သရုပ်ဆောင်အိချောပိုနှင့် တွေ့ဆုံခြင်း

သရုပ်ဆောင်အိချောပိုနှင့် တွေ့ဆုံခြင်း
Published 23 October 2018
လင်းလင်းခိုင်

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ရုပ်ရှင်အထူးပြုမေဂျာဖြင့်ဘွဲ့ရရှိပြီးနောက် ၀ါသနာပါရာ အနုပညာလုပ်ငန်းများအား တစိုက်မတ်မတ် လုပ်ကိုင်ခဲ့ကာ ပရိသတ် အခိုင်အမာ ရရှိထားသူ သရုပ်ဆောင်အိချောပိုမှာ လတ်တလောတွင် ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးလျက်ရှိသည့်အပြင် ၎င်းပါဝင်ထားသည့် ရုပ်ရှင်ဇာတ်ကားများလည်း ဆက်တိုက်ရုံတင်ပြသခွင့် ရရှိနေသူဖြစ်သည်။ တစ္ဆေပါလာပြီဇာတ်ကားတွင် အပီပြင်ဆုံး ပုံဖော်ထားသည့်အပြင် မကြာခင် ရုံတင်ပြသမည့် ကြေးကြီးတယ်ဇာတ်ကားတွင်လည်း ပီပြင်စွာ ပုံဖော်ထားသည်ကို တွေ့မြင်ရသည်။ လတ်တလောတွင် မိန်းမကြမ်းများဟု အမည်ပေးထားသော ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရန် စီစဉ်ထားသည့် သရုပ်ဆောင်အိချောပိုနှင့် တွေ့ဆုံ၍ ပါဝင်ထားသည့် ဇာတ်ကားများ၏ အတွေ့အကြုံများ၊ ရှေ့ဆက်လုပ်ဆောင်မည့် အနုပညာလုပ်ငန်းများနှင့် သီတင်းကျွတ် အစီအစဉ်များအကြောင်း မေးမြန်းဖြစ်ခဲ့သည်။ 

■ မေး - အခုရုံတင်နေတဲ့ တစ္ဆေပါလာပြီဇာတ်ကားနဲ့ ပတ်သက်လို့ အမှတ်တရလေး ပြောပြပေးပါဦး။

ဖြေ - ဒီဇာတ်ကားလေးက လွန်ခဲ့တဲ့တစ်နှစ်ကျော်က ရိုက်ထားတာ။ ဒါရိုက်တာတွေကလည်း ပြည်ပကဒါရိုက်တာတွေ ရိုက်ပေးထားတယ်။ တခြား Crew အဖွဲ့တွေကလည်း နိုင်ငံခြားသားတွေပဲဖြစ်တော့ အတွေ့အကြုံတွေတော့ အများကြီးရတယ်။ သူတို့ရိုက်တဲ့ပုံစံနဲ့ ကိုယ်တွေရိုက်တဲ့ပုံစံက နည်းနည်းတော့ ကွာတယ်။ သူတို့ညွှန်ကြားတဲ့အတိုင်း၊ ဖြစ်စေချင်တဲ့အတိုင်းကိုပဲ အိချောတို့က လိုက်နာပြီးဖြစ်အောင် ကြိုးစားခဲ့ရပါတယ်။ 

■ မေး - ဒီဇာတ်ကားက အိချောအတွက် အားရကျေနပ်မှုရစေခဲ့တဲ့ ဇာတ်ကားတစ်ကားလို့ ပြောလို့ရမလား။

ဖြေ - ဒီဇာတ်ကားလေးက ပါဝင်ရတဲ့အခန်းက အရမ်းမများဘူးဆိုပေမယ့် လုပ်ရသလောက်ကို အကောင်းဆုံး ကြိုးစားလုပ်ဆောင်ခဲ့တယ်။ အခုရုံတင်တဲ့အခါလည်း ပရိသတ်တွေက ကြိုက်နှစ်သက်တယ်။ သဘောကျတယ် ဆိုတာလေးတွေ တွေ့ရတော့ ကျေနပ်မိပါတယ်။ 

■ မေး - ဒီဇာတ်ကားထဲက အမှတ်တရဆိုရင်ရော။ 

ဖြေ - အမှတ်တရကတော့ ဒီဇာတ်ကားရိုက်တာ အိမ်တစ်အိမ်ထဲမှာ အဓိကပါဝင်ရတဲ့သူ ငါးယောက်က နေ့ရောညပါ ရိုက်ရတာဆိုတော့ ဒီငါးယောက်က စကားပြောလိုက်၊ စလိုက်နောက်လိုက်နဲ့ အမှတ်တရဖြစ်ရပါတယ်။ 

■ မေး - တစ္ဆေကားရိုက်ထားတာဆိုတော့ ၀ိညာဉ်တွေနဲ့ပတ်သက်လို့ အခြောက်ခံရတဲ့ အတွေ့အကြုံမျိုးရှိလား။

ဖြေ - သရဲခြောက်တာတော့ ခံရဖူးတယ်။ များသောအားဖြင့် တစ်နေရာရာမှာ အဲဒီလိုမျိုး ရှိနေပြီဆိုရင် စိတ်ကသိတယ်။ အလိုလို သိတယ်ပေါ့နော်။ 

■ မေး - တစ္ဆေပါလာပြီ ဇာတ်ကားကိုကြည့်မယ့် ပရိသတ်တွေအတွက် ပြောချင်တဲ့စကားများရှိမလား။

ဖြေ - သရဲကားကြိုက်တဲ့ပရိသတ်ဆိုတာ ရှိတယ်လေ။ ဒီဇာတ်ကားလေးကလည်း သရဲကားတွေထဲမှာမှ ထူးထူးခြားခြားလေးဖြစ်တယ်။ ဒါကြောင့် အားပေးကြည့်ရှုစေချင်ပါတယ်။ 

■ မေး - လတ်တလော အနုပညာလှုပ်ရှားမှု ဆိုရင်ရော။

ဖြေ - လောလောဆယ်တော့ အိချော ဗီဒီယိုဇာတ်ကားတစ်ကား ရိုက်ထားတယ်။ ပြီးတော့ မိန်းမကြမ်းများဆိုတဲ့ ရုပ်ရှင်ကားကြီးကို ဒါရိုက်တာရာဇဝင်ကိုနဲ့ ရိုက်ဖို့ရှိပါတယ်။ မင်းသမီး လေးယောက်ပါတယ်။ မင်းသမီးအကြီးသုံးယောက်ပါတယ်။ အိချောကတော့ အငယ်ဆုံးပေါ့။ 

■ မေး - ကြေးကြီးတယ်ဇာတ်ကားကို ပြန်ကြည့်ပြီးတဲ့အခါ ဘယ်လိုမြင်လဲ။

ဖြေ - ကြေးကြီးတယ် ဇာတ်ကားကတော့ ဇာတ်လမ်းလေးကောင်းတယ်။ အိချော ကြိုက်တယ်။ ပြီးတော့ဒိုင်ယာလော့ခ်လေးတွေကအစ တကယ့်အပြင်မှာ ဖြစ်ပျက်နေတဲ့ပုံစံလေးတွေ ဖန်တီးထားတာဆိုတော့ ကြိုက်ပါတယ်။ 

■ မေး - ကြေးကြီးတယ်ဇာတ်ကားမှာက Scene နည်းတယ်ဆိုတော့ ကိုယ်လုပ်ရတဲ့အပိုင်းရော ကျေနပ်မှုရှိလား။

ဖြေ - အိချောက အဓိက ကိုယ့်ကိုကမ်းလှမ်းလာတာတွေထဲကမှ ဇာတ်လမ်းကြိုက်တာ၊ ကိုယ်လုပ်ခွင့်ရတဲ့ ဇာတ်ရုပ်ကိုကြိုက်တာစသဖြင့် ဒါတွေကိုကြည့်ပြီးမှ လက်ခံဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို လက်ခံတယ်ဆိုတာက အခန်းနည်းတယ်ဆိုပေမယ့် လုပ်ခွင့်လည်းရတယ်။ ဇာတ်လမ်းအရလည်း ကြိုက်တဲ့အတွက် ပရိသတ်တွေလည်း ကြိုက်မယ်လို့ထင်ပါတယ်။ လူတွေကြားမှာ ဖြစ်တတ်တဲ့ အကြောင်းလေးတွေ၊ စည်းကမ်းနဲ့ အတွေးအမြင်တွေကို ပုံဖော်ထားတဲ့ ဇာတ်ကားလေးဖြစ်လို့ပါ။ 

