JICA နှစ်ဆင့်ချေးငွေ စီမံကိန်းအရ ဧက ၅၀ အထိ လုပ်ကိုင်သော တောင်သူတစ်ဦးချင်းကို ကျပ်သိန်းငါးရာနှင့် အစုအဖွဲ့တစ်ခုလျှင် ကျပ်သိန်းငါးထောင်ကို ငွေအရင်း ဆိုင်းငံ့ကာလ ၁၀ နှစ်အပါအဝင် နှစ် ၄၀ ဖြင့် ကျပ်ဘီလျံ ၁၈၀ ခန့် ထုတ်ချေးမည်

JICA နှစ်ဆင့်ချေးငွေ စီမံကိန်းအရ ဧက ၅၀ အထိ လုပ်ကိုင်သော တောင်သူတစ်ဦးချင်းကို ကျပ်သိန်းငါးရာနှင့် အစုအဖွဲ့တစ်ခုလျှင် ကျပ်သိန်းငါးထောင်ကို ငွေအရင်း ဆိုင်းငံ့ကာလ ၁၀ နှစ်အပါအဝင် နှစ် ၄၀ ဖြင့် ကျပ်ဘီလျံ ၁၈၀ ခန့် ထုတ်ချေးမည်
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လယ်ယာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လယ်ယာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)
Published 17 October 2018
  ဇေယျာငြိမ်း

JICA နှစ်ဆင့်ချေးငွေ စီမံကိန်းအရ ဧက ၅ဝအထိ လုပ်ကိုင်သော တောင်သူတစ်ဦးချင်းကို ကျပ်သိန်း၅၀၀ နှင့် အစုအဖွဲ့ တစ်ခုအဖွဲ့တစ်ခုလျှင် ကျပ်သိန်း ၅၀၀၀ အထိကို ငွေအရင်း ဆိုင်းငံ့ကာလ ဆယ်နှစ်အပါအဝင် နှစ် ၄၀ ဖြင့် ကျပ်ဘီလျံ ၁၈၀ ခန့် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) မှ လက်ထောက်မန်နေဂျာ ဒေါ်သက်သက်လွင်က ပြောကြားသည်။

“JICA Two Step Loan အဆင့်နှစ်ဆင့် ချေးငွေစီမံကိန်းကို ဂျပန်အစိုးရနဲ့ မြန်မာအစိုးရ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ စီမံကိန်းအတွက် ဂျပန်အစိုးရမှ မြန်မာအစိုးရကို ချေးငွေယန်း ၁၅ ဘီလီယံကျော်၊ မြန်မာကျပ်ငွေ အနေနဲ့ ခန့်မှန်းဘီလျံ ၁၈၀ ကျော်ကို အရင်းဆိုင်းငံ့ကာလ ဆယ်နှစ်အပါအဝင် နှစ်လေးဆယ် ထုတ်ချေးပေးမှာ ဖြစ်ပါတယ်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က တောင်သူသို့ ထုတ်ချေးပေးနေတဲ့ စိုက်ပျိုးစရိတ် ချေးငွေနှုန်းထားအတိုင်း တစ်နှစ်လျှင် အတိုးနှုန်း ရှစ်ရာခိုင်နှုန်းနဲ့ ထုတ်ချေးပေးလျက် ရှိပါတယ်။ စိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးကို ဦးတည်ဆောင်ရွက်တဲ့ စီမံကိန်းဖြစ်တဲ့အတွက် တောင်သူလယ်သမားတွေကိုသာ ထုတ်ချေးပေးလျက် ရှိပါတယ်” ဟု ဒေါ်သက်သက်လွင်က ပြောကြားသည်။

လယ်ယာကဏ္ဍနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ကူညီဖြည့်ဆည်းပေးလျက်ရှိသော JICA နှစ်ဆင့်ချေးငွေနှင့် ပတ်သက်သည့် နိုင်င့ံစီးပွားရေးစကားဝိုင်း ဆွေးနွေးပွဲတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်)မှ လက်ထောက်မန်နေဂျာ ဒေါ်သက်သက်လွင်က ယခုကဲ့သို့ ပြောကြားခဲ့ကြောင်း အောက်တိုဘာ ၁၇ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

ချေးငွေထုတ်ချေးပေးရာတွင် တစ်ဦးချင်း ချေးငွေရရှိရန်အတွက် ဧက ၅၀ အထိ လုပ်ကိုင်သော တောင်သူများက ချေးငွေ လျှောက်ထားနိုင်မည်ဖြစ်သည်။ 

“တစ်ဦးချင်း ချေးငွေအနေနဲ့ ဧကငါးဆယ်အထိ လုပ်ကိုင်သော တောင်သူတွေ ချေးငွေလျှောက်ထားနိုင်ပြီး အစုအဖွဲ့အနေနဲ့ တောင်သူသုံးဦးမှ ၁၀ ဦးအထိ ပါဝင်သော အစုအဖွဲ့နဲ့ ချေးငွေလျှောက်ထားနိုင်ပါတယ်။ သုံးဦးနှင့်အထက် ဖွဲ့စည်းသော အစုအဖွဲ့တွေမှာ ဧက ၅၀ အထက် လုပ်ကိုင်သူ တောင်သူလယ်သမားတစ်ဦး သို့မဟုတ် လယ်ယာမြေလုပ်ကိုင်ခြင်း မရှိသူတစ်ဦး သို့မဟုတ် ၎င်းတို့ နှစ်ဦးစလုံးပါဝင်၍ ထည့်သွင်းဖွဲ့စည်းနိုင်ပါတယ်” ဟု ဒေါ်သက်သက်လွင်က ပြောကြားသည်။

အဆိုပါ စီမံကိန်းအရ တစ်ဦးချင်း ချေးငွေအတွက် ကျပ်သိန်းငါးရာ၊ အစုအဖွဲ့အတွက် ကျပ်သိန်းငါးထောင်အထိ အများဆုံး ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ထုတ်ချေးပေးမယ့် ချေးငွေအမျိုးအစားများကတော့ လယ်ယာသုံးစက်ကိရိယာတွေ ဝယ်ယူဖို့ ချေးငွေနဲ့ စိုက်ပျိုးရေးကို အခြေခံသော စီးပွားရေးလုပ်ငန်းတွေအတွက် ရင်းနှီးမြှုပ်နှံတဲ့ ချေးငွေတို့ဖြစ်ပါတယ်။ လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူဖို့အတွက် ချေးငွေမှာ ထွန်စက်ကြီး၊ ရိတ်သိမ်းခြွေလှေ့စက်၊ လက်တွန်းထွန်စက်၊ ထော်လာဂျီ အစရှိတဲ့ လယ်ယာသုံးစက်ကိရိယာတွေ ဝယ်ယူဖို့အတွက် ဖြစ်ပါတယ်။ လယ်ယာသုံး စက်ကိရိယာအတွက် စက်ဖိုးငွေကို တောင်သူလက်ထဲကို မပေးပါဘူး။ ကုမ္ပဏီကို တိုက်ရိုက်ပေးချေပါတယ်။ တောင်သူကကြိုက်တဲ့ ကုမ္ပဏီ၊ ကြိုက်တဲ့စက်ဝယ်ခွင့် ရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် သမဝါယမအသင်းများမှ စိုက်ပျိုးရေးကဏ္ဍအတွက် မျိုးစေ့၊ စက်ကိရိယာ၊ မြေသြဇာ၊ ပိုးသတ်ဆေး စသည့်သွင်းအားစုများနှင့် အရင်းအနှီးချေးငွေအဖြစ် ကျပ်ဘီလျံ ၆၀၀ ကျော်အထိ ထုတ်ချေးပေးထားကြောင်း စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။