ဂရီးဇ်မန်းရဲ့ သွင်းဂိုးတွေနဲ့ ဂျာမနီကို အနိုင်ယူခဲ့တဲ့ ပြင်သစ်

ဂရီးဇ်မန်းရဲ့ သွင်းဂိုးတွေနဲ့ ဂျာမနီကို အနိုင်ယူခဲ့တဲ့ ပြင်သစ်
Published 17 October 2018

 

■ ပြင်သစ် ၂-၁ ဂျာမနီ

UEFA Nations League ပြိုင်ပွဲ League A - Group (1) ရဲ့ ပြင်သစ်နဲ့ ဂျာမနီတို့ရဲ့ ပွဲမှာတော့ အိမ်ရှင်ပြင်သစ်အသင်းက ဒုတိယပိုင်းသွင်းဂိုးတွေကြောင့် (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

အိမ်ရှင် ပြင်သစ်အသင်းမှာ ဘာပေ၊ ဂရီးဇ်မန်း၊ ဂျရူး၊ ပေါ့ဘာ၊ ဗာရန်း၊ လိုရစ်စတဲ့ အဓိကကစားသမားတွေနဲ့ ပွဲထွက်ခဲ့ပြီး (၄-၂-၃-၁)ပုံစံကို အသုံးပြုခဲ့ပါတယ်။

ဂျာမနီကတော့ (၃-၄-၃)ပုံစံကို အသုံးပြုခဲ့ပြီး ဂနာဘရီကိုအထောင်ကား တောင်ပံနှစ်ဖက်မှာတော့ ဆာနေးနဲ့ ဗာနာတို့ကို ကစားခဲ့စေခဲ့ကာ တိုနီကရို့စ်၊ ကင်မစ်ချ်တွေကို ကွင်းလယ်မှာ အသုံးပြုခဲ့ပါတယ်။

ပ-ကျော့မှာ ဂိုးမရှိသရေကျပေခဲ့ပေမယ့် ဒီပွဲကတော့ တော်တော်လေး ကြည့်ကောင်းခဲ့ပါတယ်။ ဂျာမနီဟာ အဓိကကစားသမားတွေ မပါပေမယ့် အိမ်ရှင် ပြင်သစ်အသင်းကို ပွဲစကတည်းက ဖိအားပေးကစားနိုင်ခဲ့ပါတယ်။

အထူးသဖြင့် ဆာနေးရဲ့ ဘယ်တောင်ပံဟာ တော်တော်လေးအလုပ်ဖြစ်ခဲ့ပြီး ပြင်သစ်နောက်တန်းနဲ့ ဂိုးသမား လိုရစ်ကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ပွဲချိန် (၁၄)မိနစ်မှာ ဆာနေးရဲ့ ပေးပို့မှုကို ကင်ပမ်ဘေတားဆီးရာမှာ လက်နဲ့ ထိခဲ့လို့ ဂျာမနီတို့ ပင်နယ်တီ ရရှိခဲ့ပါတယ်။

ဒီပယ်နယ်တီကို တိုနီကရို့စ်က အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့တာကြောင့် ဂျာမနီတို့ အဖွင့်ဂိုးရရှိခဲ့ပါတယ်။ အဲဒီနောက်မှာ ဆာနေးရဲ့ ပေးပို့မှုကနေ ဗာနာ အခွင့်အရေးရခဲ့ပေမယ့် နောက်ကျနေလို့ ပြင်သစ်ဂိုးသမား လိုရစ် တားဆီးနိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာ ပြင်သစ်ဟာ တန်ပြန်တိုက်စစ်လောက်ပဲ ကစားနိုင်ခဲ့ပြီး ဂရီးဇ်မန်းရဲ့ ပေးပို့မှုကနေ ဘာပေ အခွင့်အရေးရခဲ့သေးပေမယ့် နောက်ကျနေလို့ နော်ယာ အလွယ်တကူပဲ ဖမ်းမိသွားခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ပြင်သစ်အသင်းက ချေပဂိုးရဖို့ တင်ကစားလာခဲ့တာကြောင့် ဂျာမနီတို့ အခက်တွေ့ခဲ့ရပါတယ်။ အထူးသဖြင့် တိုက်စစ်မှာ ဘယ်ညာတောင်ပံနှစ်ဖက်လုံး ကစားခဲ့တဲ့ ဘာပေရဲ့ အမြန်နှုန်းကြောင့် ဂျာမနီနောက်တန်း ဒုက္ခများခဲ့ပါတယ်။

ဒုတိယပိုင်းပြန်စကတည်းက တောက်လျှောက်တိုက်စစ်ဆင်နေတဲ့ ပြင်သစ်ဟာ ဂိုးသွင်းခွင့်တွေလည်း ရရှိခဲ့ပါတယ်။ နော်ယာနဲ့ ဂျာမနီနောက်တန်း ကောင်းနေလို့သာ ဂိုးရဖို့ ခက်နေခဲ့တာ ဖြစ်ပြီး ဘာပေလည်း အဆုံးသတ် ညံ့ဖျင်းခဲ့လို့ ပြင်သစ်တို့ ချေပဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။

ဒါပေမဲ့ ပွဲချိန် (၆၂)မိနစ်မှာတော့ ပြင်သစ်တို့ ချေပဂိုး ရရှိခဲ့ပါတယ်။ ဘယ်တောင်ပံကနေ နောက်ခံလူ လူးကပ်စ်ဟာနန်ဒက်ဇ် ဖြတ်တင်ပေးတာကို ဂရီးဇ်မန်းက ပြေးဝင်ခေါင်းတိုက်ပြီး လှလှသွင်းယူခဲ့တာ ဖြစ်ပါတယ်။

