ရုရှားကလပ် CSKA မော်စကိုအသင်းပရိသတ်များသည် ရောမမြို့ရှိ မြေအောက်ရထားဘူတာတစ်ခုအတွင်း စက်လှေကားချို့ယွင်းမှုကြောင့် (၂၀)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း အီတလီသတင်းစာများက ဖော်ပြခဲ့သည်။
ယင်းမတော်တဆမှုမှာ ရိုးမား- CSKA မော်စကိုပွဲစဉ်မတိုင်မီဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အများစုမှာ ခြေထောက်ဒဏ်ရာရရှိခဲ့သူများဖြစ်ပြီး နီးစပ်ရာဆေးရုံသို့တင်ပို့ပေးခဲ့ရကြောင်း သိရသည်။
အဆိုပါစက်လှေကား၏အောက်ခြေပိုင်းသည် CSKA ပရိသတ်များစီးနင်းနေချိန်အတွင်း ရုတ်တရက်စက်ချို့ယွင်းကာ ကျိုးပဲ့ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး အရှိန်ရပ်တန့်မရဘဲဖြစ်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ဒဏ်ရာရရှိသူများပြားခဲ့ခြင်းဖြစ်သည်။
အီတလီနိုင်ငံရှိ ရုရှားသံရုံး၏နောက်ဆုံးထုတ်ပြန်မှုတွင် ဒဏ်ရာရရှိသူဦးရေမှာ (၃၀)ခန့်ရှိသည်ဟု ဖော်ပြထားပြီး အီတလီ ရဲအရာရှိများက အဆိုပါပရိသတ်များသည် ယင်းသို့စက်လှေကားချို့ယွင်းမှုမဖြစ်ပေါ်မီ သီချင်းဆိုခြင်းနှင့် ကခုန်ခြင်းများပြုလုပ်ခဲ့ကြကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့သည့် ရိုးမားအသင်းနှင့် CSKA မော်စကိုအသင်းတို့၏ပွဲစဉ်တွင် ရိုးမားအသင်းက(၃-၀)ဂိုးဖြင့််အနိုင်ရခဲ့ပြီး ထိပ်ဆုံးက ရီးယဲလ်မက်ဒရစ်အသင်းနှင့် ရမှတ်တူ၊ ဂိုးကွာခြားချက်ဖြင့် ဒုတိယနေရာရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။