ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းပန်မြို့နယ်အတွင်း NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်ကြသည့် RCSS နှင့် PNLO တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ထိခိုက်ဒဏ်ရာ ရရှိမှုများရှိဟုဆို

ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းပန်မြို့နယ်အတွင်း NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်ကြသည့် RCSS နှင့် PNLO တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ထိခိုက်ဒဏ်ရာ ရရှိမှုများရှိဟုဆို
Published 18 October 2018
မင်းနိုင်စိုး

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုင်းပန်မြို့နယ်ထဲတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ဖြစ်ကြသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ အောက်တိုဘာ ၁၆ ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြကြောင်း သတင်းရရှိသည်။

လင်းခေးခရိုင် မိုင်းပန်မြို့နယ် ကောင်တန်ဒေသအတွင်း အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်းတွင် တစ်ကြိမ်၊ မွန်းလွဲပိုင်းတွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အချိန်အတော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ နှစ်ဖက်ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများ ရှိခဲ့ကြောင်းလည်း သိရသည်။

“ဟုတ်ပါတယ်။ ၁၆ ရက်နေ့က ဖြစ်တာပါ။ အမှန်က အဲ့ဒီနေရာဟာ အရင်က သူတို့နေတဲ့နေရာမဟုတ်ဘူး။ ကျွန်တော်တို့အဖွဲ့တွေကလည်း ဘယ်အဖွဲ့မှန်း မသိတဲ့အခါကျတော့ အဲ့ဒီလို တိုက်ပွဲဖြစ်သွားတာပါ။ ထိခိုက် ဒဏ်ရာရမှုတွေ ရှိတယ်လို့ကြားတယ်။ ဒါပေမဲ့ ဘယ်ဘက်က ဘယ်လောက်ထိခိုက်ကြသလဲ ဆိုတာတော့ မသိရသေးဘူး” ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူ တောင်ကြီးဆက်ဆံရေးရုံးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး စိုင်းဦးက ပြောကြားသည်။

ယခုတိုက်ပွဲဖြစ်ပွားရာ မိုင်းပန်မြို့နယ် ကောင်တန်ဒေသသည် RCSS တပ်ဖွဲ့များ အမြဲတမ်း နေထိုင်လှုပ်ရှားနေသည့် ဒေသဖြစ်ကြောင်း ဒုတိယဗိုလ်မှူးကြီး စိုင်းဦးက ပြောကြားသည်။

ကောင်တန်ဒေသအတွင်းရှိ ကျေးရွာများတွင် ပအိုဝ်းလူမျိုးများ အများဆုံးနေထိုင်ကြပြီး အဆိုပါ ကျေးရွာများတွင် မလုံမခြုံဖြစ်နေသည်ဟုဆိုကာ ဒေသခံများက လာရောက် လေ့လာရန် အကူအညီ တောင်းခံခဲ့သည့်အတွက် PNLO တပ်ဖွဲ့များက သွားရောက်ခဲ့ပြီး နှစ်ဖက်နားလည်မှု လွဲမှားရာမှ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု တောင်ကြီးဆက်ဆံရေးရုံးမှ သတင်းပို့သည်ဟု PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

“ရင်ဆိုင်တိုက်ပွဲတော့ မဟုတ်ပါဘူး။ တောင်ကြီးမှာရှိတဲ့ တပ်မှူးတွေဆီကနေ သိရသလောက်ကတော့ အဲ့ဒီမှာရှိတဲ့ ပအိုဝ်းရွာသားတွေက လုံခြုံမှုမရှိဘူး။ လူသစ်စုဆောင်းတာနဲ့ ရိက္ခာအတင်းအကျပ် တောင်းတာနဲ့ စသဖြင့်ပေါ့ဗျာ။ အခြေအနေတွေ မကောင်းဘူး။ လုံခြုံမှုမရှိတဲ့အတွက် နည်းနည်းလေ့လာရေး လာကြည့်ပေးပါဆိုတော့ ကျွန်တော်တို့ဆီက လွှတ်လိုက်တယ်နဲ့တူတယ်။ ကျွန်တော်တို့ရဲ့ တပ်တာဝန်ခံတွေက။ အဲဒီလို လွှတ်လိုက်တဲ့နေရာမှာလည်းပဲ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဆက်ဆံပြီးတော့ ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်ဖို့ပါပဲ။ သို့သော် ရောက်ရောက်ချင်းပဲ ဆက်သွယ်ရေးမရခင်မှာ တိုက်ခိုက်မှုခံရတယ်။ ခံရတာနဲ့ သူတို့ ရှောင်သွားတယ်။ ရှောင်သွားပြီးတော့ တစ်နေရာပြန်နေပေါ့ဗျာ။ ၁၆ ရက်နေ့မှာတော အင်အားအလုံးအရင်းနဲ့ တစ်ခါထပ်ပြီးတော့ တိုက်ခိုက်မှုခံရတယ်လို့ ပြောပါတယ်။ တိုက်ခိုက်မှုခံရတဲ့ အခါကျတော့ ပြန်လည်ခုခံကြပေါ့ဗျာ။ ခုခံရင်းနဲ့ တိုက်ပွဲသဘောမျိုး ဖြစ်သွားတာပါ။ ဒေသခံအဖွဲ့အစည်းနဲ့ ဆက်သွယ်လို့ မရခင် နားလည်မှုလွဲပြီး ဖြစ်သွားတဲ့သဘောပါပဲ” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

တိုက်ပွဲများ၏ သဘောသဘာဝအရ နှစ်ဖက်စလုံးမှ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိနိုင်ကြောင်း ၎င်းက သုံးသပ် ပြောကြားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေများအား သတင်းထုတ်ပြန်ခြင်းမပြုရန် တာဝန်ရှိသူများကို မှာကြားထားကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇွန်လအတွင်းကလည်း ရှမ်းပြည်နယ် (တောင်ပိုင်း) မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် RCSS နှင့် PNLO တို့အကြား နယ်မြေအုပ်ချုပ်မှုပိုင်းဆိုင်ရာ အငြင်းပွားမှု ဖြစ်ပွားခဲ့ရာမှတစ်ဆင့် နှစ်ဖက် စစ်ရေးတင်းမာခဲ့ပြီး ထို့ကြောင့် ကဒူးကြီးဒေသရှိ ဒေသခံ ပအိုဝ်းလူမျိုး အများအပြားမှာ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်ခဲ့ရဖူးသည်။

သို့သော်လည်း ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် ထိုစဉ်က PNLO ဥက္ကဋ္ဌဖြစ်သူ ဦးခွန်မြင့်ထွန်းတို့က ပြဿနာကြီးငယ်ဟူသမျှကို ငြိမ်းချမ်းသောနည်းဖြင့်သာ တွေ့ဆုံဆွေးနွေး အဖြေရှာကြရန် နှစ်ဖက်ပူးပေါင်း သဘောတူကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် ပြေလည်မှုရရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြသည်။  

Most Read

Most Recent