ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်မဲဆန္ဒနယ်ဖြစ်သည့် ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၂) တွင် အဝေးရောက် ကြိုတင်မဲများ စတင်ရောက်ရှိ

ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်မဲဆန္ဒနယ်ဖြစ်သည့် ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၂) တွင် အဝေးရောက် ကြိုတင်မဲများ စတင်ရောက်ရှိ
Published 18 October 2018
ထွန်းလင်းအောင် (မြစ်ကြီးနား)

၂၀၀၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်မဲဆန္ဒနယ်ဖြစ်သည့် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၂) (အကျုံးဝင် မြစ်ကြီးနားမြို့နယ်) တွင် ကြိုတင်မဲများ အောက်တိုဘာ ၁၈ ရက်က စတင်ရောက်ရှိကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၁၈ ရက်တွင် ရောက်ရှိလာသည့် ကြိုတင်မဲများမှာ မြစ်ကြီးနားမြို့နယ်တွင် နေထိုင်ပြီး အင်းစိန်ဗဟိုအကျဉ်းထောင်တွင် အချုပ်ကျနေသူများ၊ ဗဟိုသားဖွားဆေးရုံ၊ အရိုးရောဂါအထူးကု နေပြည်တော်တို့မှ ပုံစံ ၁၅ ဖြင့် ရောက်ရှိလာသည့် ကြိုတင်မဲ ရှစ်စောင်ဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးမောင်မောင်က “မြစ်ကြီးနားမြို့နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၂)က ဒီနေ့ ကြိုတင်မဲတွေ ပထမအကြိမ် ပေးပါတယ်။ ပုံစံ ၁၅ နှင့် ပို့ထားတဲ့ဟာတြွေ ဖြစ်ပါတယ်။ အင်းစိန်ဗဟိုအကျဉ်းထောင်၊ ဗဟိုသားဖွားဆေးရုံ၊ နေပြည်တော် အရိုးအထူးကုတွေကပါ။ နိုင်ငံခြားမဲသုံးစောင်ကို သံရုံးကနေတစ်ဆင့် မှာကြားထားလို့ မနက်ဖြန်ရောက်မယ်ထင်တယ်။ ကြိုတင်မဲပုံစံ ၁၅ နဲ့က အကုန်ပါပဲ။ ဒီနေ့ စေ့စပ်ညှိနှိုင်းရေးကော်မတီနဲ့ တွေ့ဆုံတဲ့နေ့ ဖြစ်တော့ အားလုံးပါပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် မြစ်ကြီးနားမြို့နယ် ဆင်ဘိုဒေသတွင် ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့် တပ်မတော်တို့ ပစ်ခတ်မှု ဖြစ်ပွားနေခြင်းကြောင့် ကျေးရွာအုပ်စု လေးခုတွင် မဲဆွယ်စည်းရုံးခြင်းမပြုရန် သတိပေးထားကြောင်း သိရသည်။ 

“ဆင်ဘိုမြို့တောင်ဘက် လေးအုပ်စုက မကြာခင်က ပစ်ခတ်မှုဖြစ်တော့ မဲဆွယ်စည်းရုံးတာတွေ မလုပ်ဖို့ လုပ်ထားတာပေါ့။ နယ်မြေပြန်တည်ငြိမ်ရင်တော့ သွားလို့ရပါတယ်” ဟု မြစ်ကြီးနားမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးမောင်မောင်က ပြောကြားသည်။

မြစ်ကြီးနားမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၀၃၆၁၉ ဦးကြောင်း သိရသည်။

ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၂) တွင် ဝင်ရောက်ယှဉ်ပြိုင်သူများမှာ ကချင်ဒီမိုကရက်တစ်ပါတီမှ ဦးကွမ်ဂေါင်အောင်ခမ်း၊ ရှမ်းနီ(တိုင်းလိုင်)နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီမှ ဒေါ်ခင်အုန်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဆီဟူးဒွေ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါ်ယမ်ခေါန်၊ ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီမှ ဒေါ်အမ်ဒီခေါညွယ်၊ တစ် သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဒေါက်တာသန်းထိုက်ဦးတို့ ဖြစ်သည်။  

Most Read

Most Recent