
တနသာၤရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ အပြင်းစား ကြက်ဌက်တုတ်ကွေးရောဂါ H5N1 ဗိုင်းရပ်တွေ့ရှိခဲ့သည့် ဝဲကျွန်းထိန်သစ် ရပ်ကွက်အတွင်းမှ ဖျားနာနေသောကြောင့် ထားဝယ်ပြည်သူ့ ဆေးရုံကြီးသို့ တင်ပို့လာသော လူနာ ၂ ဦးတွင် H1N1 ဗိုင်းရပ်ပိုး တွေ့ရှိခဲ့ပြီး လက်ရှိအချိန်တွင် ထားဝယ်မြို့၌ H1N1 ဗိုင်းရပ် ကူးစက်ခံရသူ သုံးဦးထိ ရှိပြီဖြစ်ကြောင်း ထားဝယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးသန့်၏ ပြောကြားချက်အရ သိရသည်။
ဇူလိုင်လ ၂၈ ရက်နေ့က ရောဂါကူးစက်ရာ ဧရိယာ(Infected Area)ဖြစ်သည့် ဝဲကျွန်းထိန်သစ် ရပ်ကွက်အတွင်းမှ ဖျားနာနေသော အသက် ၁ နှစ်အရွယ် ကလေးတစ်ဦး၊ အသက် ၅၂ နှစ်နှင့် အသက် ၂၁ နှစ်အရွယ် ၃ ဦးကို ၎င်းရပ်ကွက်၌ အဖျားရောဂါ စောင့်ကြပ်ကြည့်ရှုရေး လုပ်ဆောင်နေသည့်အဖွဲ့မှ ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့လာခဲ့ကြောင်း၊ ၎င်းတို့ သုံးဦး၏ နှာတို့ဖတ်နမူနာများအား ရန်ကုန်မြို့ရှိ အမျိုးသားဓါတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ H1N1 ဗိုင်းရပ်ပိုးကူးစက်ခံရသည်ဟု အဖြေထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
“ဇူလိုင်လ ၂၈ ရက်နေ့က ဆေးရုံရောက်လာတဲ့လူနာ သုံးဦးကို စစ်ဆေးပြီး ရန်ကုန်ကို ပို့စစ်တဲ့အခါမှာ မနေ့(ဇူလိုင်၃၀ ရက်နေ့) ည ၈ နာရီမှာပဲ လူနာ ၂ ဦးက H1N1 positive လို့ အဖြေထွက်လာတယ်။ အသက် ၁ နှစ်အရွယ် ကလေးနဲ့အသက် ၂၁ နှစ်အရွယ် ၂ ယောက်ပါ။ အသက် ၅၂ နှစ်အရွယ် လူကြီးတစ်ယောက်ကတော့ Negative ထွက်တယ်။ လက်ရှိထားဝယ်ဆေးရုံမှာ H1N1 positive တွေ့တာ ၃ ယောက်ပေါ့။ ၃ ယောက်စလုံး အခြေအနေ ကောင်းပါတယ်” ဟုထားဝယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးသန့်က ပြောကြားသည်။















