အလေးထားသင့်သော ရွှေ့ပြောင်းလုပ်သားများအရေး

အလေးထားသင့်သော ရွှေ့ပြောင်းလုပ်သားများအရေး
Published 22 October 2018

မွေးရပ်ဇာတိမြေမှ အခြားအရပ်ဒေသတစ်ခုသို့ ရေကြည်ရာမြက်နုရာသဘော ရွှေ့ပြောင်းသွားလာ၍ အလုပ်လုပ်ကိုင်ခြင်း၊ ဘဝရှင်သန်ရပ်တည်ရေးအတွက် ရွှေ့ပြောင်းလုပ်သားများအဖြစ် သွားရောက် လုပ်ကိုင်ရခြင်း စသည့် ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ရပ်တည်နေကြသော ရွှေ့ပြောင်းလုပ်သား အများအပြား ရှိနေသည်။ မြန်မာနိုင်ငံတွင် မိရိုးဖလာ လုပ်ငန်းများမှာ ခေတ်ကာလအလျောက် ပြောင်းလဲလာသော အခြေအနေများကြောင့် ဆက်လက်လုပ်ကိုင် ရပ်တည်ရန် အခက်အခဲ ရှိလာသောကြောင့် ပိုမိုကောင်းမွန်သော အခြေအနေများအတွက် ရွှေ့ပြောင်းလုပ်သားများအဖြစ် နိုင်ငံပြင်ပသို့ တရားဝင်၊ တရားမဝင် သွားရောက်လုပ်ကိုင်ကြသူလည်း များပြားလွန်းလာသည်။ အများစုက အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်သလို ဒေသတွင်းနိုင်ငံများနှင့် အလုပ်အကိုင် အခွင့်အလမ်း ပိုမိုကောင်းမွန်နိုင်သော နိုင်ငံများသို့ သွားရောက် လုပ်ကိုင်ကြသူများလည်း ရှိသည်။

ရွှေ့ပြောင်းလုပ်သားများနှင့် ပတ်သက်၍ အမျိုးမျိုးသော အဖြစ်အပျက်များရှိသလို မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံအများစုတွင် ရွှေ့ပြောင်းလုပ်သားများ အများအပြား နိုင်ငံပြင်ပသို့ ထွက်ခွာလျက်ရှိနေသည်။ ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်ခဲ့သော စာရင်းများအရ ရွှေ့ပြောင်းလုပ်သားများ၏ မူရင်းနေရပ်နိုင်ငံများသို့ ပြန်လည်ပေးပို့သည့်ငွေသည် မြင့်တက်လျက်ရှိပြီး ၂၀၁၇ ခုနှစ်တွင် စံချိန်တင်ပမာဏရှိခဲ့သည်ဟု ဖော်ပြထားသည်။ ဥရောပ၊ ရုရှား၊ အမေရိကန်တို့တွင် ဖွံ့ဖြိုးမှု အခြေအနေများကြောင့် နေရပ်နိုင်ငံသို့ ပြန်ပို့ငွေသည် ခန့်မှန်းထားသည်ထက် ပိုမိုမြင့်တက်ခဲ့သလို ယင်းကဲ့သို့သော ပြန်ပို့ငွေများသည် ဆင်းရဲသောနိုင်ငံအများအပြား၏ စီးပွားရေးအတွက် အထောက်အပံ့ပေးနေသောအရာအဖြစ် ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည်။ ၂၀၁၇ ခုနှစ်က ဝင်ငွေအလယ်အလတ်ရှိသည့် နိုင်ငံများသို့ တရားဝင်ပြန်ပို့ငွေသည် စံချိန်တင်ပမာဏ ဒေါ်လာ ၄၆၆ ဘီလျံခန့်အထိရှိပြီး ပြန်ပို့ငွေအများဆုံး ရရှိသည့်နိုင်ငံမှာ အိန္ဒိယနိုင်ငံက ဒေါ်လာ ၆၉ ဘီလျံဖြင့် ရပ်တည်နေသည်။ တရုတ်နှင့် ဖိလစ်ပိုင်တို့မှာ ဒုတိယနှင့် တတိယနေရာတို့တွင် အသီးသီး ရှိနေကြကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည့်စာရင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသည်လည်း အခြားနိုင်ငံများနည်းတူ နိုင်ငံပြင်ပသို့ ရွှေ့ပြောင်းလုပ်သား အများအပြား သွားရောက်သည့် နိုင်ငံတစ်နိုင်ငံအဖြစ်ရှိနေပြီး အဆင်ပြေသူများရှိသလို အခက်အခဲများစွာဖြင့် ရုန်းကန်နေကြရသူများလည်း အများအပြား ရှိနေသည်။ မူရင်းနေရပ်ဒေသတွင် အလုပ်အကိုင်ရှားပါးခြင်း၊ အလုပ်အကိုင်နှင့် ဝင်ငွေမမျှတခြင်း၊ ရပ်တည်ရ ခက်ခဲခြင်း စသည့် ပြဿနာများကြောင့် မိမိပိုင်အိမ်ခြံများ ပေါင်နှံ၍ အိမ်နီးချင်းနိုင်ငံများသို့ နေရပ်စွန့်ခွာ သွားရောက်ကြသူများ ရှိနေသည်။ သို့သော် အချို့မှာ နူရာဝဲစွဲ လဲရာသူခိုးထောင်း ဆိုသကဲ့သို့ မသမာသူများ၊ လူလိမ်ပွဲစားများကြောင့် ဒုက္ခရောက်ကြရသူများ ရှိနေသည်။ ထို့အပြင် ရွှေ့ပြောင်းလုပ်သားအများဆုံး သွားရောက် လုပ်ကိုင်ကြသည်ဟု ဆိုနိုင်သော ထိုင်းနိုင်ငံကဲ့သို့ သက်ဆိုင်ရာနိုင်ငံ၏ အလုပ်သမားဆိုင်ရာ မူဝါဒအပြောင်းအလဲများ၊ အခြားစည်းမျဉ်းစည်းကမ်းနှင့် ဥပဒေများကြောင့် အခက်တွေ့နေကြသူများလည်း ရှိနေသည်။ ဗီဇာအတု ပြဿနာကဲ့သို့ တရားမဝင် ရွှေ့ပြောင်းလာသူများအဖြစ် ဖမ်းဆီးခံရခြင်းများ၊ မသမာသော အလုပ်ရှင်အချို့၏ ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းများကြောင့် ဒုက္ခရောက်သူများ ရှိနေသည်။ ထိုင်းနိုင်ငံမှ ပြဋ္ဌာန်းလိုက်သော နိုင်ငံခြားသား အလုပ်သမားများအား ဧည့်စာရင်းဥပဒေသစ်ဖြင့် စစ်ဆေးနေခြင်းကဲ့သို့ အခြေအနေများကလည်း ရွှေ့ပြောင်းလုပ်သားများကို အခက်တွေ့စေသည်ဟု သိရသည်။

နေ့စဉ်ကြုံတွေ့နေရသော အခက်အခဲ ရုန်းကန်ရမှုများထက် ပိုမိုကောင်းမွန်သော အခြေအနေများအတွက် နေရပ်စွန့်ခွာ ရွှေ့ပြောင်းလုပ်သားများ ရှိနေဦးမည်ဖြစ်သည်။ ထို့ကြောင့် မတူညီသော အခြေအနေ အမျိုးမျိုးဖြင့် ရွှေ့ပြောင်းလုပ်သားအဖြစ် ရပ်တည်နေကြရသူများအတွက် ပိုမိုခိုင်မာသော အထောက်အကူကောင်းများ ရရှိနိုင်မည့် အကူအညီများ၊ အစီအမံများသည် မြေပြင်တွင် လက်တွေ့ကျ ထိရောက်မှုများရှိစေရန် သက်ဆိုင်ရာအားလုံးက ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးသင့်ပါကြောင်း The Daily Eleven စာက ရေးသားအပ်ပါသည်။

အောက်တိုဘာ ၂၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent