သရုပ်ဆောင်တေးသံရှင် မိုရီဆာကီဝင်းနှင့် တွေ့ဆုံခြင်း

သရုပ်ဆောင်တေးသံရှင် မိုရီဆာကီဝင်းနှင့် တွေ့ဆုံခြင်း
Published 17 October 2018
လင်းလင်းခိုင်

နိုဝင်ဘာလအတွင်း MNTV ရုပ်သံလိုင်း၌ ထုတ်လွှင့်မည့် Win's Shoow Time ဟုအမည်ပေးထားသော Variety Show တွင် အဓိက အစီအစဉ် တင်ဆက်သူအဖြစ် သရုပ်ဆောင်တေးသံရှင် မိုရီဆာကီဝင်းက ပါဝင်ထားခြင်း ဖြစ်သည်။ အဆိုပါ အစီအစဉ်တွင် မြန်မာတို့၏ လှပသည့် ရိုးရာယဉ်ကျေးမှု၊ ချစ်စဖွယ်ကစားနည်းများသာမက မြန်မာအနုပညာရှင်များနှင့် တွေ့ဆုံမှုများ ပါဝင်သည့်အပြင် ဂျပန်နိုင်ငံ၏ အလှအပ၊ ထင်ရှားသည့်နေရာများကိုလည်း ထည့်သွင်း တင်ဆက်မည်ဖြစ်သည်။ Win's Shoow Time အစီအစဉ်၏ အကြောင်းအရာများ၊ အတွေ့အကြုံများနှင့် ထပ်မံလုပ်ဆောင်လိုသည့် မိုရီဆာကီဝင်း၏ အနုပညာအိပ်မက်များအကြောင်းကို မေးမြန်းဖြစ်ခဲ့သည်။

■ မေး - Win's Shoow Time Variety Show ကို ပါဝင်တင်ဆက်ဖြစ်ပုံလေး အရင်ပြောပြပါဦး။

ဖြေ - ဒီအစီအစဉ်က ကျွန်တော့်အတွက် ပထမဆုံး Variety Show ဖြစ်သလို မြန်မာနိုင်ငံက တန်ဖိုးထားစရာကောင်းတဲ့ ဓလေ့စရိုက်တွေ၊ နေရာဒေသတွေ၊ ကစားနည်းတွေ စသဖြင့် အများကြီး တင်ဆက်ခွင့်ရတယ်။ ဂျပန်နိုင်ငံက နေရာဒေသတွေ၊ ရှုခင်းအလှအပတွေလည်း တင်ဆက်ခွင့်ရတယ်။ ဒါကြောင့် ပါဝင်ဖြစ်တာပါ။ 

■ မေး - ဒီအစီအစဉ်မှာ အဝင်းရဲ့ပရိသတ်တွေက ဘာတွေကြည့်ခွင့်ရမလဲ။

ဖြေ - Variety Show ဖြစ်တဲ့အတွက် ပျော်စရာလည်း ကြည့်ရမယ်။ ဟာသအစီအစဉ်တွေ၊ အကအစီအစဉ်တွေလည်းပါမယ်။ သီချင်းနဲ့ ဖျော်ဖြေတာတွေလည်းပါတယ်။ ပျော်စရာ ကောင်းမှာပါ။

■ မေး - ဒီအစီအစဉ်အတွက် ပါဝင်ခွင့်ရတဲ့အချိန်မှာ ဘယ်လိုအတွေ့အကြုံတွေရလဲ။

ဖြေ - ဒီအစီအစဉ်ရိုက်တဲ့အချိန်မှာ မြန်မာစကားအသစ်တွေ အများကြီး သင်ပေးတယ်။ ရိုက်ကူးရေးလုပ်တဲ့အခါ အတွေ့အကြုံသစ်တွေတော့ အများကြီးရပါတယ်။ မြန်မာစကားပြောရာမှာလည်း ပိုပြီးကျွမ်းကျင်လာတယ်လို့ ခံစားရတယ်။ 

■ မေး - ဒီအစီအစဉ်မှာ မြန်မာ့ရိုးရာကစားနည်းတစ်ခုဖြစ်တဲ့ ခေါင်းအုံးရိုက်ပွဲကိုလည်း ထည့်ထားတာ တွေ့ရတယ်။ အဲဒီအတွေ့အကြုံကိုလည်း ပြောပြပါဦး။

ဖြေ - ဒါက ကျွန်တော့်အတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ အတွေ့အကြုံတစ်ခုပါ။ ခေါင်းအုံးရိုက်တဲ့အခါ ရှုံးတဲ့သူက အောက်ကိုပြုတ်ကျသွားရင်လည်း ရွှံ့ထဲကျမှာဆိုတော့ နာမှာမဟုတ်ဘူးလေ။ အဲဒီတော့ တစ်ယောက်နဲ့တစ်ယောက် နိုင်အောင် တကယ်ဖိုက်ရမယ်ဆိုတဲ့ စိတ်မျိုးရှိတယ်။ ကျွန်တော်လည်း အဲဒီလိုကစားတဲ့အခါ တကယ်နိုင်အောင် ဖိုက်ခဲ့တာပါ။ ဒီလိုပျော်စရာကောင်းတဲ့ ဗီဒီယိုကလစ်တွေ အများကြီးပါပါမယ်။ ကျွန်တော်တို့တောင်မှ စတူဒီယိုထဲမှာ ပြန်ကြည့်တဲ့အခါ တကယ် အရမ်းရယ်ရပြီး ပျော်စရာလည်း ကောင်းပါတယ်။ 

