TNLA အဖွဲ့ဗဟိုတရားရုံးက ထောင်ဒဏ်သုံးနှစ် ချမှတ်ထားသည့် နန်းမိုဟွမ်အား ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ပေးကြောင်း TNLA အဖွဲ့ဥက္ကဋ္ဌ အမိန့်ထုတ်

TNLA အဖွဲ့ဗဟိုတရားရုံးက ထောင်ဒဏ်သုံးနှစ် ချမှတ်ထားသည့် နန်းမိုဟွမ်အား ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ပေးကြောင်း TNLA အဖွဲ့ဥက္ကဋ္ဌ အမိန့်ထုတ်
Published 15 October 2018

တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) က ဖမ်းဆီးပြီး ၎င်းတို့၏ ဗဟိုတရားရုံးက ထောင်ဒဏ်သုံးနှစ် ချမှတ်ထားသည့် နန်းမိုဟွမ်အား ပြစ်ဒဏ်လွတ်ငြိမ်း ချမ်းသာခွင့်ပေးကြောင်း PSLF/TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်တား အိုက်ဘုန်းက အောက်တိုဘာ ၁၅ ရက်တွင် ထုတ်ပြန်သည့် အမိန့်အမှတ် (၁/၂၀၁၈)အား TNLA ၏ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ အမိန့်စာတွင် PSLF/TNLA ၏ အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများ လုပ်ငန်းတာဝန်ထမ်းဆောင်စဉ် မနန်းမိုဟွမ်က သတင်းပေးမှုကြောင့် ဝန်ထမ်းတစ်ဦးကျဆုံးပြီး တစ်ဦးဖမ်းဆီး ထောင်ချခံခဲ့ရကြောင်း၊ PSLF/TNLA ၏ ဝန်ထမ်းများ တာဝန်ဝတ္တရား ဆောင်ရွက်နေစဉ် အပြင်းအထန် နာကျင်စေမှု (ရာဇသတ်ကြီးပုဒ်မ ၃၃၃) ဖြင့် မနန်းမိုဟွမ်အား ၂၀၁၈ ခုနှစ် သြဂုတ် ၁၇ ရက်တွင် ဖမ်းဆီးခဲ့ပြီး PSLF/TNLA ၏ ဗဟိုတရားရုံးတွင် စက်တင်ဘာ ၁၅ ရက်၌ စတင်အမှုဖွင့် စစ်ဆေးခဲ့ကြောင်း ဖော်ပြထားသည်။

မနန်းမိုဟွမ်သည် ဝန်ထမ်းများ တာဝန်ဝတ္တရား ဆောင်ရွက်နေစဉ် မိမိအလိုအလျောက် အပြင်းအထန် နာကျင်စေမှု ရာဇတ်သတ်ကြီးပုဒ်မ ၃၃၃ ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားသဖြင့် ထောင်ဒဏ်သုံးနှစ်ကျခံစေရန် အောက်တိုဘာ ၅ ရက် PSLF/TNLA ၏ ဗဟိုတရားရုံးက အမိန့်စီရင်ချမှတ်ခဲ့ကြောင်း၊ FPNCC ၏ ကြားဝင်စေ့စပ် ညှိနှိုင်းမှုအရသော်လည်းကောင်း၊ မိမိတို့၏ မဟာမိတ်အဖွဲ့အစည်းဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ၏ မေတ္တာရပ်ခံချက်အရသော်လည်းကောင်း၊ တအာင်းလူမျိုးနှင့် ရှမ်းလူမျိုးတို့၏ ရေရှည်ချစ်ကြည်ရေးကို ရှေးရှု၍လည်းကောင်း နန်းမိုဟွမ်အား ပြစ်ဒဏ်မှ ခြွင်းချက်မရှိ လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ကြောင်း PSLF/TNLA ဥက္ကဋ္ဌ ၏ အမိန့်စာတွင် ဖော်ပြထားသည်။

ထိုသို့ TNLA ဥက္ကဋ္ဌက အမိန့်စာထုတ်ပြန်ပြီးနောက် နန်းမိုဟွမ်အား TNLA ၏ ရွှေလီခရိုင် မန်တုံမြို့နယ်မှူးက မဟာမိတ်တပ်ဖွဲ့ဝင်နှင့် မိသားစုဆွေမျိုးများဖြစ်သည့် SSPP/SSA မဟာမိတ်ဆက်ဆံရေးတာဝန်ခံဗိုလ်မှူး သန်းအောင်၊ အမှတ် (၉) ခရိုင်အုပ်ချုပ်ရေးမှူး စဝ်သီဟ၊ မနန်းမိုဟွမ်၏ ခဲအို စိုင်းခန်းဆိုင်၊ ဦးလေးဖြစ်သူ ဦးစိုင်းထွန်းလှိုင်နှင့် အဒေါ်ဖြစ်သူ ဒေါ်နန်းမြရင်တို့ထံ အောက်တိုဘာ ၁၅ ရက် မွန်းတည့် ၁၂ နာရီတွင် ကောင်းမွန်စွာ စနစ်တကျ အပ်နှံခဲ့ကြောင်းလည်း TNLA က သတင်းထုတ်ပြန်သည်။

Most Read

Most Recent