တပ်မတော်နှင့် NCA ရေးထိုးရခြင်းမရှိသေးသည့် KNPP အဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားခဲ့ခြင်းအပေါ် စိုးရိမ်ပူပန်ကြောင်း ကယားပြည်နယ်ရှိ အရပ်ဘက်အဖွဲ့အစည်း ၁၈ ဖွဲ့ ကြေညာချက် ထုတ်ပြန် 

တပ်မတော်နှင့် NCA ရေးထိုးရခြင်းမရှိသေးသည့် KNPP အဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားခဲ့ခြင်းအပေါ် စိုးရိမ်ပူပန်ကြောင်း ကယားပြည်နယ်ရှိ အရပ်ဘက်အဖွဲ့အစည်း ၁၈ ဖွဲ့ ကြေညာချက် ထုတ်ပြန် 
Published 22 October 2018
  မခိုင် (လွိုင်ကော်)

တပ်မတော်နှင့် NCA ရေးထိုးရခြင်း မရှိသေးသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့အကြား ထိတွေ့မှု ဖြစ်ပွားခဲ့ခြင်းအပေါ် စိုးရိမ်ပူပန်ကြောင်း ကယားပြည်နယ် (ကရင်နီပြည်) အရပ်ဘက် အဖွဲ့အစည်း ၁၈ ဖွဲ့က အောက်တိုဘာ ၂၂ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။

အဆိုပါ ဖြစ်ပွားမှုနှင့် စပ်လျဉ်း၍ ကယားပြည်နယ်အစိုးရအဖွဲ့နှင့် KNPP တို့မှ အပြန်အလှန် ထုတ်ပြန်ကြေညာချက်များ ထွက်ရှိလာခဲ့ပြီး တစ်ဖက်နှင့်တစ်ဖက် ကန့်ကွက်ပြောဆိုနေသည်ကို တွေ့ရှိရကြောင်း၊ ဒေသခံ ပြည်သူလူထုများက စိုးရိမ်ကြောက်လန့်မှုများ ဖြစ်ပေါ်နေလျက်ရှိပြီး မလုံမခြုံ ခံစားနေရသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ကယားပြည်နယ် (ကရင်နီပြည်) အတွင်း အရပ်ဘက် အဖွဲ့အစည်းများ အနေဖြင့် အထက်ပါဖြစ်စဉ်ကြောင့် ဒေသခံပြည်သူလူထုများ၏ လုံခြုံရေးနှင့် ရေရှည်ငြိမ်းချမ်းရေး ဖြစ်စဉ်တို့အပေါ် ထိခိုက်မည်ကို များစွာစိုးရိမ်မိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုသို့သော အခြေအနေများနှင့် ပတ်သက်၍ ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ကယားပြည်နယ်လွှတ်တော်မှ နှစ်ဖက်တပ်များအကြား ဝင်ရောက်စေ့စပ် ညှိနှိုင်းမှုများ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ထိတွေ့မှုဖြစ်ပွားသော နှစ်ဖက်တပ်များကလည်း ပြည်နယ်၏ ငြိမ်းချမ်းရေးကို ရှေးရှု၍ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် သဘောတူညီချက် စာချုပ်ပါအတိုင်း လေးစားလိုက်နာကြရန် လိုအပ်ကြောင်း တောင်းဆိုသည်ဟု ထုတ်ပြန်ချက််တွင် ရေးသားထားသည်။

“အဓိကကတော့ အခုဖြစ်ပျက်သွားတဲ့ ကိစ္စတွေမှာ စိုးရိမ်မှုတွေ ရှိတယ်ပေါ့နော်။ ရေရှည်ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့အတွက်ကျတော့ ဒီကိစ္စတွေက ဖြစ်လာတယ်ပေါ့နော်။ ၀ိုင်းထိန်းသိမ်းကြဖို့ အဓိကပါပဲ” ဟု ကရင်နီပြည်လူငယ်များသမဂ္ဂမှ အထွေထွေ အတွင်းရေးမှူး ခွန်းဘားနဒ်ဘုတ်က ပြောကြားသည်။

အဆိုပါ ထိတွေ့မှုမှာ ဖားဆောင်းမြို့နယ် နန်းကစ်ကျေးရွာနှင့် ဗဟန်းလော့ကျေးရွာကြားတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲဲ့ခြင်း ဖြစ်သည်။              

Most Read

Most Recent