■ မေး - အဝင်းအတွက် အခက်အခဲဖြစ်ရတဲ့ အချိန်မျိုးရော ရှိခဲ့လား။

ဖြေ - ပြောရမယ်ဆို ကျွန်တော်က main MC တစ်ယောက်ဖြစ်တယ်။ ဦးအရိုင်းတို့ မရေဗက္ကာတို့က ဘေးကနေ ၀ိုင်းဝန်း ကူညီပေးကြတယ်။ Guest တွေ ဘာတွေလာတဲ့အချိန်မှာ သူတို့ကို တစ်ခါတလေ ကျွန်တော်က သိပ်မသိတဲ့အခါ အခက်အခဲ တချို့တော့ ရှိခဲ့ပါတယ်။ 

■ မေး - မြန်မာနိုင်ငံရဲ့ ဘယ်နေရာတွေမှာ ရိုက်ဖြစ်ခဲ့လဲ။

ဖြေ - နယ်ဘက်တွေရောက်တာမျိုးရှိတယ်။ အရမ်းကြီးတော့ မဝေးပါဘူး။ ပဲခူးလောက်ကို ရောက်တာပါ။ 

■ မေး - ဦးအရိုင်းနဲ့ တွဲဖက်တင်ဆက်တဲ့အခါ အမှတ်တရရှိလား။

ဖြေ - ဦးအရိုင်းက ဂျပန်လာပြီဆိုလည်း ဘာမှမပြောင်းလဲဘူး။ ဂျပန်ရဲ့ Culture ပိုင်းတွေကိုတော့ ကျွန်တော်ကပြောပြတာမျိုးရှိတယ်။ ဦးအရိုင်းကလည်း ကျွန်တော့်ကို အများကြီး ကူညီပေးပါတယ်။ 

■ မေး - ဂျပန်က ဘယ်လိုယဉ်ကျေးမှုတွေကို ဒီအစီအစဉ်မှာ ထည့်သွင်းထားလဲ။

ဖြေ - အများကြီးတော့ပါတယ်။ ဂျပန်က ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့အတွက် ဂျပန်က ဗုဒ္ဓဘာသာကိုးကွယ်သူတွေက ဘယ်လိုပုံစံမျိုး ကိုးကွယ်ကြလဲ။ ဘယ်လိုပူဇော်ကြလဲဆိုတာတွေ ပါလာပါလိမ့်မယ်။

■ မေး - ဒီအစီအစဉ်နဲ့ ပတ်သက်လို့ ပရိသတ်ကို ပေးချင်တဲ့ Message ရှိမလား။

ဖြေ - ဒါက Variety Show ဖြစ်တဲ့အတွက် ကိုယ်မမြင်ဖူးတာလည်း ပါနိုင်တယ်။ ချောတိုင်တက်တာ၊ ခေါင်းအုံးရိုက်တာမျိုးတွေ မြင်တွေ့ရနိုင်သလို ဂျပန်မှာဒါမျိုးနေရာတွေ ရှိပါလားဆိုတာမျိုးလည်း မြင်တွေ့ရနိုင်ပါတယ်။ Variety Show ဆိုတာမိသားစုစုံပြီး ထမင်းစားရင်းကြည့်၊ ကြည့်တဲ့အချိန်မှာ ပျော်ရွှင်စရာ၊ ကြည်နူးစရာ ခံစားမှုတစ်ခု ရလိမ့်မယ်လို့ ကျွန်တော်အာမခံပါတယ်။ ဒါကိုကြည့်လိုက်ရင် အစအဆုံးကတော့ ပျော်ရွှင်ရမှာ သေချာပါတယ်။ 

■ မေး - ဒီအစီအစဉ်အတွက် သွားရိုက်ချင်တဲ့ နေရာမျိုးရှိလား။

ဖြေ - ပုဂံကို သွားရိုက်ချင်ပါတယ်။ အရမ်းသွားရိုက်ချင်တယ်။ ဖြစ်လာမလားဆိုတာတော့ သေချာမသိသေးဘူး။

■ မေး - လောလောဆယ် အဝင်းရဲ့ စိတ်ကူးအိပ်မက်တစ်ခု ပြောပါဆိုရင်ရော။

ဖြေ - ကျွန်တော့်စိတ်ကူးအိပ်မက်က ခရီးသွားသံတမန်တစ်ဦးလည်း ဖြစ်တာကြောင့် မြန်မာပြည်မြောက်ဖျားကနေ တောင်ဖျားအထိကို ခရီးတွေ လှည့်လည်သွားလာချင်ပါတယ်။ 

■ မေး - Prizmax အဖွဲ့ကလည်း ဒီအစီအစဉ်မှာ ကူညီပေးထားတယ်ဆိုတော့ သူတို့ဘက်က ဘာတွေကြိုးစားပေးထားလဲ။

ဖြေ - သူတို့က ဒီအစီအစဉ်ကို အောင်မြင်အောင် ပါဝင်ကူညီပေးကြတာပါ။ မြန်မာစကားကိုလည်း ကြိုးစားသင်ယူပေးတယ်။ 

■ မေး - Fan တွေကို ပြောချင်တာများ ရှိမလား။

ဖြေ - ကျွန်တော်က မြန်မာဆန်ဆန် နာမည်လေးတွေကို အရမ်းကြိုက်ပါတယ်။ ကျွန်တော့်နာမည်ကိုလည်း မြန်မာဆန်ဆန် ဘယ်လိုမှည့်ချင်လဲဆိုတာကို Facebook Account မှာ ရေးပေးပါလို့။

■ မေး - Fan Meeting လုပ်မယ်လို့ ပြောထားဖူးတယ်နော်။

ဖြေ - နောက်နှစ်ထဲလောက် လုပ်ဖြစ်ပါမယ်။ ခဏလောက် စောင့်ပေးပါလို့။    

Most Read

Most Recent