တိုင်းရင်းသားပါတီများ အနိုင်ရစေချင်သည့်အတွက် တိုင်းရင်းသားအများစုနေထိုင်သည့် ပြည်နယ်လွှတ်တော် လစ်လပ်မဲဆန္ဒနယ်များတွင် မယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြောကြား

တိုင်းရင်းသားပါတီများ အနိုင်ရစေချင်သည့်အတွက် တိုင်းရင်းသားအများစုနေထိုင်သည့် ပြည်နယ်လွှတ်တော် လစ်လပ်မဲဆန္ဒနယ်များတွင် မယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြောကြား
Published 17 October 2018
 ထွန်းလင်းအောင် (မြစ်ကြီးနား)

တိုင်းရင်းသားပါတီများ အနိုင်ရစေချင်သည့်အတွက် တိုင်းရင်းသားအများစုနေထိုင်သည့် ပြည်နယ်လွှတ်တော် လစ်လပ်မဲဆန္ဒနယ်များတွင် မယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားသည်။ 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အောက်တိုဘာ ၁၇ ရက်က ကျင်းပသည့် ပြည်သူလူထုတွေ့ဆုံပွဲနှင့် ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲ အခမ်းအနား၌ ဦးသန်းဌေးက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ပါတီဟာ ဖယ်ဒရယ်စနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံကို လက်ခံတဲ့ပါတီ ဖြစ်ပါတယ်။ ဒီနေရာဟာ တိုင်းရင်းသားတွေရဲ့ နယ်မြေ၊ ဒေသဖြစ်တယ်ဆိုရင် တိုင်းရင်းသားတွေရဲ့ အသံကို ထင်ဟပ်နိုင်တယ်လို့ ယေဘုယျ ယူဆလို့ရတဲ့အတွက် တိုင်းရင်းသားပါတီတွေကို အနိုင်ရစေချင်ပါတယ်။ အဲဒီလို အနိုင်ရစေချင်တဲ့အတွက် အခု ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်နယ်လွှတ်တော်ကို သွားမဲ့နေရာတွေမှာ ကျွန်တော်တို့ မပြိုင်ပါဘူး။ အဲဒီတိုင်းရင်းသားပါတီတွေ ယှဉ်ပြိုင်ခွင့် အခွင့်အရေးရအောင် ကျွန်တော်တို့ အခွင့်အရေးတွေ ဆုံးရှုံးခံလိုက်ပါတယ်။ ပြည်ထောင်စုအပေါ်မှာ သစ္စာရှိတယ်လို့ ယူဆနိုင်လောက်တဲ့ တိုင်းရင်းသား ပါတီတွေ အနိုင်ရအောင်လည်း ကျွန်တော်တို့ဝိုင်းပြီး ကူညီပေးမှာပါ။ ဒါဟာ ကျွန်တော်တို့ပါတီရဲ့ တိုင်းရင်းသားများနှင့် တိုင်းရင်းသားပါတီများ အပေါ်ထားတဲ့ သဘောထား ဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီဟာ တိုင်းရင်းသားတစ်မျိုးတည်း ဖွဲ့စည်းထားတဲ့ ပါတီသီးသန့် မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးက တိုင်းရင်းသား ၁၃၅ မျိုး ပါဝင်ဖွဲ့စည်းထားတဲ့ပါတီဖြစ်ပါတယ်။ မြို့နယ်၊ ကျေးလက်ပါမကျန် ဖွဲ့စည်းခဲ့တဲ့ ပါတီပါ။ အခုလည်း ပြည်သူလူထုက တာဝန်ပေးရင် အချိန်မရွေးအစိုးရ ဖွဲ့နိုင်တဲ့ အရည်အချင်းရှိတဲ့ ပါတီပါ။ မြစ်ကြီးနားမြို့နယ် အမျိုးသားမဲဆန္ဒနယ်ကို ဝင်ပြိုင်ရတာက အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်ကို သွားမယ့်နေရာ ဖြစ်ပါတယ်” ဟု ဦးသန်းဌေးက ပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် ၎င်းတို့၏ ကိုယ်စားလှယ်လောင်းအား တာဝန်ယူကြောင်း၊ ကိုယ်စားလှယ်တာဝန်နှင့် ထိုက်တန်ကြောင်းကို တာဝန်ယူသည်ဟုလည်း ၎င်းက အာမခံ ပြောကြားခဲ့ပြီး ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင်လည်း ပါတီဗဟိုမှ တိုက်ရိုက်ရွေးချယ်ခြင်းမဟုတ်ဘဲ အောက်ခြေမှ တင်ပြလာမှုအပေါ် သင့်၊ မသင့် ဆုံးဖြတ်ရွေးချယ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဦးသန်းဌေးက ဆိုခဲ့သည်။

ထို့ပြင် ၎င်းတို့အစိုးရလက်ထက်က ကချင်ပြည်နယ် အပါအဝင် နိုင်ငံသားအများစု ခံစားနေကြရသော စစ်ဘေးစစ်ဒဏ်မှ ပြည်သူများ အမြန်ဆုံး လွတ်မြောက်စေချင်သည့်အတွက် နိုင်ငံတော်သမ္မတက ငြိမ်းချမ်းရေးကို ကမ်းလှမ်းခဲ့ပြီးနောက် သုံးနှစ်ခွဲအတွင်း အလွတ်သဘော၊ တရားဝင်ဆွေးနွေးမှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကာ နောက်ဆုံးတွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ထက်ဝက်ခန့် ပမာဏမျှရှိသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် NCA လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်းလည်း ဦးသန်းဌေးက ပြောကြားသည်။

“တကယ်ဆို အဲဒီထက်မက လက်မှတ်ထိုးနိုင်ဖို့ ဖြစ်ပါတယ်။ အဲဒီတော့ တိုင်းပြည်အတွက် တကယ့်ကို ပြည်သူလူထု ဆာလောင်မွတ်သိပ်တမ်းတနေတဲ့ အဲဒီငြိမ်းချမ်းရေးရဖို့ပဲ ကျွန်တော်တို့ အဓိက ထားခဲ့ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ယင်းအခမ်းအနားသို့ ပြည်ထောင်ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်၊ ပါတီဗဟိုအလုပ်အမှုဆောင် ကချင်ပြည်နယ် တာဝန်ခံဒေါက်တာအောင်မြတ်ဦး၊ ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးရားဝမ်ဂျုံး အပါအဝင် ယခင်ကချင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးလဂျွန်ငန်ဆိုင်းနှင့် လွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးလဝမ်းဂျုံးတို့လည်း တက်ရောက်ခဲ့သည့်အပြင် လူဦးရေ ၃၀၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

လာမည့် နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည့် ကြားဖြစ်ရွေးကောက်ပွဲတွင် လစ်လပ်မဲ ဆန္ဒနယ် ၁၃ နေရာတွင် ကျင်းပမည်ဖြစ်သော်လည်း ပြည်ထောင်ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် ၁၀ နေရာ၌သာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကချင်ပြည်နယ် အမျိုးသားလွှတ်တော် အမှတ် (၂) (မြစ်ကြီးနားမြို့နယ်) လစ်လပ်မဲဆန္ဒနယ်တွင် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဆီဟူးဒွေ့က ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။        

Most Read

Most Recent