ပြည်ထောင်စု၏ ပကတိတည်ရှိမှုကို လက်ခံထားပါက ခွဲမထွက်ရေးသည် ပြဿနာမဟုတ်ကြောင်းနှင့် ခွဲမထွက်ရေးသည် အရေးကြီးသကဲ့သို့ ခွဲထွက်စရာမလိုသည့် ပြည်ထောင်စုကြီးဖြစ်အောင် အားလုံးပူးပေါင်း အကောင်အထည်ဖော်ရန်လိုကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပ

ပြည်ထောင်စု၏ ပကတိတည်ရှိမှုကို လက်ခံထားပါက ခွဲမထွက်ရေးသည် ပြဿနာမဟုတ်ကြောင်းနှင့် ခွဲမထွက်ရေးသည် အရေးကြီးသကဲ့သို့ ခွဲထွက်စရာမလိုသည့် ပြည်ထောင်စုကြီးဖြစ်အောင် အားလုံးပူးပေါင်း အကောင်အထည်ဖော်ရန်လိုကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပ
အောက်တိုဘာ ၁၅ ရက်က နေပြည်တော်၌ ပြုလုပ်သည့် အစိုးရ၊ တပ်မတော်၊ NCA-S EAO ခေါင်းဆောင်များ သီးသန့်အစည်းအဝေးအား တွေ့ရစဉ် (ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး)
အောက်တိုဘာ ၁၅ ရက်က နေပြည်တော်၌ ပြုလုပ်သည့် အစိုးရ၊ တပ်မတော်၊ NCA-S EAO ခေါင်းဆောင်များ သီးသန့်အစည်းအဝေးအား တွေ့ရစဉ် (ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး)
Published 15 October 2018
မင်းနိုင်စိုး

ပြည်ထောင်စု၏ ပကတိတည်ရှိမှုကို လက်ခံထားပါက ခွဲမထွက်ရေးသည် ပြဿနာမဟုတ်ကြောင်းနှင့် ခွဲမထွက်ရေးသည် အရေးကြီးသကဲ့သို့ ခွဲထွက်စရာမလိုသည့် ပြည်ထောင်စုကြီးဖြစ်လာအောင် အားလုံးပူးပေါင်း အကောင်အထည်ဖော်ဖို့ရန်လိုကြောင်း အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပသော အစိုးရနှင့် NCA-S EAO ခေါင်းဆောင်များ၏ သီးသန့် အစည်းအဝေးတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မိမိတို့အကြား လိပ်ခဲတည်းလည်းဖြစ်နေသည့် အကြောင်းမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ခွဲမထွက်ရေးကိစ္စပင်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

“ဒီကနေ့ ကျွန်မတို့ပြည်ထောင်စုရဲ့ ပကတိတည်ရှိမှုကို လက်ခံထားရင် ခွဲမထွက်ရေးက ပြဿနာမဟုတ်ပါဘူး။ တိုင်းရင်းသားတွေ အစဉ်တစိုက် တောင်းဆိုခဲ့ကြတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်ပြီး ခိုင်ခိုင်မာမာ အကောင်အထည် ဖော်သွားမယ်ဆိုတာကိုလည်း ကျွန်မတို့အနေနဲ့ အကြိမ်ကြိမ် ပြောခဲ့ပြီး ဖြစ်ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးတွင် ခွဲမထွက်ရေးဆိုတဲ့အချက်နဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ပြည်နယ်တွေရဲ့ ကိုယ်ပိုင်အခြေခံဥပဒေ ရေးဆွဲရေး စတဲ့ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး သဘောတူညီချက် ရရှိထားပြီးမှ ချန်လှပ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ခွဲမထွက်ရေးက  အရေးကြီးသလို ခွဲမထွက်ချင်တဲ့၊ ခွဲထွက်စရာ မလိုတဲ့ ပြည်ထောင်စုကြီးဖြစ်လာအောင် အားလုံးလက်တွဲပူးပေါင်းပြီး အကောင်အထည်ဖော်ဖို့ကလည်း အင်မတန် အရေးကြီးတယ်ဆိုတာကို ပြောချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

စိုးရိမ်မှုများဖြင့် ဖြစ်တည်ခဲ့သော အတိတ်သမိုင်းကြောင်းမှ ရုန်းထ၍ အားလုံးအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ဆီကို ဆက်လက်ဦးတည် လျှောက်လှမ်းကြရန် အရေးကြီးပြီး စိုးရိမ်မှုကိုယ်စီရှိနေသော သမိုင်းနှစ်ဖက်ကို ဟန်ချက်ညီမျှအောင် ကြိုးစားရာတွင် လက်ရှိ ၂၁ ရာစုအခြေအနေကို လက်တွေ့ကျကျ ရှုမြင်ကြရန်၊ အနာဂတ်ကို မျက်နှာမူကြရန်နှင့် နိုင်ငံတကာ ပထဝီနိုင်ငံရေးအပြင် ပြည်နယ်အလိုက် ပထဝီနိုင်ငံရေးကို ထည့်သွင်းစဉ်းစားကြရန် အရေးကြီးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဖွဲ့အစည်းတိုင်းတွင် စိတ်ကူးဖြင့် စံပြုထားသော ဖက်ဒရယ်အိပ်မက်မှာ တစ်ဖက်တွင်ရှိနေပြီး လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အရှိတရားကလည်း တစ်ဖက်တွင် ရှိနေကာ အဆိုပါ ဘက်နှစ်ဘက်အကြားတွင် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားစေသော အကြောင်းရင်းခံများကို တစ်ခုချင်း ဆွေးနွေးညှိနှိုင်းပြီး တစ်ဆင့်ချင်း ရှေ့ဆက်လျှောက်နိုင်မည်ဆိုပါက ဖြစ်နိုင်ခြေလည်းရှိ၊ လက်တွေ့လည်းကျ၊ အကောင်အထည် ဖော်ကျင့်သုံးရန်လည်း အဆင်ပြေနိုင်မည့် အခြေအနေတစ်ရပ်ကို ရောက်ရှိနိုင်မည်ဖြစ်သည်ဟု ၎င်းက သုံးသပ်ပြောကြားသည်။

