ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ မျက်နှာစုံညီ အစည်းအဝေးပြုလုပ်ရန် ပြင်ဆင်

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ မျက်နှာစုံညီ အစည်းအဝေးပြုလုပ်ရန် ပြင်ဆင်
Published 24 October 2017

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးအတွက် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ မျက်နှာစုံညီ အစည်းအဝေးပြုလုပ်ရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ မျက်နှာစုံညီအစည်းအဝေးသို့ (NCA) လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်းများနှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့များ တက်ရောက်ဆွေးနွေးကြမည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။

ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက “NCA လက်မှတ်ထိုးတဲ့အဖွဲ့နဲ့ လက်မှတ်မထိုးတဲ့ အဖွဲ့အားလုံးပေါင်းပြီး တက်နေကြတာပဲ။ မိုင်ဂျာယန်တို့ ပြီးခဲ့တဲ့ ၂၀၁၆ မှာကျင်းပခဲ့တဲ့ပွဲတု့ိ အဲဒါတွေအားလုံး ကျွန်တော်တို့ကြည့်မယ်ဆိုရင် လက်မှတ်ထိုးထားတဲ့အဖွဲ့တွေနဲ့ UNFC အဖွဲ့အားလုံးတက်ကြမှာပါ” ဟုပြောကြားသည်။

ထို့ပြင် ‘ဝ’ အဖွဲ့ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များကိုလည်း ဖိတ်ကြားသွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

“မြောက်ပိုင်းက ကျွန်တော်တို့လူကြီးတွေက ဖိတ်သင့်တယ်လို့ ပြောသံတွေကြားပါတယ်။ ဖိတ်ရမှာပါ။ ဖိတ်ပြီးတော့ ကျွန်တော်တို့ပေါ်လစီတွေ အခုဆွေးနွေးနေတာကို သူတို့ကိုလည်း တင်ပြတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင်အားလုံး အတူတကွဆွေးနွေးတာတော့ အကောင်းဆုံးပါပဲ။ ကျွန်တော်တို့ မူတွေ၊ ပေါ်လစီတွေ အတူတကွလုပ်တာတော့ အကောင်းဆုံးဖြစ်ပါတယ်လို့ မြင်ပါတယ်” ဟု ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။

အဆိုပါ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ မျက်နှာစုံညီအစည်းအဝေးကို မည်သည့်နေရာ၊ မည်သည့်အချိန်တွင် ပြုလုပ်သွားမည်ကို မသိရှိရသေးကြောင်းလည်း သိရသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့သည် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေး နိုင်ငံရေးကဏ္ဍတွက် ကြိုတင်ပြင်ဆင်သည့် အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ ၂၀ ရက်မှ ၂၄ ရက်အထိ ရန်ကုန်မြို့တွင် ပြုလုပ်လျက်ရှိသည်။

ယင်းအလုပ်ရုံဆွေးနွေးပွဲမှ ရရှိလာသည်များကို တစ်ဖွဲ့ချင်းစီနှင့် PPST တွင် ပြန်လည်ဆွေးနွေးပြီးနောက် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေး ခေါ်ယူဆွေးနွေးကာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် တင်ပြပြီးနောက် ပြည်ထောင်စု သဘောတူစာချုပ်အဖြစ်ရရှိနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှုအပေါ် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့တို့ ပူးတွဲပြန်လည်သုံးသပ်ရေး အစည်းအဝေး၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးများကိုလည်း လာမည့်ရက်ပိုင်းအတွင်း ပြုလုပ်သွားရန်ရှိကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားထားသည်။

Most Read

Most Recent