ပြည်တွင်းအခွန်များဦးစီးဌာနတွင် အခွန်အကောက်နှင့် ပတ်သက်၍ အဂတိလိုက်စားမှု လုပ်ဆောင်သူများမရှိဟု တာဝန်ရှိသူ ပြောကြား

ပြည်တွင်းအခွန်များဦးစီးဌာနတွင် အခွန်အကောက်နှင့် ပတ်သက်၍ အဂတိလိုက်စားမှု လုပ်ဆောင်သူများမရှိဟု တာဝန်ရှိသူ ပြောကြား
Published 17 October 2018
စိုးမင်းထိုက်

ပြည်တွင်းအခွန်များ ဦးစီးဌာနတွင် အခွန်အကောက်များနှင့်ပတ်သက်၍ မရိုးမဖြောင့် (အဂတိလိုက်စားမှု) လုပ်ဆောင်သည့်သူများ ရှိ မရှိ၊ ရှိခဲ့ပါက မည်မျှ ရှိသနည်းနှင့် မည်ကဲ့သို့ အရေးယူပါသနည်းကို Daily Eleven သတင်းစာမှ မေးမြန်းရာတွင် ဌာနအတွင်း အဂတိလိုက်စားမှုများ လုပ်ဆောင်သူမရှိဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

ထိုသို့မေးမြန်းမှုအား ပြည်တွင်းအခွန်များဦးစီးဌာန တာဝန်ရှိသူက “ပြည်တွင်း အခွန်များဦးစီးဌာနမှာ ၂၀၁၈ ခု ဘဏ္ဍာနှစ်အတွင်း အခွန်အကောက်တွေနဲ့ ပတ်သက်ပြီး မရိုးမဖြောင့် (အဂတိလိုက်စားမှု) လုပ်ဆောင်သူ မရှိပါဘူး” ဟု စာဖြင့် ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်အကောက်များ လွတ်ကင်းမှုမရှိဘဲ ကောက်ခံရရှိရေးအတွက် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း၊ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်နှင့်အညီ သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့များမှ ခွင့်ပြုထုတ်ပြန်ပေးလျက်ရှိသည့် လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်များ၊ နှစ်အလိုက် ခွင့်ပြုပေးထားသည့် အရပ်ရပ်လိုင်စင်များ၊ အဆောက်အအုံ ဆောက်လုပ်ခြင်းအတွက် လူနေထိုင်ခွင့် ခွင့်ပြုချက်ရယူခြင်းများအား ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် တင်ပြနိုင်မှသာ ဆက်လက် ဆောင်ရွက်စေခြင်းဖြင့် အခွန်မှန်မှန်ကန်ကန် ရရှိရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် အခွန်ထမ်းကိုယ်တိုင် စည်းကြပ်သည့် စနစ်သို့ ပြောင်းလဲခြင်း၊ သတ်မှတ်ထားသည့် အခွန်ဆိုင်ရာ ပြဋ္ဌာန်းချက်များကို လိုက်နာရန် ပျက်ကွက်သည့် အခွန်ထမ်းများကို အရေးယူခြင်းများဖြင့် အခွန်မှန်မှန်ကန်ကန် ရရှိရန် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဖြေကြားသည်။

ထို့ပြင် အခွန်ရှောင်သူများအား အရေးယူမှု အခြေအနေများကို သိရှိလိုကြောင်း မေးမြန်းရာတွင် ၎င်းက “အခွန်ရှောင်သူများ ရှိနိုင်ပါတယ်။ အခွန်တိမ်းရှောင်မှုများ မပြုလုပ်နိုင်ဖို့ ကြပ်မတ်ဆောင်ရွက်လျက် ရှိပါတယ်” ဟု ပြန်လည်ဖြေကြားသည်။

ထို့ပြင် လိမ်လည်လိုသော ရည်ရွယ်ချက်ဖြင့် အခွန်တိမ်းရှောင်ခြင်းဖြစ်ပါက ဝင်ငွေခွန်ဥပဒေအရ တရားစီရင်ရေးအဖွဲ့မှ သုံးနှစ်မှ ၁၀ နှစ်အထိ ထောင်ဒဏ်အပြစ်ပေးနိုင်ကြောင်း၊ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေအရ သုံးနှစ်ထက်မပိုသော ထောင်ဒဏ် (သို့မဟုတ်) ကျပ် သုံးသိန်းထက်မပိုသော ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း၊ အထူးကုန်စည်ခွန်ဥပဒေအရ သုံးနှစ်ထက်မပိုသော ထောင်ဒဏ် သို့မဟုတ် ကျပ်သိန်း ၃၀ ထက်မပိုသော ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အခွန်ထမ်းဆောင်သူများအတွက် ဝန်ဆောင်မှုကောင်းကောင်းဖြစ်ရန် ဆောင်ရွက်နေပြီး အခွန်ထမ်းများ သတ်မှတ်ချက် လိုက်နာခြင်းမရှိသည့်အတွက် ဒဏ်ကြေးရရှိမှုသည် နှစ်စဉ် ကျပ် ၂၅ ဘီလျံခန့်ရှိကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က အောက်တိုဘာ ၄ ရက်တွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာနတွင် ပြုလုပ်သည့် ၂၀၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအား မီဒီယာများသို့ ရှင်းလင်းပြောကြားစဉ် ထည့်သွင်း ပြောကြားသည်။

“အခွန်ထမ်းတွေ များလာဖို့အတွက် အခွန်ဆောင်ရာမှာ လွယ်ကူအောင် လုပ်နေပါတယ်။ ဝန်ဆောင်မှု ကောင်းကောင်းပေးရမယ်။ အခွန်ပညာပေးမှုတွေ ကောင်းကောင်း လုပ်ရမယ်။ အခွန်ထမ်းများလာဖို့ ဝန်ဆောင်မှုကောင်းကောင်းပေးရမယ်။ မလိုက်နာရင် အရေးယူမယ်။ အခွန်ထမ်းကို တရားစွဲဖို့ထက် အခွန်ရဖို့ အဓိက ရည်ရွယ်ထားတာပါ။ ဒါကြောင့်မို့ နှစ်စဉ် အခွန်ထမ်းတွေ လိုက်နာ ဆောင်ရွက်မှုမရှိတဲ့အတွက် တစ်နှစ်ကို ကျပ် ၂၅ ဘီလျံလောက် ပုံမှန်ရှိပါတယ်။ တချို့အခွန်ထမ်းကြီးတွေဆိုရင် အကြောင်းအရာ တစ်ခုမှာ မလိုက်နာလို့ သိန်းပေါင်း ၂၀၀၀၀ တို့၊ ၃၀၀၀၀ တို့ ရိုက်တာလည်း ရှိပါတယ်။ ကုမ္ပဏီတစ်ခုတည်းကနေ အကြောင်းအရာ တစ်ခုတည်းကို မလိုက်နာလို့ ဒဏ်ရိုက်တာတွေလည်း ရှိပါတယ်။ နိုင်ငံတကာမှာဆိုရင် အခွန်ရှောင်ရင် အခွန်မဆောင်လို့ အရှက်ခွဲတဲ့နည်းနဲ့ သွားနေကြတယ်။ ထောင်မချဘူး။ ဆိုင်းငံ့ပြစ်ဒဏ် ဆိုတာမျိုးတွေနဲ့ပေါ့။ ကျွန်တော်တို့နိုင်ငံမှာလည်း ဝန်ဆောင်မှုတွေကောင်းအောင် လုပ်နေပါတယ်။ မလိုက်နာတဲ့သူဆိုရင် အရေးယူတဲ့နည်းသွားပါမယ်။ အဲဒီလိုဒဏ်ရိုက်တာမှာ အများဆုံးကတော့ ဝင်ငွေခွန်နဲ့ ကုန်သွယ်ခွန်မဆောင်လို့ ရိုက်တာများတယ်။ ဥပမာ-လစဉ်အခွန်ပေးဖို့ တာဝန်ရှိတယ်။ မပေးဘူး။ ဒါဆိုဒဏ်ရိုက်မယ်။ အခွန်ပေးတာ သတ်မှတ်အချိန်ထက် နောက်ကျရင်လည်း ဒဏ်ရိုက်ခံရတယ်” ဟု ဦးမင်းထွဋ်က ပြောကြားသည်။

Most Read

Most Recent