အင်နှင့်အားနှင့် ပြန်လည်ထူထောင်ရန်နှင့် ကိုယ့်နယ်မြေကို တစ်လက်မမျှမပေးဘဲ ကိုယ့်ရေကိုယ့်မြေကို အင်အားရှိအောင် ဝိုင်းဝန်းတည်ဆောက်ကြရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ တိုက်တွန်း

အင်နှင့်အားနှင့် ပြန်လည်ထူထောင်ရန်နှင့် ကိုယ့်နယ်မြေကို တစ်လက်မမျှမပေးဘဲ ကိုယ့်ရေကိုယ့်မြေကို အင်အားရှိအောင် ဝိုင်းဝန်းတည်ဆောက်ကြရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ တိုက်တွန်း
Published 24 October 2017

အကြမ်းဖက်မှုများဖြစ်ပွားပြီးနောက် ပြန်လည်ထူထောင်ချိန်တွင် အင်နှင့်အားနှင့် ထူထောင်သွားရန်နှင့် ကိုယ့်နယ်မြေကို တစ်လက်မမျှမပေးဘဲ ကိုယ့်ရေကိုယ့်မြေကို အင်အားရှိအောင် ဝိုင်းဝန်းတည်ဆောက်ကြရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက တိုက်တွန်းခဲ့သည်။

“ဖြစ်ပြီးတဲ့ကိစ္စတွေမှာ ကိုယ့်ဒေသကို ပြန်လည်ထူထောင်တဲ့အခါမှာ အင်နဲ့အားနဲ့ ထူထောင်သွားဖို့ လိုပါတယ်။ ရခိုင်သားတွေက ကိုယ့်နေရာကို အမိအရဆုပ်ကိုင်ထားဖို့ လိုပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ တိုက်တွန်းချင်တာက ကိုယ့်နယ်မြေကို တစ်လက်မမျှမပေးဘဲနဲ့ပိုပြီး ကိုယ့်မြေကို ကျယ်ပြန့်အောင် အင်အားရှိအောင် ဝိုင်းဝန်းတည်ဆောက်ကြပါစို့လို့ တိုက်တွန်းချင်ပါတယ်” ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ရသေ့တောင်ဒေသခံများကို ထည့်သွင်းပြောကြားသည်။

ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာတွင် ပြုလုပ်သည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) တာဝန်ရှိသူများအား မယူကမ်းဒေသမှ ကြိုဆိုပွဲနှင့် (UNA) တာဝန်ရှိသူများ၏ အကြံပြုချက်များကို စိတ်ဓာတ်ခွန်အားအဖြစ် ခံယူပွဲအခမ်းအနားက ခရီးစဉ်တွင် ဦးဆောင်လိုက်ပါလာသည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် လက်ရှိတွင် နိုင်ငံတကာဖိအား၊ အနောက်နိုင်ငံနှင့် မွတ်စလင်နိုင်ငံ၊ မီဒီယာများက တိုက်ခိုက်မှုကို အစိုးရအဖွဲ့ ကြံ့ကြံ့ခံနေရကြောင်း၊ မြန်မာပြည်သူများက လက်ရှိတွင် အစိုးရနှင့် တစ်သားတည်းဖြစ်နေကြကြောင်း၊ မောင်တောဒေသ အကြမ်းဖက်ဖြစ်စဉ်သည် ဘင်္ဂါလီများ၏ အကြမ်းဖက်ဖြစ်စဉ်သာဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးက ပြောကြားသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက “ဒီအခြေအနေမှာ နိုင်ငံတကာဖိအားက အင်မတန်များပါတယ်။ အစိုးရကို အနောက်နိုင်ငံတွေရယ်။ မွတ်စလင်နိုင်ငံတွေရယ် အစိုးရကိုဝိုင်းပြီး တိုက်နေပါတယ်။ သတင်းမီဒီယာကအစ တိုက်နေပါတယ်။ အဲဒါတွေကို အစိုးရအနေနဲ့ ကြံ့ကြံ့ခံနေတာပါ။ မြန်မာပြည်ထဲမှာ ပြည်သူတွေဟာလည်း အခုအချိန်မှာ အစိုးရနဲ့တစ်သားတည်း ရပ်တည်နေတယ်ဆိုတာကို ကျွန်တော်တို့တွေ့ရပါတယ်။ အဲဒီအခိုက်မှာ ညီညွတ်သောမဟာမိတ်များ တိုင်းရင်းသားအဖွဲ့ကလည်း ကျွန်တော်တို့ဒေသကို လာရောက်ပြီးတော့ လေ့လာတယ်။ ကျွန်တော်တို့အစိုးရနဲ့ တစ်သားတည်းရှိဖို့အတွက် လာခြင်းဖြစ်တယ်လို့ ကျွန်တော်က မျှော်လင့်ပါတယ်။ ဒီမဟာမိတ်အဖွဲ့ရဲ့ အင်အားကိုလည်း ကျွန်တော်တို့သုံးပြီး နိုင်ငံတကာကို ပြရမှာဖြစ်ပါတယ်။ ဒီဒေသမှာဖြစ်ခဲ့တဲ့ အကြမ်းဖက်ဖြစ်စဉ်တွေသည် ကျွန်တော်တို့ တိုင်းရင်းသားတွေလုပ်တာ မဟုတ်ပါ။ ဘင်္ဂါလီတွေရဲ့ အကြမ်းဖက်ဖြစ်စဉ်ကြောင့်သာ ဖြစ်လာတဲ့ ပြဿနာဖြစ်ပါတယ်။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးတာသာဖြစ်တဲ့ အကြောင်းကို ကျွန်တော်တို့ ပြဖို့လိုပါတယ်” ဟုပြောကြားသည်။

ဒေသတွင်းလုံခြုံရေးကို တပ်မတော်နှင့် ရဲတပ်ဖွဲ့က တာဝန်ယူမည်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးနှင့် လျှပ်စစ်မီးရရှိရေးတို့ကို အစိုးရက လုပ်ဆောင်နေကြောင်းနှင့် ပြန်လည်ထူထောင်ရေးအတွက် နေအိမ်များ ဆောက်လုပ်ပေးရေး၊ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရေးတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent