စက်မှုဇုန် အများအပြားတွင် အသုံးမပြုသည့်မြေကွက်များ၊ ပုံမှန်မဟုတ်ဘဲ အသုံးပြုထားသည့်မြေများနှင့် အခြေခံအဆောက်အအုံညံ့ဖျင်းမှုစသည့် ပြဿနာများရှိကြောင်း၊ စက်မှုဇုန်များ စီမံခန့်ခွဲသည့်အဆင့်မှာ ယေဘုယျအားဖြင့် ရှေ့တန်းရောက်နေသည့် အာဆီယံနိုင်ငံများထက် နိမ့်ကျနေကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းတွင် ဖော်ပြထားသည်။
၂၀၁၆ ခုနှစ် ဇန်နဝါရီလစာရင်းများအရ စက်မှုဇုန်ပေါင်း ၂၄ ခုနှင့် အထူးစီးပွားရေးဇုန် (SEZ) ပေါင်း သုံးခုရှိကြောင်းနှင့် စီမံအုပ်ချုပ်ရေးကော်မတီက စက်မှုဇုန်များ စီမံခန့်ခွဲကာ ထိုနေရာများတွင် တည်ရှိသည့် စီးပွားရေး လုပ်ငန်းများအား လိုအပ်သည့် ဝန်ဆောင်မှုများကို ထောက်ပ့့့ံပေးကြောင်း သိရသည်။
ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန် ၂၉ ဇုန်အား ရန်ကုန်မြို့တော် စည်ပင်သာယာရေးလက်အောက်သို့ လွှဲပြောင်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြီးခဲ့သည့် သြဂုတ်လအတွင်းက ပြောကြားထားသည်။
စက်မှုဇုန်မြေကွက်များတွင် လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသည့် မြေကွက်လက်များနှင့် ပတ်သက်ပြီး တာဝန်ရှိသူများနှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း၊ အစိုးရသစ်တာဝန်ယူသည့်အချိန်မှ စတင်ကာ စက်မှုဇုန်များတွင် စက်ရုံအလုပ်ရုံလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ကွက်လက်ဖြစ်နေသည့် မြေကွက်ပိုင်ရှင်များနှင့်လည်း တွေ့ဆုံ ဆွေးနွေးရန် ဆောင်ရွက်နေကြောင်း သိရသည်။
“စက်မှုဇုန်တွေမှာ မြေကွက်အလွတ် အများကြီးတော့ မရှိတော့ပါဘူး။ ကျန်ရှိနေသေးတဲ့နေရာတွေကို ရှင်းလင်းဖို့ ဆက်လက် ဆောင်ရွက်သွားမယ်။ စက်မှုဇုန်တွေကို အဆင့်မြှင့်တင်တဲ့နေရာမှာလည်း သင့်တင့်မျှတတဲ့ ဝန်ဆောင်မှုစရိတ်ကိုယူပြီး စက်မှုဇုန်တွေကို အဆင့်မြှင့်တင် ဆောင်ရွက်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ ဒီအခြေအနေအတွက်လည်း ပြင်ဆင်ဆောင်ရွက်နေပါပြီ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က ပြောကြားသည်။
ရင်းနှီးမြှုပ်နှံသူများမှာ သင့်လျော်သည့် နေရာများကို ရှာဖွေရာတွင် အခက်အခဲများ ဖြစ်နေကြကြောင်းနှင့် စက်မှုဇုန်များ၏ အုပ်ချုပ်မှုသည် ရှုပ်ထွေးပြီး အကျိုးဆက်အနေဖြင့် အဆိုပါဇုန်များ ထိထိရောက်ရောက် ဖွံ့ဖြိုးတိုးတက်ရေးမှာ နှောင့်နှေးလျက်ရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းတွင် ဖော်ပြထားသည်။
Industrial Estate Authority of Thailand Act အရ ထိုင်းနိုင်ငံ၏ စက်မှုဇုန်များကို The Industrial Estate Authority of Thailand (IEAT) က အုပ်ချုပ်သည်။ IEAT သည် စက်မှုဇုန်အမျိုးအစားများ၊ စက်မှုဇုန်များအတွက် လိုအပ်ချက်များ၊ လွတ်လပ်သည့်ဇုန်များနှင့် မက်လုံးများ၊ တစ်နေရာတည်းတွင်ပေးသည့် ဝန်ဆောင်မှုများ၊ မြေနေရာရယူခြင်းစသည်တို့ကို စည်းမျဉ်းစည်းကမ်းဖြင့် ထိန်းကျောင်းပေးကြောင်း၊ ၎င်းမှာ စက်မှုဇုန်များနှင့် ရင်းနှီးမြှုပ်နှံသူ နှစ်လိုဖွယ် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး၏ စေ့စပ်သေချာသော စီမံခန့်ခွဲမှု နမူနာကောင်းတစ်ရပ်ဖြစ်ကြောင်း သိရသည်။
စက်မှုဇုန်များ၏ အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှု တိုးတက်စေရန်အတွက် မြန်မာအစိုးရသည် စက်မှုဇုန်အုပ်ချုပ်မှုမူဝါဒများ၊ စည်းမျဉ်းဆိုင်ရာ အဖွဲ့အစည်းများနှင့် စက်မှုဇုန်စီမံခန့်ခွဲရေး ကြီးကြပ်မှုတို့တွင် ပြန်လည်သုံးသပ်ကာ ပြုပြင်မွမ်းမံသွားမည်ဖြစ်ကြောင်းလည်း MIPP တွင် ဖော်ပြထားချက်အရ သိရသည်။