တိုင်းရင်းသားများ တောင်းဆိုနေသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်း၍ ပြည်နယ်များက ကျင့်သုံးရမည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မျိုးဟု PPST ခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး ပြောကြား

တိုင်းရင်းသားများ တောင်းဆိုနေသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်း၍ ပြည်နယ်များက ကျင့်သုံးရမည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မျိုးဟု PPST ခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး ပြောကြား
Published 15 October 2018
မင်းနိုင်စိုး

တိုင်းရင်းသားများ တောင်းဆိုသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် ပြည်ထောင်စုတစ်ခုအတွင်းရှိသော ပြည်နယ်များက ကျင့်သုံးရမည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မျိုးဖြစ်ပြီး ထိုသို့ ဆောင်ရွက်ရန် ပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲပြဋ္ဌာန်းကာ ကျင့်သုံးရမည်ဖြစ်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မျိုးဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောကြားသည်။

အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ အစိုးရနှင့် NCA-S EAO ခေါင်းဆောင်များ၏ သီးသန့်အစည်းအဝေး ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေး အဖွင့်အမှာစကား ပြောကြားရာတွင် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိနိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်တွင် ရင်ဆိုင်ကြုံတွေ့နေရသော အဓိကတစ်ဆို့မှုဖြစ်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ခွဲမထွက်ရေးဆိုသည့် အမြင်အပေါ်တွင် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား အမြင်ကွာဟချက်များ ရှိနေပြီး အဆိုပါကိစ္စကို လက်တွေ့ကျကျ ရင်ဆိုင်ဖြေရှင်းရန် လိုအပ်နေသည်ဟု ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောကြားသည်။

ထို့ပြင် အဆိုပါကိစ္စသည် နိုင်ငံရေးဆိုင်ရာဖြစ်သကဲ့သို့ အားလုံးမျှော်မှန်းနေသည့် အနာဂတ်ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနှင့်လည်း တိုက်ရိုက်ပတ်သက်နေကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲများမှတစ်ဆင့် တိုင်းပြည်အတွက် လိုအပ်သော ဖက်ဒရယ်အခြေခံမူများကို ရှာဖွေရာတွင် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ လူနည်းစုအခွင့်အရေး၊ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး၊ အာဏာခွဲဝေရေး စသည့်အချက်များပေါ်  အဓိကအခြေခံသည့် ဖက်ဒရယ်နှင့် တိုက်ရိုက်ပတ်သက်သော မူသဘောများကို ရှာဖွေ ဖော်ထုတ်ရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။

“ဖက်ဒရယ်မူကို ရှာဖွေတဲ့နေရာမှာ ခွဲထွက်ရေး၊ ခွဲမထွက်ရေးဆိုတဲ့ ကိစ္စမျိုးနဲ့ ဆက်စပ်ထားစရာ မလိုပါဘူး။ စိုးရိမ်စိတ်ရှိမယ် ဆိုရင်လည်း ကျွန်တော်တို့လိုချင်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဟာ ဘယ်လိုမျိုးအခွင့်အရေးလဲ ဆိုတာကို တင်ပြချင်ပါတယ်။ ကျွန်တော်တို့ တောင်းဆိုတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်က ပြည်ထောင်စုတစ်ခုအတွင်းမှာရှိတဲ့ ပြည်နယ်များက ကျင့်သုံးရမယ့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မျိုးဖြစ်တယ်။ ဒါကို ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းခြင်းဖြင့် ကျင့်သုံးရမှာဖြစ်တယ်။ ကျွန်တော်တို့ တောင်းဆိုနေတဲ့ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်နဲ့ သဟဇာတရှိရှိ ရေးဆွဲပြဋ္ဌာန်းရမှာဖြစ်ပြီး တစ်ဆက်တည်းမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းနိုင်တဲ့ ယန္တရားလည်း ပါရှိနေမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောကြားသည်။

ထို့ပြင် NCA စာချုပ်သည် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး ကိစ္စတစ်ခုတည်းနှင့်သာ သက်ဆိုင်သောစာချုပ်မဟုတ်ဘဲ နှစ်ပေါင်း ၇၀ ကြာမြင့်နေပြီဖြစ်သော ပြည်တွင်းစစ်ကို ချုပ်ငြိမ်းစေပြီး ဖက်ဒရယ်ပြည်ထောင်စုကို မည်သို့ပြန်လည် ထူထောင်ကြမည်ဆိုသည့် ဘုံနိုင်ငံရေးမျှော်မှန်းချက်လည်း ပါဝင်ကြောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ဆိုသည်။

“ဒီနိုင်ငံရေး ဘုံရည်မှန်းချက်လေးခုကို ပေါင်းစပ်ပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားကြမယ်လို့ NCA စာချုပ်မှာ လက်မှတ်ရေးထိုး သဘောတူထားခဲ့ကြတယ်။ NCA စာချုပ်မှာပါတဲ့အတိုင်း နိုင်ငံရေးဘုံရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ဖို့ နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပတဲ့အခါ ကျွန်တော်တို့ အခက်အခဲနဲ့ ကြုံတွေ့ရပါတယ်။ တချို့က တစ်ဆို့မှုလို့ ခေါ်ကြတယ်” ဟု ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီး ကတည်းက ဖြစ်ပွားနေသော နှစ်ပေါင်း ၇၀ ကျော် လက်နက်ကိုင်ပဋိပက္ခများသည် ရပ်တန့်သင့်ပြီဖြစ်ပြီး ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများ ရပ်တန့်နိုင်အောင် ကြိုးပမ်းကြရန်၊ NCA လက်မှတ်မရေးထိုးရသေးသော အဖွဲ့အစည်းများ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်လာနိုင်ရေးကိုလည်း အလေးထား ဆက်လက်ဆောင်ရွက်ကြရန် ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောကြားသည်။    

Most Read

Most Recent