ရန်ကုန်မိုးပျံအမြန်လမ်းနှင့် မြို့တော်အပြင်ပတ်လမ်း စီမံကိန်းနှင့်အတူ ပင်လယ်ကူးသင်္ဘောဆိပ်ကမ်းများ၊ Dry Ports အခြေပြုမြို့သစ်များနှင့် နိုင်ငံ၏စီးပွားရေး စင်္ကြံလမ်းမကြီးတစ်ခု ပေါ်ထွက်လာရန် ရည်ရွယ်ထားကြောင်းသိရ

ရန်ကုန်မိုးပျံအမြန်လမ်းနှင့် မြို့တော်အပြင်ပတ်လမ်း စီမံကိန်းနှင့်အတူ ပင်လယ်ကူးသင်္ဘောဆိပ်ကမ်းများ၊ Dry Ports အခြေပြုမြို့သစ်များနှင့် နိုင်ငံ၏စီးပွားရေး စင်္ကြံလမ်းမကြီးတစ်ခု ပေါ်ထွက်လာရန် ရည်ရွယ်ထားကြောင်းသိရ
ယခုနှစ် သြဂုတ် ၂၅ရက်က ဖွင့်လှစ်ခဲ့သည့် ဒေါပုံတံတားသစ်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ယခုနှစ် သြဂုတ် ၂၅ရက်က ဖွင့်လှစ်ခဲ့သည့် ဒေါပုံတံတားသစ်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Published 22 October 2018
နီလာ

ရန်ကုန်မိုးပျံအမြန်လမ်းနှင့် ရန်ကုန်မြို့တော် အပြင်ပတ်လမ်းစီမံကိန်းနှင့်အတူ ပင်လယ်ကူးသင်္ဘောဆိပ်ကမ်းများ၊ Dry Ports အခြေပြုမြို့သစ်များနှင့် နိုင်ငံ၏ စီးပွားရေးစင်္ကြံလမ်းမကြီးတစ်ခု ပေါ်ထွက်လာစေရန် ရည်ရွယ်ထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန်မိုးပျံအမြန်လမ်းနှင့် ရန်ကုန်မြို့တော်အပြင်ပတ်လမ်း စီမံကိန်းဦးဆောင် ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို အောက်တိုဘာ ၁၇ ရက်က နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့ပြီး အဆိုပါ အစည်းအဝေးတွင် စီမံကိန်းအား Public Private Partnership (PPP) စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့ပြဖွံ့ဖြိုးရေး၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍဖွံ့ ဖြိုးတိုးတက်စေရေး၊ ပင်လယ်ကူးသင်္ဘောဆိပ်ကမ်းများ၊ Dry Ports အခြေပြုမြို့သစ်များနှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ အဆင်ပြေစေရန်နှင့် နိုင်ငံ၏စီးပွားရေးစင်္ကြံလမ်းမကြီးတစ်ခုအဖြစ် ပေါ်ထွက်လာစေရန် ရည်ရွယ်သည်။

ရန်ကုန်မိုးပျံအမြန်လမ်းမကြီး PPP စီမံကိန်းအတွက် တင်ဒါနောက်ဆုံးနေ့အား နိုဝင်ဘာ ၁၃ ရက်သို့ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် ရန်ကုန်မိုးပျံအမြန်လမ်းမကြီး စီမံကိန်းအပိုင်း ၁ အတွက် စိတ်ဝင်စားသူများကို အရည်အသွေးပြည့်မီမှု တောင်းဆိုချက် တင်သွင်းရန် စက်တင်ဘာ ၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ စိတ်ဝင်စားသူများ အနေဖြင့် ဆန်ခါတင် အရည်အသွေးပြည့်မီမှု လျှောက်လွှာများကို အောက်တိုဘာ ၃၀ မွန်းလွဲ ၂ နာရီ နောက်ဆုံးထားပြီး တင်သွင်းရန် နိုင်ငံပိုင်သတင်းစာနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ website တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ ယခုအခါ လျှောက်လွှာတင်သွင်းမည့် ကုမ္ပဏီများ၏ တောင်းဆိုချက်အရ အဆိုပါ ဆန်ခါတင် အရည်အသွေး ပြည့်မီမှု လျှောက်လွှာတင်သွင်းရန် နောက်ဆုံးရက်ကို အောက်တိုဘာ ၃၀ ရက်အစား နိုဝင်ဘာ ၁၃ ရက် မွန်းလွဲ ၂ နာရီသို့ ပြောင်းလဲ သတ်မှတ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မိုးပျံအမြန်လမ်းမကြီးသည် ရန်ကုန်မြို့တွင်း၊ ရန်ကုန်ဆိပ်ကမ်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မင်္ဂလာဒုံ စက်မှုဇုန်နှင့် ရန်ကုန်-မန္တလေးအမြန်လမ်းများသို့ ပိုမိုလွယ်ကူစွာ သွားလာနိုင်ရန် မျှော်မှန်းထားကြောင်း၊ အဆိုပါ ရည်ရွယ်ချက်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနသည် Request For Qualifications (RFQ) နှင့် စီမံကိန်းနှင့် ပတ်သက်သော နောက်ခံသတင်းအချက်အလက်များ ပါဝင်သော Preliminary Information Memorandum (PIM) တို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ အမေရိကန် ဒေါ်လာ ၁၅၀၀ အား Non-refundable fee အနေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ငွေစာရင်းဌာနခွဲသို့ ပေးသွင်းပြီး ရုံးချိန်အတွင်း ဝယ်ယူနိုင်သည်။     

ပြည်တွင်း သို့မဟုတ် ပြည်ပမှ စိတ်ဝင်စားမှုရှိသော လုပ်ငန်းရှင်များအနေဖြင့် RFQ တွင် ပါဝင်သော စံချိန်စံညွှန်းများအတိုင်း ပါဝင်နိုင်ကြောင်း၊ ပူးပေါင်းဖွဲ့စည်းထားသော လုပ်ငန်းရှင်များအနေဖြင့် RFQ တွင် ညွှန်ပြထားသည့်အတိုင်း ဖွဲ့စည်းနိုင်သည်။ 

အရည်အချင်းပြည့်မီသော တင်ဒါ အောင်မြင်သူများကိုသာ နောက်တစ်ဆင့်ဖြစ်သည့် စီမံကိန်းအဆိုပြုလွှာကို တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနသည် RFQ တွင် ပါဝင်သော အချက်အလက်များကို မည်သည့်အချိန်တွင်မဆို သို့မဟုတ် မည်သည့်အကြောင်းပြချက်ဖြင့်မဆို ပြင်ဆင်မွမ်းမံနိုင်မည်ဖြစ်ပြီး မည်သည့် သို့မဟုတ် အားလုံးသော ကြိုတင်အရည်အချင်း စစ်လျှောက်လွှာများကို ငြင်းပယ်ပိုင်ခွင့်ရှိမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။        

Most Read

Most Recent