ချေပဂိုးပေးလိုက်ရပြီးနောက် ဂျာမနီတို့ ဦးဆောင်ဂိုးရဖို့ ပြန်လည်ကြိုးစားခဲ့ပေမယ့် ကစားကွက်စီးသွားတဲ့ ပြင်သစ်အသင်းကို မကျော်နိုင်ခဲ့ပါဘူး။

ပွဲချိန်မိနစ် (၈၀)မှာတော့ ဒုတိယပိုင်းမှာ တောက်လျှောက်နီးပါးဖိကစားနေတဲ့ ပြင်သစ်အသင်း အနိုင်ဂိုးရခဲ့ပါတယ်။ ဂျာမနီအသင်းဂိုးဧရိယာထဲမှာ မာတွီဒီကို ဟမ်းမဲလ်တားဆီးတာ ကြမ်းတမ်းခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ပြင်သစ်အသင်းကို ပယ်နယ်တီပေးခဲ့တာ ဖြစ်ပါတယ်။

ဒီပယ်နယ်တီကို ဂရီးဇ်မန်းက အမှားအယွင်းမရှိ ကန်သွင်းယူခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာ ဂျာမနီတို့ ချေပဂိုးပြန်ရဖို့ ကြိုးစားခဲ့ပေမယ့် ပြင်သစ်အသင်းက အမှားမရှိဘဲ ထိန်းချုပ်ကစားသွားခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် ပြင်သစ်အသင်းဟာ League A - Group (1) မှာ ရမှတ် (၇)မှတ်နဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဂျာမနီအသင်းကတော့ နိုင်ပွဲတစ်ပွဲမှ မရသေးဘဲ ရမှတ်(၁)မှတ်နဲ့ အုပ်စုအောက်ဆုံးကို ရောက်ရှိနေပါတယ်။

■ ယနေ့ယှဉ်ပြိုင်သည့် ပွဲစဉ်များ ရလဒ်

UEFA Nations League အုပ်စုအဆင့်

League A - Group (1)

ပြင်သစ် ၂-၁ ဂျာမနီ

League B - Group (1)

ယူကရိန်း ၁-၀ ချက်

League B - Group (4)

အိုင်ယာလန် ၀-၁ ဝေးလ်စ်

League C - Group (3)

နော်ဝေ ၁-၀ ဘူလ်ဂေးရီးယား

ဆလိုဗေးနီးယား ၁-၁ ဆိုက်ပရပ်စ်

League D - Group (1)

ကာဇက်စတန် ၄-၀ အန်ဒိုရာ

လတ်ဗီးယား ၀-၃ ဂျော်ဂျီယာ

League D - Group (4)

အာမေးနီးယား ၄-၀ မက်ဆီဒိုးနီးယား

ဂျီဘရော်လ်တာ ၂-၁ လက်ချင်စတိန်း



အာဖရိကနိုင်ငံများဖလား ခြေစစ်ပွဲ

မာဒါဂါစကာ ၁-၀ E.ဂီနီ

ကိုမိုရော့စ် ၂-၂ မော်ရိုကို

မာလာဝီ ၀-၀ ကင်မရွန်း

ဘူရွန်ဒီ ၁-၁ မာလီ

တောင်ဆူဒန် ၀-၁ ဂါဘွန်

ဆွာဇီလန် ၀-၂ အီဂျစ်

ဆေချဲလက်စ် ၀-၀ တောင်အာဖရိက

ရဝမ်ဒါ ၁-၁ ဂီနီ

ဗဟိုအာဖရိက ၀-၀ အိုင်ဗရီကို့စ်

တန်ဇန်နီးယား ၂-၀ ကိတ်ဗာဒီ

ဘီနင် ၁-၀ အယ်လ်ဂျီးရီးယား

နိုင်ဂျား ၁-၂ တူနီးရှား

လီဆိုသို ၀-၂ ယူဂန္ဓာ

ဂမ်ဘီယာ ၀-၁ တိုဂို

ဇင်ဘာဘွေ ၁-၁ DR ကွန်ဂို

ဘော့ဆွာနာ ၀-၀ ဘာကီနာဖာဆို

မော်ရီတေးနီးယား ၁-၀ အန်ဂိုလာ

နမီးဘီးယား ၁-၀ မိုဇမ်ဘစ်

ဆူဒန် ၀-၁ ဆီနီဂေါ

လိုက်ဘေးရီးယား ၂-၁ ကွန်ဂို

လစ်ဗျား ၂-၃ နိုင်ဂျီးရီးယား

 

နိုင်ငံတကာ ခြေစမ်းပွဲများ

အင်ဒိုနီးရှား ၁-၁ ဟောင်ကောင်

တရုတ် ၂-၀ ဆီးရီးယား

ဥဇဘက်ကစ္စတန် ၂-၀ ကာတာ

ဘာရိန်း ၄-၁ မြန်မာ

အိုမန် ၀-၀ အီကွေဒေါ

ယူအေအီး ၀-၂ ဗင်နီဇွဲလား

အီရန် ၂-၁ ဘိုလစ်ဗီးယား

အာဂျင်တီးနား ၀-၁ ဘရာဇီးလ်

ဒိန်းမတ် ၂-၀ ဩစတြီးယား

ဆွီဒင် ၁-၁ ဆလိုဗက်ကီးယား

ဘယ်လ်ဂျီယံ ၁-၁ နယ်သာလန်

Most Read

Most Recent