■ မေး - သီတင်းကျွတ်မှာရော ဘယ်လိုဖြတ်သန်းဖြစ်မလဲ။

ဖြေ - သီတင်းကျွတ်ကတော့ ဘုရားသွားဖြစ်မယ်။ မီးပူဇော်မယ်။ လူကြီး မိဘတွေကို ပူဇော်ကန်တော့မယ်။ အဲဒီလောက်ပါပဲ။ ရှုတင်တွေလည်း ရှိနေတဲ့အခါကျတော့ ညပိုင်းပြန်ရောက်တဲ့ အချိန်လေးတွေကိုမှ သီတင်းကျွတ် ခံစားမှုလေးနဲ့ ဖြတ်သန်းရမှာပေါ့။ ငယ်ငယ်တုန်းကနဲ့တော့ မတူဘူးပေါ့နော်။ ငယ်ငယ်ကတော့ သီတင်းကျွတ်ဆိုရင် ကျောင်းပိတ်ပြီး ခရီးထွက်ပေါ့။ အခုကတော့ အလုပ်တွေကြားကပဲ ဖြတ်သန်းရတာပေါ့။ 

■ မေး - ဗီဒီယိုလေးတွေရိုက်တာ နည်းသွားတဲ့ အခြေအနေဆိုတော့ အခုပြန်ပြီး ရိုက်ပေးဖြစ်တဲ့သဘောလား။

ဖြေ - ဗီဒီယိုတွေက စျေးကွက်အခြေအနေအရ နည်းနည်းကျဲသွားတာမျိုးရှိတယ်။ ဒါပေမဲ့ တချို့နယ်က ပရိသတ်တွေကျတော့လည်း ရုပ်ရှင်ရုံမရှိတာ အပါအဝင် အခြေအနေ အကြောင်းကြောင်းကြောင့် ဗီဒီယိုကိုပဲ အားထားပြီး ကြည့်ရတာမျိုးလည်းရှိတယ်။ ဒါကြောင့် ဗီဒီယိုလေးတွေလည်း ရိုက်ပေးပါလို့ ပြောကြတာမျိုးလည်းရှိတယ်။ အိချောလည်း တတ်နိုင်သလောက်တော့ ရိုက်ပေးချင်ပါတယ်။ ဒါကြောင့် အခုလောလောဆယ်လည်း ကိုပြေတီနဲ့ ရိုက်လက်စတစ်ကားကို ဆက်ရိုက်နေတယ်။ ပြီးရင်လည်း ရိုက်ဖြစ်ဦးမှာပါ။ ရုပ်ရှင်ကားကြီးကတော့ အခုနောက်ပိုင်းမှာ ကိုယ့်အတွက် ဇာတ်လမ်းကောင်းလေးတွေ၊ လုပ်ခွင့်ရတဲ့ ဇာတ်လမ်းလေးတွေ ပိုရလာတယ်ဆိုပေမယ့် ဗီဒီယိုကို အားထားကြည့်ရတဲ့ ပရိသတ်လည်းရှိတော့ ဗီဒီယိုလည်း ရိုက်ဖြစ်မှာပါ။ 

■ မေး - အခုနောက်ပိုင်း ရုံတင်လာတဲ့ ဇာတ်ကားတွေမှာ ကိုယ့်ရဲ့သရုပ်ဆောင်မှုစွမ်းရည်ကို ပြခွင့်ရတဲ့ကားတွေ များလာတဲ့အပေါ် ကျေနပ်မှုရှိလား။

ဖြေ - ဟုတ် ကျေနပ်ပါတယ်။ ကိုယ်ပါဝင်ခွင့်ရတဲ့ ဇာတ်ရုပ်တိုင်းကို အကောင်းဆုံးကြိုးစားပေမယ့် လုပ်ခွင့်ရတဲ့ ဇာတ်ရုပ်တွေချည်းပဲ ရိုက်ရတာမျိုးတော့ မဟုတ်ဘူးပေါ့။ တစ်ခါတလေ ဇာတ်လမ်းသဘောကျတာကြောင့် ရိုက်ရတာမျိုးလည်းရှိတယ်။ ဘာပဲဖြစ်ဖြစ် ပရိသတ်အတွက် အနုပညာနဲ့ပတ်သက်ပြီး ကိုယ်ပေးခွင့်ရှိသလောက် အကောင်းဆုံး ကြိုးစားပေးနိုင်ဖို့ အမြဲကြိုးစားပါတယ်။

■ မေး - ပရိသတ်တွေကိုပြောချင်တဲ့ စကားလက်ဆောင်များ ရှိမလား။

ဖြေ - အိချောကို အားပေးကြတဲ့့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။  

Most Read

Most Recent