၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်း မဲပေးပိုင်ခွင့်ရှိသူ သုံးသိန်းကျော်ရှိပြီး လစ်လပ်မဲဆန္ဒနယ်သုံးနေရာ၌ နိုင်ငံရေးပါတီ ၁၁ ပါတီနှင့် တစ်သီးပုဂ္ဂလတစ်ဦး ဝင်ရောက် ယှဉ်ပြိုင်မည်

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်း မဲပေးပိုင်ခွင့်ရှိသူ သုံးသိန်းကျော်ရှိပြီး လစ်လပ်မဲဆန္ဒနယ်သုံးနေရာ၌ နိုင်ငံရေးပါတီ ၁၁ ပါတီနှင့် တစ်သီးပုဂ္ဂလတစ်ဦး ဝင်ရောက် ယှဉ်ပြိုင်မည်
Published 18 October 2018
မင်းသန့်၊ ဌေးလှအောင်

နိုဝင်ဘာ ၃ ရက်တွင် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၃၁၃၀၀၀ ကျော်ရှိပြီး လစ်လပ်မဲဆန္ဒနယ်သုံးနေရာ၌ နိုင်ငံရေးပါတီ ၁၁ ပါတီနှင့် တစ်သီးပုဂ္ဂလတစ်ဦးတို့ ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်း လစ်လပ်မဲ ဆန္ဒနယ်မြေသုံးနေရာဖြစ်သည့် မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ သပိတ်ကျင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် အမှတ်(၁) မဲဆန္ဒနယ်နှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ရှမ်းတိုင်းရင်းသား လူမျိုးမဲဆန္ဒနယ်မြေတို့တွင် နိုင်ငံရေးပါတီ ၁၁ ပါတီနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်တစ်ဦးတို့ ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ အဆိုပါ လစ်လပ်မဲဆန္ဒနယ်မြေသုံးခုတွင် ပြည်သူ့လွှတ်တော် နေရာအတွက် ကိုယ်စားလှယ်လောင်းလေးဦး၊ တိုင်းဒေသကြီးလွှတ်တော် အမှတ်(၁) မဲဆန္ဒနယ်မြေအတွက် ကိုယ်စားလှယ်လောင်း ခုနစ်ဦးနှင့် တိုင်းဒေသကြီးလွှတ်တော် ရှမ်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်မြေအတွက် ကိုယ်စားလှယ်လောင်းငါးဦးတို့ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကြားဖြတ်ရွေးကောက်ပွဲအတွက် ကော်မရှင်ဘက်ကတော့ အားလုံးကို ပြင်ဆင်ထားပြီး ဖြစ်တာကြောင့် အသင့်အနေအထား ဖြစ်နေပါပြီ။ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲတွေနဲ့ မဲရုံမှူးတွေအထိ အဆင့်ဆင့် သင်တန်းတွေ ပို့ချပေးထားပြီး ဖြစ်ပါတယ်။ ခရီးသွားမယ့်သူတွေ၊ နာမကျန်းဖြစ်နေသူတွေ၊ ဆေးရုံတက်ရောက်နေရသူတွေ အချုပ်ကျခံနေရသူတွေအတွက် ကြိုတင်မဲကိုတော့ နိုဝင်ဘာ ၁ ရက်ကနေ ၂ ရက်အထိ သက်ဆိုင်ရာမဲဆန္ဒနယ် မြေတွေမှာ သွားရောက်ပြီးပေးနိုင်မှာ ဖြစ်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တာဝန်ထမ်းဆောင်ကြရမယ့် နိုင်ငံဝန်ထမ်းတွေနဲ့ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေအတွက်ကတော့ အောက်တိုဘာ ၂၄ ရက်က စတင်ပြီး ကြိုတင်မဲပေးခွင့် ရရှိမှာ ဖြစ်ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူး ဦးကျော်ကျော်စိုးက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်နေသည့် မဲဆန္ဒနယ်သုံးနေရာတွင် မဲရုံပေါင်း ၆၈၀ ကျော်ရှိပြီး မဲပေးပိုင်ခွင့်ရှိသူဦးရေမှာ မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေတွင် ၂၂၁၀၀၀ ကျော်၊ သပိတ်ကျင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်အမှတ်(၁) မဲဆန္ဒနယ်မြေတွင် ၄၉၆၈၁ ဦး၊ တိုင်းဒေသကြီးလွှတ်တော် ရှမ်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်မြေတွင် ၄၂၇၄၇ ဦးရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

၂၀၁၈ နိုဝင်ဘာ ၃ ရက်၌ ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲ ဆန္ဒနယ် ၁၃ နေရာရှိပြီး အမျိုးသားလွှတ်တော်တစ်နေရာ၊ ပြည်သူ့လွှတ်တော် လေးနေရာနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ရှစ်နေရာရှိကြောင်း သိရသည်။ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်ဟောပြောစည်းရုံးခွင့်ကို စက်တင်ဘာ ၃ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ခွင့်ပြုပေးထားပြီး နိုဝင်ဘာ ၂ ရက်တွင် ရပ်နားရမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။ 

ထို့ပြင် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်လျက်ရှိသည့် မဲဆန္ဒနယ်မြေများအတွက် မဲစာရင်းများပြုစုရာတွင် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကာလက မဲဆန္ဒရှင်စာရင်းကို အခြေခံပြုစုထားခြင်းဖြစ်ကာ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းများကို ပထမအကြိမ်အဖြစ် ဇူလိုင် ၉ ရက်မှ ၂၂ ရက်အထိလည်းကောင်း၊ နောက်ဆုံးအကြိမ်အဖြစ် အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ထုတ်ပြန်ကြေညာခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများ ဘက်မှလည်း ပြင်ဆင်၊ ကန့်ကွက်၊ ဖြည့်စွက်မှုများ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ မဲဆန္ဒရှင် ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ် အပါအဝင် အကြောင်းအမျိုးမျိုးတို့ကြောင့် ဆန္ဒမဲပေးရန်အတွက် မှတ်ပုံတင်နှင့် အခြားသက်ဆိုင်ရာ အထောက်အထားများ ပျောက်ဆုံး၊ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပါက မဲပေးပိုင်ခွင့်မဆုံးရှုံးစေရန်အတွက် ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် မဲစာရင်းတွင်ပါဝင်သည့် မဲဆန္ဒရှင်အမှန်ဖြစ်ကြောင်း ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ကို မဲရုံမှူးထံတင်ပြကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိကြောင်း၊ ထိုကဲ့သို့ ထောက်ခံချက်ကို မတင်ပြနိုင်ခဲ့ပါကလည်း မဲစာရင်းတွင်ပါဝင်သည့် မဲဆန္ဒရှင် အမှန်ဖြစ်ကြောင်းကို တာဝန်ခံကာ ပြောဆိုပေးနိုင်သူရှိပါက ဆန္ဒမဲပေးနိုင်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ထားသည်။  

Most Read

Most Recent