နယူးကာဆယ်နှင့် ပွဲအပြီးပြောစကားအတွက် မော်ရင်ဟိုကို FA စွဲချက်တင်

နယူးကာဆယ်နှင့် ပွဲအပြီးပြောစကားအတွက် မော်ရင်ဟိုကို FA စွဲချက်တင်
Published 16 October 2018

 

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) သည် အောက်တိုဘာ (၆) ရက်နေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် မန်ယူ ၃-၂ နယူးကာဆယ်ပွဲအပြီး ပြောကြားခဲ့သည့် စကားအတွက် မန်ယူနည်းပြ မော်ရင်ဟိုကို စွဲချက်တင်ခဲ့ကြောင်းသိရသည်။ 

FA ၏ထုတ်ပြန်ချက်တွင် မော်ရင်ဟိုသည် ရိုင်းစိုင်းပြီး မသင့်တော်သည့် စကားများကိုပြောကြားခဲ့ခြင်းကြောင့် စွဲချက်တင်ခြင်းဖြစ်သည်ဟု ပါရှိသည်။

မော်ရင်ဟိုအနေဖြင့် ယင်းစွဲချက်ကို အောက်တိုဘာ (၁၉)ရက် (သောကြာ) နေ့အထိ ပြန်လည်တုံ့ပြန်ခွင့်ရှိပြီး အပြစ်ရှိပါက အောက်တိုဘာ (၂၀) ရက်နေ့ စတမ်းဖို့ဒ်ဘရစ်ချ်၌ ကစားမည့်ချယ်လ်ဆီးနှင့်ပွဲစဉ်ကို ပွဲကြီးကြပ်ခွင့်ဆုံးရှုံးရဖွယ်ရှိနေသည်။

မော်ရင်ဟိုသည် အိုးလ်ထရက်ဖို့ဒ်ကွင်းတွင် နယူးကာဆယ်အသင်းအား (၃-၂) ဂိုးဖြင့်အနိုင်ရသည့်ပွဲစဉ်တွင် ပေါ်တူဂီဘာသာဖြင့် "Fodas filhos de puta" ဟု ကင်မရာတစ်လုံးကိုကြည့်ကာ မကျေမချမ်းပြောဆိုခဲ့ခြင်းဖြစ်ပြီး ယင်းအဓိပ္ပါယ်မှာ အင်္ဂလိပ်လို "f*** off sons of b****" ဟု အဓိပ္ပါယ်ရကြောင်းသိရသည်။

မော်ရင်ဟိုသည် လက်ရှိတွင် မန်ယူအသင်းတွင် အနာဂတ်လှုပ်ခတ်နေသူဖြစ်ပြီး ယခုကဲ့သို့စွဲချက်တင်ခံရခြင်းမှာ ၄င်းအတွက် ထိုးနှက်ချက်တစ်ခုလည်း ဖြစ်သည်။ 

FA သည် နယူးကာဆယ်နှင့်ပွဲအပြီးတွင် မော်ရင်ဟို၏ ပြောစကားကို နှုတ်ထွက်စကားခန့်မှန်းရာတွင် ကျွမ်းကျင်သည့် ပုဂ္ဂိုလ်များနှင့် ပြန်လည်စစ်ဆေးခဲ့ဖွယ်ရှိကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

မော်ရင်ဟို၏ ဖြစ်ရပ်ကဲ့သို့ မန်ယူတိုက်စစ်မှူးဟောင်း ရွန်နီလည်း ကျူးလွန်ခဲ့ဖူးကြောင်း သိရသည်။

ရွန်နီသည် ၂၀၁၁ ခုနှစ်၊ ဧပြီလက ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဝက်စ်ဟမ်းအသင်းဘက်သို့ ဟက်ထရစ်သွင်းပြီးနောက် TV ကင်မရာတစ်ခုကိုကြည့်ကာ ဆဲဆိုခဲ့ဖူးသည်။

ရွန်နီသည် ယင်းဖြစ်ရပ်အတွက်  FA ၏ (၂)ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းကို ခံခဲ့ရဖူးကြောင်း သိရှိရသည်။

Most Read

Most Recent