ဘာကလေဂိုးသွင်းယူပြီးနောက် အောင်ပွဲခံခဲ့သည့် လုပ်ရပ်အတွက် ဆာရီနှင့် အီရန်နီတောင်းပန်ခဲ့ကြောင်းမော်ရင်ဟို ပြောကြား

ဘာကလေဂိုးသွင်းယူပြီးနောက် အောင်ပွဲခံခဲ့သည့် လုပ်ရပ်အတွက် ဆာရီနှင့် အီရန်နီတောင်းပန်ခဲ့ကြောင်းမော်ရင်ဟို ပြောကြား
Published 20 October 2018

 

မန်ယူအသင်းနည်းပြ မော်ရင်ဟိုက ချယ်လ်ဆီး (၂-၂) မန်ယူပွဲတွင် ဘာကလေဂိုးသွင်းယူပြီးနောက် ဆာရီ၏ ဒုတိယလက်ထောက်နည်းပြဖြစ်သူ အီရန်နီအောင်ပွဲခံခဲ့ခြင်းနှင့်ပတ်သက်ပြီး ပွဲအပြီးတွင် ဆာရီနှင့် အီရန်နီက ၄င်းကိုတောင်းပန်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ပရီးမီးယားလိဂ်ပွဲစဉ် ချယ်လ်ဆီး (၂-၂) မန်ယူပွဲတွင် မန်ယူအသင်းသည် ပွဲပြီးခါနီးအထိ (၂-၁) ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့သော်လည်း နာကျင်အချိန်ပို (၆) မိနစ်တွင် ချေပဂိုးပေးခဲ့ရပြီး သရေကျခဲ့ခြင်းဖြစ်သည်။ 

နာကျင်အချိန်ပို (၆) မိနစ်တွင် ချယ်လ်ဆီးအသင်းအတွက် ဘာကလေချေပဂိုးသွင်းယူပြီးနောက် ဆာရီ၏ ဒုတိယလက်ထောက်နည်းပြအီရန်နီသည် မော်ရင်ဟိုနှင့် မန်ယူအသင်းနည်းပြအဖွဲ့ထိုင်နေသည့်ရှေ့သို့ ပြေးလွှားကာ အောင်ပွဲခံခဲ့ခြင်းဖြစ်သည်။ အဆိုပါအချက်ကို မကျေနပ်သည့် မော်ရင်ဟိုသည် ဒေါသတကြီးဖြင့် အီရန်နီကို ပြန်လည်တုံ့ပြန်ရန် ကြိုးစားခဲ့သည်။

သို့သော်ပွဲတာဝန်ရှိသူများနှင့် နှစ်ဖက်အသင်းမှ တာဝန်ရှိသူများက တားဆီးခဲ့ခြင်းကြောင့် ပြဿနာဖြစ်ခဲ့ခြင်းမရှိပေ။ ထိုကဲ့သို့ဖြစ်ရပ်မျိုးဖြစ်ပွားခဲ့သည့်အတွက် ပွဲအပြီးတွင် ချယ်လ်ဆီးပရိသတ်များက မော်ရင်ဟိုကို '' F*** off Mourinho '' ဟု အော်ဟစ်လှောင်ပြောင်ခဲ့ကြသည်။ 

ယင်းကဲ့သို့ ဆဲဆိုမှုကိုမော်ရင်ဟိုက ချယ်လ်ဆီးအသင်းအတွက် ၄င်းယူပေးခဲ့သည့် ပရီးမီးယားလိဂ်ဆုဖလားအရေအတွက်ကို ရည်ညွှန်းသည့်အနေဖြင့်  လက်(၃)ချောင်းထောင်ပြကာ ပြန်လည်တုံ့ပြန်ခဲ့သည်။

ပွဲစဉ်အပြီးတွင် Sky Sports နှင့်တွေ့ဆုံရာတွင် မော်ရင်ဟိုက ယင်းဖြစ်ရပ်အတွက် ဆာရီနှင့် အီရန်နီတို့က လာရောက်တောင်းပန်ခဲ့ကြောင်းပြောကြားခဲ့ခြင်းဖြစ်သည်။ 

မော်ရင်ဟိုက '' ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး ဆာရီနဲ့ သူ့ရဲ့လက်ထက်နည်းပြအီရန်နီတို့ဟာ ဆာရီရဲ့ရုံးခန်းမှာ ကျွန်တော့်ကိုတောင်းပန်ခဲ့ကြပါတယ်။ အခုလို တောင်းပန်တာကို ကျွန်တော်လက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ရဲ့နည်းပြဘဝမှာ အမှားတွေအများကြီးကျူးလွန်ခဲ့ဖူးပါတယ်။ အမှားတစ်ခုတည်းကို ထောက်ပြီး မကျေမချမ်းဖြစ်နေတာမျိုးကျွန်တော့်မှာ မရှိပါဘူး'' ဟုပြောကြားခဲ့သည်။

Most Read

Most Recent