(၈၆) ကြိမ်မြောက် တောင်ငူမြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီကြွချီ အပူဇော်ခံပွဲ ကျင်းပ

(၈၆) ကြိမ်မြောက် တောင်ငူမြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီကြွချီ အပူဇော်ခံပွဲ ကျင်းပ
Published 3 November 2017

(၈၆)ကြိမ်မြောက် တောင်ငူမြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီကြွချီ အပူဇော်ခံပွဲ နိုဝင်ဘာ ၁ ရက်က ကျင်းပစဉ်

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် တန်ဆောင်မုန်းလဆန်း ၁၃ ရက် နိုဝင်ဘာ ၁ ရက် ညပိုင်းက တောင်ငူမြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီကြွချီ အပူဇော်ခံပွဲကျင်းပခဲ့ပြီး နိုင်ငံကျော် အဆိုတော်များပါဝင်သည့် ဖျော်ဖြေရေးယာဉ်များ ထည့်သွင်း၍ ညလုံးပေါက်ဖျော်ဖြေသွားခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၁ ရက် ညနေ ၃ နာရီခွဲခန့်၌ တောင်ငူမြို့ လမ်းမကျယ်လမ်းနှင့် ဈေးလမ်းထောင့်ရှိ ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် ဘုရားကားများ စုရပ်ဖြစ်သော ဗိုလ်မှူးဖိုးကွန်းလမ်းပေါ်ရှိ ၃၆၅ ရက် ရွှေနှင်းဆီဓမ္မာရုံတွင် ညနေ ၄ နာရီခန့်၌ နမောဒတဿ သုံးကြိမ်ရွတ်ဆိုခြင်း၊ ဆန်ပန်း၊ ပေါက်ပေါက်ကြဲခြင်း၊ အောင်စည်အောင် မောင်းတီးခြင်းတို့ဖြင့် ဘုရားလှည့်လည်ခြင်းအား ထပ်မံ၍ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြပြီး အလံကိုင်၊ ဂေါပကအဖွဲ့ဝင်များနှင့် စည်တော်ကြီး အကအဖွဲ့တို့က ရှေ့ဆုံးမှ ဦးဆောင်၍ နှစ်ကျိပ်ရှစ်ဆူ ဘုရားကားများ၊ အလှပြယာဉ်များ၊ မြေဝိုင်းအကများ၊ အိုးစည်ဒိုးပတ် အတီးအမှုတ် အကအခုန်များဖြင့်၊ ရပ်ကွက်အစဉ် လိုက်စီတန်းကာ မြို့တွင်းလမ်းများတွင် လှည့်လည်အပူဇော်ခံခဲ့ကြသည်။

တောင်ငူမြို့ပေါ်ရပ်ကွက် အသင်းအဖွဲ့ ၂၈ ခုတို့မှ နှစ်ကျိပ်ရှစ်ဆူ ဘုရားများအား ပင့်ဆောင်ပူဇော်မှုများအား အမှတ်ပေးစည်းမျဉ်းဖြင့် ဗဟိုမဏ္ဍပ်၌ အကဲဖြတ်အမှတ်ပေး၍ ဆုများချီးမြှင့်ခဲ့ကြပြီး ရပ်ကွက် (၁၁) မှ ပထမ ဆု၊ ဟိန္ဒူအမျိုးသားအဖွဲ့မှ ဒုတိယဆု၊ အုတ်တွင်းကြယ်နီ ဆေးပေါ့လိပ်မိသားစုမှ တတိယဆုနှင့် ရပ်ကွက် ၁၃၊ ၂၂ တို့က နှစ်သိမ့်ဆုများ အသီးသီးရရှိသွားခဲ့ကြောင်း သိရသည်။

နှစ်ကျိပ်ရှစ်ဆူ ဘုရားများအား မြို့တွင်းလှည့် အပူဇော်ခံခြင်းနှင့်အတူ ည ၇ နာရီမှ စတင်၍ နိုင်ငံကျော်အဆိုတော်များ ပါဝင်သည့် ဖျော်ဖြေရေးယာဉ်သုံးစီးတို့ကလည်း တောင်ငူမြို့တွင်း လမ်းများ၌ ညလုံးပေါက် သီဆိုဖျော်ဖြေခဲ့ကြပြီး နိုင်ငံကျော်အဆိုတော်များ ပါဝင်သီဆိုခဲ့ကြရာ တောင်ငူခရိုင်မြို့နယ်များမှ ပြည်သူများက လာရောက်အားပေးခဲ့ကြကြောင်း သိရသည်။

ယခုနှစ် (၈၆) ကြိမ်မြောက် တောင်ငူမြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီ ကြွချီအပူဇော်ခံပွဲအား တောင်ငူမြို့ နေပြည်သူများ၏  စုပေါင်းလှူဒါန်းမှုဖြင့် ကျင်းပခြင်းဖြစ်ကြောင်း၊ တောင်ငူနှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်အား မြန်မာသက္ကရာဇ် ၁၂၉၄ ခုနှစ်ကတည်းက မြို့သူ၊ မြို့သားများ သဘောဆန္ဒအရ ကျင်းပလာခဲ့သော ပွဲတော်တစ်ခုဖြစ်ပြီး ယခုနှစ်တွင် (၈၆) ကြိမ်မြောက် ကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီထံမှ သိရသည်။

Most Read

Most Recent