NCA ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံတကာသံတမန်များအား စုစည်းရှင်းလင်း တင်ပြသည့် ဆွေးနွေးပွဲ ရန်ကုန်မြို့တွင် ပြုလုပ်

NCA ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံတကာသံတမန်များအား စုစည်းရှင်းလင်း တင်ပြသည့် ဆွေးနွေးပွဲ ရန်ကုန်မြို့တွင် ပြုလုပ်
NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ  တာဝန်ရှိသူများနှင့် နိုင်ငံတကာသံတမန်များ အောက်တိုဘာ ၁၈ ရက်က တွေ့ဆုံဆွေးနေစဉ် (Photo: Myo Win Page)
NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ  တာဝန်ရှိသူများနှင့် နိုင်ငံတကာသံတမန်များ အောက်တိုဘာ ၁၈ ရက်က တွေ့ဆုံဆွေးနေစဉ် (Photo: Myo Win Page)
Published 18 October 2018
မင်းနိုင်စိုး

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ နိုင်ငံတကာ သံတမန်များအား စုစည်းရှင်းလင်း တင်ပြသည့် ဆွေးနွေးပွဲကို ရန်ကုန်မြို့ ဖိုးစိန်လမ်းရှိ Green Hill ဟိုတယ်တွင် အောက်တိုဘာ ၁၈ ရက်က ပြုလုပ်ခဲ့သည်။

“အဓိကကတော့ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်နေတဲ့ အနေအထားကို ရှင်းလင်းတင်ပြတာပါပဲ။ ပြီးတော့ ပြီးခဲ့တဲ့ နေပြည်တော်မှာ ထိပ်သီးတွေဆွေးနွေးတဲ့ ညီလာခံအခြေအနေတွေကို သူတို့ သိရှိနိုင်ဖို့နဲ့ လိုအပ်တာတွေကို ပံ့ပိုးနိုင်ဖို့ကို ရှင်းပြတဲ့ အခြေအနေလောက်ပါပဲ” ဟု NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး (ABSDF) ဒုတိယဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက ပြောကြားသည်။

အဆိုပါ တွေ့ဆုံရှင်းလင်းပွဲတွင် နိုင်ငံတကာမှ သံတမန်များက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြကြောင်း ရဲဘော်မျိုးဝင်းက ရှင်းလင်းပြောကြားသည်။

“မေးတာတွေကတော့ လက်ရှိအနေအထားကနေ ရှေ့ဆက်သွားဖို့အတွက် အခြေအနေ ဘယ်လိုရှိသလဲ။ အလားအလာ ဘယ်လိုရှိသလဲပေါ့။ သူတို့ပ့ံပိုးပေးရမယ့်အပိုင်းက ဘယ်လိုရှိသလဲ။ အဲ့ဒီလိုတော့ အမေးအဖြေတွေ လုပ်ခဲ့ကြပါတယ်” ဟု ရဲဘော်မျိုးဝင်းက ပြောကြားသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်နှင့် ၁၆ ရက်တွင် နေပြည်တော်၌ အစိုးရနှင့် NCA-S EAO ထိပ်သီးခေါင်းဆောင်များ၏ သီးသန့်အစည်းအဝေး ပြုလုပ်ခဲ့ပြီး အစည်းအဝေး ပထမနေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုယ်စား ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ အဖွဲ့ခေါင်းဆောင်ဖြစ်သူ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးတို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြသည်။

နှစ်ရက်တာ ကျင်းပပြုလုပ်ခဲ့သည့် အစိုးရနှင့် NCA-S EAO ထိပ်သီးခေါင်းဆောင်များ၏ သီးသန့်အစည်းအဝေးမှ လက်ရှိနိုင်ငံရေးဆွေးနွေးမှုပုံစံကို ပိုမိုရှင်းလင်း လွယ်ကူအောင် ဆောင်ရွက်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ခေါင်းဆောင်များအကြား သဘောတူညီချက်များရယူပြီး ယင်းသဘောတူညီချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရေးတို့ကို သဘောတူညီခဲ့ကြသည်။

NCA အခန်း (၅)၊ နိုင်ငံရေးလမ်းပြမြေပုံသတ်မှတ်ခြင်း အပိုဒ် ၂၀ (ဂ) ပါ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စရပ်များ၊ လုပ်ငန်းစဉ််များကို ညှိနှိုင်းဆွေးနွေးမှုများ စတင်ပြုလုပ်ရေး၊ NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ပါဝင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရေး စသည့်အချက်များကို ယင်းအစည်းအဝေး၏ သဘောတူညီချက်အဖြစ်လည်း ထုတ်ပြန် ကြေညာခဲ့ကြသည်။

ထို့ပြင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပိုမိုခိုင်မာအောင် ဆောင်ရွက်ရာတွင် NCA ပါ သဘောတူညီချက်များ အတိုင်း ဆက်လက် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ရေးကိုလည်း အဆိုပါ အစည်းအဝေး၏ သဘောတူညီချက်အဖြစ် ထုတ်ပြန်ကြေညာခဲ့ပြီး လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားရန် သန္နိဋ္ဌာန်ဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု ယင်းအစည်းအဝေးက ကြေညာခဲ့သည်။ 

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ တတိယအစည်းအဝေး၏ ထုတ်ပြန်ကြေညာချက်အား အကောင်အထည်ဖော်ရာတွင် ညှိနှိုင်းဆွေးနွေး၍ သဘောတူညီချက်မရသေးသည့် အချက်များကို ခေါင်းဆောင်များ၏ နိုင်ငံရေးသဘောတူညီချက်များဖြင့် ဖြေရှင်းရန်၊ NCA အကောင်အထည်ဖော်မှုအဖြစ် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးအတွက် အရေးကြီးသည့် အခြေခံမူများ ချမှတ်နိုင်ရန် ရည်ရွယ်၍ အစိုးရနှင့် NCA-S EAO ထိပ်သီးခေါင်းဆောင်များ၏ သီးသန့်အစည်းအဝေးအား ကျင်းပခဲ့ခြင်းဖြစ်သည်။

အစိုးရနှင့် NCA-S EAO ထိပ်သီး ခေါင်းဆောင်များ၏ သီးသန့်အစည်းအဝေးတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ခွဲမထွက်ရေးနှင့် တစ်ခုတည်းသော တပ်မတော်ထားရှိရေးကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုသဘောတူစာချုပ်တွင် ခွဲမထွက်ရေး ဟူသောအချက် ထည့်သွင်းနိုင်ရေးနှင့်ပတ်သက်၍ လာမည့် နိုဝင်ဘာလတွင် အဆုံးအဖြတ်ပေးနိုင်ရန် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက လုပ်ငန်းစဉ်များချမှတ်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။  

Most Read

Most Recent