“ကျွန်မတို့ လျှောက်လှမ်းနေတဲ့ လမ်းကြောင်းဟာ မှန်ကန်တယ်ဆိုတာကိုလည်း ၂၁ ရာစု ပင်လုံညီလာခံ အစည်းအဝေးတွေက ထွက်ပေါ်လာခဲ့တဲ့ ပြည်ထောင်စုသဘောတူစာချုပ်ရဲ့ အစိတ်အပိုင်းတွေက သက်သေပြနေပြီ ဖြစ်ပါတယ်။ ကျွန်မတို့လျှောက်ရာလမ်းကနေ သွေဖည်မသွားဘူး။ နောက်ပြန်မလှည့်ဘဲ ရှေ့ဆက်သွားမယ်ဆိုတာကိုလည်း ဒီကနေ့ ခေါင်းဆောင်တွေ တက်ရောက်ကြတဲ့ အစည်းအဝေးက သက်သေပြနေပါတယ်။ ကျွန်မတို့အားလုံး အတူတကွ လက်တွဲပူးပေါင်းပြီးတော့ ရှိနေတဲ့အခက်အခဲတွေ၊ သဘောတူညီမှု မရနိုင်သေးလို့ ညှိနှိုင်းနေရဆဲဖြစ်တဲ့ ကိစ္စရပ်တွေကို အရှိကိုအရှိအတိုင်း လက်ခံကြဖို့၊ ဒီအခက်အခဲတွေကို ဘယ်ပုံဘယ်နည်း ကျော်လွှားနိုင်ကြမလဲဆိုတာ ဝိုင်းဝန်းဆွေးနွေးညှိနှိုင်းကြဖို့၊ ဒီလိုဆွေးနွေးညှိနှိုင်းကြရာမှာ ကျွန်မတို့အားလုံးရဲ့ နှလုံးသားတင်မက ဦးနှောက်ကိုပါ ဖွင့်ထားကြဖို့ အရေးကြီးပါတယ်။ ကျွန်မတို့ တာဝန်ခံကြရတဲ့၊ ကျွန်မတို့ မျက်နှာမူကြရမယ့် ကျွန်မတို့ရဲ့ ပြည်သူတွေကို မျက်မှောက်ပြုပြီး ကျွန်မတို့အားလုံး သတ္တိရှိကြဖို့ အလေးအနက်ထား တိုက်တွန်း ပြောကြားလိုပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လာစေခဲ့သည့် ဇာစ်မြစ်အကြောင်းတရားများကို နိုင်ငံရေးစားပွဲဝိုင်းတွင် ညှိနှိုင်းဆွေးနွေး ဖြေရှင်းနိုင်မည်ဆိုပါက လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းသွားရေး မခက်ခဲကြောင်း၊ တွေ့ဆုံဆွေးနွေးမှုများသည် ရင်းနှီးမှု၊ နားလည်မှုနှင့် ယုံကြည်မှုများကို ဖြစ်ပေါ်စေပြီး ဘုံအကျိုးစီးပွားနှင့် ဘုံမျှော်လင့်ချက်များကို ခိုင်မာအားကောင်းလာစေနိုင်ကြောင်း၊ ယခုအစည်းအဝေးတွင် မပါဝင်နိုင်သေးသော အဖွဲ့အစည်းများ ပါဝင်နိုင်အောင် ငြိမ်းချမ်းရေးကော်မရှင်နှင့် တပ်မတော်ခေါင်းဆောင်များက ကြိုးပမ်းနေကြောင်း ဒေါ်အောင်ဆန်းစုကြည်က အသိပေးပြောကြားသည်။

ယခုအစည်းအဝေးသည် လက်ရှိငြိမ်းချမ်းရေလုပ်ငန်းစဉ်၏ နိုင်ငံရေးဆွေးနွေးပွဲများတွင် ကြုံတွေ့နေရသော အခက်အခဲများနှင့် တစ်ဆို့နေမှုများ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ အခြေခံမူများ ချမှတ်နိုင်ရေး၊ NCA တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာရေး စသည့်ကိစ္စရပ်များကို ဆွေးနွေးကြမည်ဖြစ်သည်။                                  

Most Read

Most Recent