ကျောက်မျက်လုပ်ကွက်များအား ကွင်းဆင်းစစ်ဆေးရာတွင် လုပ်ငန်းများ ရပ်ဆိုင်းထားခြင်းသည် ပကတိ အခြေအနေမှန်ကို မရိုးမသားထိမ်ချန်ထား သကဲ့သို့ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

ကျောက်မျက်လုပ်ကွက်များအား ကွင်းဆင်းစစ်ဆေးရာတွင် လုပ်ငန်းများ ရပ်ဆိုင်းထားခြင်းသည် ပကတိ အခြေအနေမှန်ကို မရိုးမသားထိမ်ချန်ထား သကဲ့သို့ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး
Published 5 August 2017

ကျောက်မျက်လုပ်ကွက်များအား ကွင်းဆင်းစစ်ဆေးရာတွင် လုပ်ငန်းများ ရပ်ဆိုင်းထားခြင်းသည် ပကတိအခြေအနေမှန်ကို တာဝန်ရှိသူများမှ မရိုးမသား ထိမ်ချန်ထားသကဲ့သို့ဖြစ်ကြောင်း ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၁၁ မှ ဒေါက်တာခွန်ဝင်းသောင်းက ဆွေးနွေးသည်။

သြဂုတ် ၄ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာအား ဆွေးနွေးစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ကျောက်မျက်ကုမ္ပဏီများမှ စည်းကမ်းမဲ့မြေစာစွန့်၍ သဘာဝပတ်ဝန်းကျင်ထိခိုက်ရခြင်းကို ဒေသခံများ တိုင်ကြားမှုကြောင့် ကော်မတီအနေဖြင့် ရက်တိုကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ ကချင်ပြည်နယ် လုံးခင်း၊ ဖားကန့်နယ်မြေအတွင်း ကုမ္ပဏီ ၈၀၀ ကျော်၊ လုပ်ကွက် ၇၄၀၀ တွင် ဘက်ဟိုး ၁၁၉၉ စီး၊ မြေသယ်ယာဉ် ၂၈၄၄ စီး စသည်ဖြင့် စက်အင်အားများကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှု အခြေအနေကို အဖတ်ဆယ်မရအောင် ဖြစ်နေသည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ကြပြီဖြစ်ကြောင်း ဒေါက်တာခွန်ဝင်းသောင်းက ဆွေးနွေးသည်။

ဒေါက်တာခွန်ဝင်းသောင်းက “ကော်မတီအနေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတာကို ဒီထက်ပိုမိုကြိုးစားပြီး အလေးထား ဆောင်ရွက်ဖို့လိုပါမယ်။ ကွင်းဆင်းကြည့်ရှုစဉ်အတွင်း လုပ်ငန်းတွေ ရပ်ဆိုင်းထားခြင်းဟာလည်း ပကတိ အခြေအနေမှန်ကို တာဝန်ရှိသူတွေက မရိုးမသားထိမ်ချန်ထားသလိုဖြစ်လို့၊ ခေတ်ပြောင်းပေမယ့် စနစ်ဟောင်းက အလိမ်အညာနည်းတွေနဲ့ အကြိမ်ကြိမ် ညာဖြီးနေဦးမှာကို ဒေသခံတွေက သံသယရှိနေကြပါတယ်။ စက်ယန္တရားများစွာကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုဟာ တွက်ဆလို့ မရနိုင်ပါဘူး။ ဒါကြောင့်ကော်မတီအနေနဲ့ တစ်ကြိမ်မက ကွင်းဆင်းစစ်ဆေးဖို့ အကြံပြုလိုပါတယ်” ဟု ဆွေးနွေးသည်။

ကျောက်စိမ်းတွင်းအများစုသည် ဟင်းလင်းတူးဖော်ခြင်းဖြစ်သည့်အတွက် အပေါ်ယံမြေစာကို သီးခြားပုံပြီး အသုံးပြုမြေစာများကို မှန်ကန်သည့်နည်းစနစ်ဖြင့် သီးသန့်ပုံရမည်ဖြစ်ကြောင်း၊ လုပ်ငန်းပြီးစီးပါက သစ်ပင်များ ပြန်လည်စိုက်ပျိုးရန် နိုင်ငံတော်မှ ငွေကြေးကြိုတင်ကောက်ခံမှုများကို တစ်နှစ်တစ်ကြိမ် ရယူထားရမည်ဖြစ်ကြောင်း ၎င်းက ဆွေးနွေးသည်။

“စံတော့တခြား၊ ခံတော့အများဖြစ်နေတဲ့ အိမ်နီးချင်းဖြစ်တဲ့ ကိုယ့်ဆီက ပုန်းလျှိုးကွယ်လျှိုး ထုတ်ယူနည်းအမျိုးမျိုးတွေကြောင့် နှစ် ၂၀ မတိုင်မီ ကျောက်စိမ်းမြို့တော်ကြီးအဖြစ် တိုးတက်ကြီးပွားသွားတဲ့ နယ်စပ်နားက ရွှေလီ၊ ကျယ်ဂေါင်မြို့တွေကို မြင်လိုက်ရရင် လွန်ခဲ့တဲ့ကာလအတွင်း အချင်းချင်း မျက်နှာသာပေး ကိုယ်ရရှိဖို့အရေးကိုယ်ကြံဖန်၊ တစ်ကိုယ်ကောင်းဆန်တဲ့စနစ်မျိုးကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ လူ့အဖွဲ့အစည်းအပေါ် ဆိုးကျိုးသက်ရောက်မှုတွေ၊ အခွန်ရှောင်၊ ကျောက်ခိုးထုတ်၊ လုပ်ချင်သလို လုပ်ခဲ့ကြတဲ့ အားနည်းမှုတွေ ပြည့်နှက်နေတဲ့စနစ်ဆိုးကို ဒီခေတ်မျိုးမှာမှ မပြုပြင်နိုင်ခဲ့ရင် ထူးခြားလာမှာ မဟုတ်ပါဘူး” ဟု ဒေါက်တာခွန်ဝင်းသောင်းက ဆွေးနွေးသည်။

Writter : စိုးမင်းထိုက်

Most Read

Most Recent