လေးနှစ်တာ ကာလအတွင်း မြစ်ကမ်းပါးပြိုခြင်း၊ လေပြင်းတိုက်ခြင်းနှင့် မိုးကြိုးပစ်ခြင်းများကြောင့် မြန်မာနိုင်ငံတွင် သေဆုံးသူ ၄၃၀ ကျော်ရှိ

လေးနှစ်တာ ကာလအတွင်း မြစ်ကမ်းပါးပြိုခြင်း၊ လေပြင်းတိုက်ခြင်းနှင့် မိုးကြိုးပစ်ခြင်းများကြောင့် မြန်မာနိုင်ငံတွင် သေဆုံးသူ ၄၃၀ ကျော်ရှိ
Published 3 November 2017

၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ် လေးနှစ်တာ ကာလအတွင်း မြစ်ကမ်းပါးပြိုခြင်း၊ လေပြင်းတိုက်ခတ်မှုနှင့် မိုးကြိုးပစ်ခြင်းများကြောင့် သေဆုံးသူ ၄၃၀ ကျော်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ သိရသည်။

မိုးကြိုးပစ်ခြင်းကြောင့် သေဆုံးသူဦးရေမှာ လေးနှစ်အတွင်း ၁၇၅ ဦးရှိပြီး မြစ်ကမ်းပါးပြိုခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများကြောင့် သေဆုံးသူ ၂၆၁ ဦး ရှိခဲ့သည်။

မြေပြိုမှု၊ ရေကြီးရေလျှံမှုနှင့် မိုးကြိုးဒဏ် ခံစားရနိုင်ခြေ မြင့်မားသည့် ဒေသများအနက် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသနှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသများမှာ အများဆုံး ခံစားနေရပြီး တောင်တန်းဒေသများမှာလည်း မြေပြိုခြင်းအမျိုးမျိုး ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် သဘာဝဘေးဒဏ်မျိုးစုံ ကျရောက်လွယ်သော နိုင်ငံဖြစ်ပြီး နှစ်စဉ် မီးလောင်ခြင်း၊ တောမီး၊ မြေငလျင်၊ လေပြင်း၊ ဆိုင်ကလုန်း၊ မုန်တိုင်း၊ ဒီရေလှိုင်း၊ ဆူနာမီ၊ မြေပြိုခြင်း၊ မိုးခေါင်ရေရှားခြင်း၊ မြစ်ကမ်းပါးပြိုခြင်း၊ စက်မှုလုပ်ငန်းနှင့် နည်းပညာဆိုင်ရာ အန္တရာယ်များ အပါအဝင် ဘေးအန္တရာယ်များ ကြုံတွေ့ရကြောင်း သိရသည်။

ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ စစ်ကိုင်းနှင့် ပဲခူးတို့တွင် မီးဘေးနှင့် တောမီးလောင်ခြင်း အန္တရာယ်များမှာ အမြင့်မားဆုံး ဖြစ်နေပြီး ၂၀၀၇ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ နှစ်စဉ် အကြိမ်ရေ ၁၂၀၀ ကျော် ဖြစ်ပွားလေ့ရှိသည်။

ရေကြီးရေလျှံမှုများမှာ မြန်မာနိုင်ငံတွင် အဖြစ်အများဆုံး ဘေးအန္တရာယ်ဖြစ်ကြောင်း၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်နှင့် စက်တင်ဘာလနှောင်းပိုင်းမှ အောက်တိုဘာလအထိ ဖြစ်ပွားတတ်ပြီး မုတ်သုံမိုး အများဆုံး ရွာသွန်းသည့် သြဂုတ်လတွင် ရေကြီးရေလျှံမှု အန္တရာယ် အများဆုံးကာလဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ်က ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများ၊ ၂၀၀၈ နာဂစ် ဆိုင်ကလုန်းကြောင့် အမေရိကန်ဒေါ်လာ တစ်ဘီလျံခွဲမှ နှစ် ဒသမ တစ်ဘီလျံ ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ် ဆုံးရှုံးမှုလျော့ပါးရေး လုပ်ငန်းစီမံချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent