စပါးမပေါ်သေးသည့် ဒေသအချို့တွင် စျေးကောင်းပေး၍ ကြိုတင်ဝယ်ယူနေမှုကြောင့် စပါးအမျိုးအစားအလိုက် တင်း ၁၀၀ လျှင် ကျပ်ငါးသိန်းမှ ကျပ်ကိုးသိန်းအထိ ပေါက်စျေးရှိနေ

စပါးမပေါ်သေးသည့် ဒေသအချို့တွင် စျေးကောင်းပေး၍ ကြိုတင်ဝယ်ယူနေမှုကြောင့် စပါးအမျိုးအစားအလိုက် တင်း ၁၀၀ လျှင် ကျပ်ငါးသိန်းမှ ကျပ်ကိုးသိန်းအထိ ပေါက်စျေးရှိနေ
စိုက်ပျိုးထားသော စပါးများ ရိတ်သိမ်းထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)
စိုက်ပျိုးထားသော စပါးများ ရိတ်သိမ်းထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)
Published 16 October 2018
နီလာ

စပါးမပေါ်သေးသည့် ဒေသအချို့၌ စျေးကောင်းပေးကာ ကြိုတင်ကာ လိုက်လံဝယ်ယူနေမှုကြောင့် စပါးအမျိုးအစားအလိုက် တင်း ၁၀၀ လျှင် ကျပ်ငါးသိန်းမှ ကျပ်ကိုးသိန်းအထိ ပေါက်စျေးရှိနေကြောင်း ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) မှ တောင်သူများထံမှ သိရသည်။

“စပါးပေါ်တယ်ဆိုရင်ပဲ ရွာတွေအထိ လိုက်ပြီးဝယ်နေကြတယ်။ တချို့စပါးတွေဆိုရင် တင်းတစ်ရာကို ကျပ်ငါးသိန်း၊ ငါးသိန်းခွဲလောက်အထိ စျေးရှိနေတယ်” ဟု မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၁၈ ခုနှစ် မိုးစပါးစိုက်ရာသီမှ စပါးများအနက် စပါးရင်ကဲ့သို့ စပါးမျိုးများ စတင်ထွက်ပေါ်နေပြီ ဖြစ်သော်လည်း အချို့သော သက်ကြီးစပါးမျိုးများမှာ လက်ရှိအချိန်၌ စပါးမပေါ်သေးကြောင်း သိရသည်။ သို့သော်လည်း အဆိုပါ မထွက်သေးသည့် စပါးများကိုပင် စျေးကောင်းပေးကာ လိုက်လံဝယ်ယူနေကြခြင်း ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) ပေါင်းတည်မြို့နယ်မှ တောင်သူများက ဆိုသည်။

“တောင်ပျံစပါးမျိုးလို မထွက်သေးတဲ့ စပါးတွေကို အကြိုဝယ်နေတာ။ အခုက စပါးတွေက မထွက်သေးဘူးလေ။ အဲဒါကို အခုကတည်းက ရောင်းမလား၊ ရောင်းရင်ဝယ်မယ်၊ ကိုးသိန်းစျေး၊ စပါးပေါ်မှ စပါးပေးဆိုပြီး ဝယ်နေကြတာ” ဟု ပေါင်းတည်မြို့နယ်မှ စပါးစိုက်တောင်သူ ကိုအောင်ထူးက ပြောကြားသည်။

“တောင်ပျံတွေဆိုရင် အကြိုဝယ်တာ ကိုးသိန်းစျေး။ ရတနာတိုးတို့လို စပါးအသစ်ကတော့ ငါးသိန်းစျေး ပေါက်နေတယ်။ မနှစ်တုန်းက စပါးပေါ်တဲ့အချိန် ရောင်းတာကို တောင်ပျံက စပါးတင်းတစ်ရာကို ရှစ်သိန်းစျေး၊ ရတနာတိုးစပါးတွေက သုံးသိန်းခွဲပဲရှိတယ်။ ဒီနှစ်က စပါးစျေး ကောင်းတယ်ပြောရမယ်” ဟု ကိုအောင်ထူးက ဆက်လက်ပြောကြားသည်။

ယခုနှစ် မိုးရာသီ ကောက်သစ်ပေါ်သည့် အချိန်ကာလ နီးကပ်နေပြီး ကောက်စောစပါးပေါ်သည့် ဒေသများမှ ရာသီစ ကောက်သစ်စပါးများကို နေ့စဉ်တင်းသောင်းနှင့်ချီကာ တရုတ်နိုင်ငံသို့ တရားမဝင်ဝယ်ယူ တင်ပို့နေမှုများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ တင်ပြထားသော်လည်း တားဆီးနိုင်ခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ အထွေထွေအတွင်းရေးမှူး ဦးနေလင်းဇင်က အောက်တိုဘာ ၄ ရက်က ပြောကြားထားသည်။

စပါးကို နယ်စပ်ဒေသများမှတစ်ဆင့် အိမ်နီးချင်း တရုတ်နိုင်ငံသို့ တင်ပို့နေမှုများ ဖြစ်ပွားခဲ့သည်မှာ သုံးနှစ်ဝန်းကျင်ခန့် ရှိပြီဖြစ်ကြောင်း သိရသည်။

“မနှစ်ကနဲ့ ဒီနှစ်မှာ တော်တော်လေး အရှိန်ရလာတယ်။ ဒီနှစ်ဆိုရင် ကောက်သစ်စပေါ်တဲ့ ပဲခူးတိုင်း အနောက်ခြမ်းမှာ စပေါ်နေပြီပေါ့။ စပြီး ပေါ်လာပြီဆိုပဲ နယ်စပ်ကို တရားမဝင် စီးထွက်နေတယ်” ဟု မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ အထွေထွေအတွင်းရေးမှူး ဦးနေလင်းဇင်က ဆိုသည်။

ယခုအခါ  ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ စပါးထွက်ရှိရာ ဒေသများတွင် စပါးပေါ်ချိန်၌ အိမ်နီးချင်းနိုင်ငံမှ ကုန်သည်များက ဒေသထွက်စပါးများကို ဝယ်ယူပြီး တရားမဝင် တင်ပို့ကုန်သွယ်နေသည့် ကိစ္စနှင့်ပတ်သက်၍ ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ ဆန်စက်လုပ်ငန်းရှင်များ အသင်းမှ တင်ပြလာကြောင်း သိရသည်။

ယခုနှစ်တွင် မိုးစပါးကောက်စောစပါး ပေါ်သည့် ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းတွင် ရာသီစ ကောက်သစ်စပါးများအား မြို့နယ်အသီးသီးမှ နေ့စဉ်တင်းသောင်းနှင့်ချီ တရားမဝင် ဝယ်ယူတင်ပို့မှုများ ဖြစ်ပေါ်နေ၍ ဒေသခံ ဆန်စက်လုပ်ငန်းရှင်များ အသင်းများမှာ အခက်အခဲ ကြုံတွေ့နေရသည်ဟု  ထပ်မံတင်ပြလာကြောင်း သိရသည်။

 

 

Most Read

Most Recent