ကရင်ပြည်နယ်တွင် တည်ဆောက်မည့် ဒေါ်လာ ၂ ဒသမ ၈ ဘီလျံတန် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံအတွက် ထိုင်းအခြေစိုက် TTCL က အစုရှယ်ယာ ၉၅ ရာခိုင်နှုန်းအထိရယူရန် မြန်မာအစိုးရကို ကမ်းလှမ်း

ကရင်ပြည်နယ်တွင် တည်ဆောက်မည့် ဒေါ်လာ ၂ ဒသမ ၈ ဘီလျံတန် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံအတွက် ထိုင်းအခြေစိုက် TTCL က အစုရှယ်ယာ ၉၅ ရာခိုင်နှုန်းအထိရယူရန် မြန်မာအစိုးရကို ကမ်းလှမ်း
Published 31 October 2017

ကရင်ပြည်နယ်တွင် တည်ဆောက်ရန် စီစဉ်နေသည့် ကျောက်မီးသွေးစီမံကိန်းမှာ ပွင့်လင်းမြင်သာမှုမရှိကြောင်း ရန်ကုန်မြို့၌ သတင်းစာရှင်းလင်းမှုအား အောက်တိုဘာ ၂၇ ရက်က တွေ့ရစဉ်

ထိုင်းနိုင်ငံအခြေစိုက် TTCL (Toyo Thai Corporation Public Company Limited) က မြန်မာနိုင်ငံတွင် ဒေါ်လာ ၂ ဒသမ ၈ ဘီလျံတန် (ဘတ် ၉၈ ဘီလျံ) ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် စီစဉ်နေသည်ဟု အောက်တိုဘာ ၃၀ ရက်တွင် ပြောကြားခဲ့ကြောင်း Reuters သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

အဆင့်မြင့် နောက်ဆုံးပေါ်နည်းပညာများဖြင့် မြန်မာနိုင်ငံ၏ အရှေ့တောင်ဘက် ကရင်ပြည်နယ်အတွင်း ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်ပြီး လာမည့် ၂၀၂၃ ခုနှစ်တွင် လုပ်ငန်းစတင်လည်ပတ်နိုင်ကာ ၂၀၂၄ တွင် မဂ္ဂါဝပ် ၁၂၈၀ စတင်ထုတ်လုပ်နိုင်မည်ဟု မျှော်မှန်းထားကြောင်း TTCL ၏ ဘဏ္ဍာရေးအရာရှိချုပ် Gobchai Tanasugarn ကပြောကြားသည်။

စီမံကိန်းဆောင်ရွက်ရန် သဘောတူညီမှုအရ TTCL က အစုရှယ်ယာ ၉၅ ရာခိုင်နှုန်းရယူမည်ဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ ၅ ရာခိုင်နှုန်း ထည့်ဝင်ရမည်ဖြစ်ကာ မြန်မာအစိုးရ၏ခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြောင်း TTCL ၏ ဒုတိယအမှုဆောင်ဥက္ကဋ္ဌ Suratana Trinratana ကဆိုသည်။

TTCL သည် လာမည့် ၂၀၁၈ ခုနှစ်ဒုတိယသုံးလပတ်အတွင်း ငွေကြေးထောက်ပံ့မှုဆိုင်ရာလုပ်ငန်းများ အဆင့်သင့်ဖြစ်စေရန် ပြင်ဆင်လျက်ရှိပြီး ရင်းနှီးမြှုပ်နှံမည့် ဒေါ်လာ ၂ ဒသမ ၈ ဘီလျံ၏ ၇၅ ရာခိုင်နှုန်းကို ချေးငွေဖြင့် ဆောင်ရွက်ရန် စီစဉ်ထားခြင်းဖြစ်သည်။

“ဒီစီမံကိန်းဆောင်ရွက်ရင် ရင်းနှီးမြှုပ်ရမယ့်ငွေတွေအတွက် ပြည်တွင်းပြည်ပမှာရှိတဲ့ ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ စတင်ပြုလုပ်နေပါပြီ” ဟု Gobchai ကပြောကြားသည်။

ကရင်ပြည်နယ်အတွင်း ဆောင်ရွက်မည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ လည်ပတ်ရန်အတွက် နှစ်စဉ်ကျောက်မီးသွေးတန်ချိန် လေးသန်းတင်သွင်းရမည်ဖြစ်သည်။ ယင်းစီမံကိန်းစတင်နိုင်ပါက TTCL ၏ မြန်မာနိုင်ငံရှိ ဒုတိယလျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖြစ်လာမည်ဖြစ်ပြီး ၂၀၁၃ ခုနှစ်က ရန်ကုန်မြို့တွင် မဂ္ဂါဝပ် ၁၂၀ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို TTCL က ရင်းနှီးမြှုပ်နှံခဲ့ခြင်းဖြစ်သည်။ TTCL ၏ စီးပွားရေးလုပ်ငန်းများအနက် လျှပ်စစ်ထုတ်လုပ်မှုဆိုင်ရာကဏ္ဍမှ ပါဝင်မှုသည် လက်ရှိအချိန်တွင် ငါးရာခိုင်နှုန်းသာရှိရာမှ ၂၀၂၂ ခုနှစ်တွင် ၂၅ ရာခိုင်နှုန်းအထိရှိလာရန် မျှော်မှန်းထားသည်။

TTCL ကို ထိုင်းအခြေစိုက် Italian-Thai Development ကုမ္ပဏီက အစုရှယ်ယာ ၅၁ ရာခိုင်နှုန်း၊ ဂျပန်အခြေစိုက် Toyo Engineering Corporation က အစုရှယ်ယာ ၄၉ ရာခိုင်နှုန်းဖြင့် အကျိုးတူ ဖက်စပ်တည်ထောင်ထားခြင်းဖြစ်သည်။

TTCL သည် မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုးချဲ့တည်ထောင်နိုင်ရန် ဂျပန်မိတ်ဖက်လုပ်ငန်းများနှင့် ညှိနှိုင်းလျက်ရှိပြီး စီမံကိန်းများအတွက် လိုအပ်သောရင်းနှီးငွေကို ဘဏ်များမှချေးယူခွင့်ရရှိရန်အတွက်လည်း ကြိုးပမ်းလျက်ရှိသည်။ လက်ရှိရန်ကုန်မြို့ရှိ ဒေါ်လာ ၁၆၂ သန်း ရင်းနှီးမြှုပ်နှံထားသော သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံအတွက်လည်း ထိုင်းပို့ကုန်သွင်းကုန်ဘဏ်မှ ချေးငွေဒေါ်လာ သန်း ၁၀၀ ရရှိထားသည်။

Most Read

Most Recent