင်းတစ်သင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

မော်ရင်ဟိုက '' ကျွန်တော်တို့ဟာ ဒီရာသီမှာ ဗိုလ်စွဲဖို့ရေပန်းအစားဆုံးအသင်းတစ်သင်းနဲ့ ကစားခဲ့ရတာပါ။ ကျွန်တော့် ကစားသမားတွေ အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဗလင်စီယာအသင်းနဲ့ သရေကျတဲ့ပွဲပြီးကတည်းက ကျွန်တော်တို့အနေနဲ့ ဒုတိယနေရာအတွက်ပဲ ယှဉ်ပြိုင်ရတော့မယ်ဆိုတာ သုံးသပ်မိတယ်။ ကျွန်တော်တို့အသင်းရဲ့လက်ရှိအခြေအနေဟာ ဂျူဗင်တပ်စ်အသင်းရဲ့နောက် တော်တော်ဝေးဝေးမှာ ရှိနေတယ်လို့ ဆိုရမှာပါ။ သူတို့ဟာ ကျွန်တော်တို့နဲ့ခြားနားတဲ့အရာတွေအများကြီးရှိတယ်။ အတွေ့အကြုံရော၊ အရည်အသွေးပိုင်းမှာပါ သူတို့က သာလွန်နေတယ်။ စီရော်နယ်လ်ဒိုလို ကမ္ဘာ့အကောင်ဆုံးကစားသမားကို ခေါ်ယူခဲ့တယ်။ သူတို့က ချန်ပီယံလိဂ်တင်မကဘဲ ဆုဖလားအားလုံးကို ရယူနိုင်ဖို့ ရည်ရွယ်တည်ဆောက်နေတဲ့အသင်းဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။

မော်ရင်ဟိုသည် မန်ယူအသင်းတာဝန်ရှိသူများ၏ကစားသမားအင်အားဖြည့်တင်းရန် အားနည်းမှုအပေါ်ဝေဖန်ထောက်ပြခဲ့ပြီး ဂျူ ဗင်တပ်စ်၊ ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ မန်စီးတီး စသည့်အသင်းများကိုလိုက်မီရန် လက်ရှိအချိန်တွင် မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

မန်ယူအသင်းသည် အဆိုပါပွဲစဉ်တွင် ဂျူဗင်တပ်စ်အသင်းတိုက်စစ်ကစားသမား ဒီဘားလား၏ပွဲချိန် (၁၇)မိနစ်တွင်သွင်းယူခဲ့သည့် တစ်လုံးတည်းသောဂိုးဖြင့်အရှုံးပေးခဲ့ရပြီး အုပ်စုပွဲစဉ်(၃)ပွဲကစားပြီးချိန်၌ ရမှတ်(၄)မှတ်ဖြင့် ဒုတိယနေရာရပ်တည်လျက်ရှိကြောင်း သိရသည်။