အိန္ဒိယနိုင်ငံက မတ်ပဲကို ပြန်လည်ဝယ်ယူလာသည့်အတွက် ပြည်တွင်း မတ်ပဲစျေးနှုန်း ပြန်လည်မြင့်တက်လာသော်လည်း ပြည်တွင်း မတ်ပဲစိုက်တောင်သူများ တွက်ခြေကိုက်သည့် စျေးနှုန်းအထိ မြင့်တက်လာခြင်းမရှိဟု ဆို

အိန္ဒိယနိုင်ငံက မတ်ပဲကို ပြန်လည်ဝယ်ယူလာသည့်အတွက် ပြည်တွင်း မတ်ပဲစျေးနှုန်း ပြန်လည်မြင့်တက်လာသော်လည်း ပြည်တွင်း မတ်ပဲစိုက်တောင်သူများ တွက်ခြေကိုက်သည့် စျေးနှုန်းအထိ မြင့်တက်လာခြင်းမရှိဟု ဆို
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်အတွင်းရှိ ပဲစိုက်ခင်းများကို တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်အတွင်းရှိ ပဲစိုက်ခင်းများကို တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)
Published 15 October 2018

အိန္ဒိယနိုင်ငံဘက်မှ မတ်ပဲကို ပြန်လည်ဝယ်ယူလာသည့်အတွက် ပြည်တွင်း မတ်ပဲစျေးနှုန်း ပြန်လည်မြင့်တက်လာသော်လည်း ပြည်တွင်း မတ်ပဲစိုက်တောင်သူများ တွက်ခြေကိုက်သည့်စျေးနှုန်းအထိ မြင့်တက်လာခြင်း မရှိကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ဆိုသည်။

“လောလောဆယ်မှာတော့ အထိုက်အလျှောက်တော့ ပြန်တက်လာတာကို တွေ့ရတယ်။ တကယ်တမ်းဖြစ်နေတဲ့ စျေးနှုန်းတွေက တောင်သူတွေအတွက် အကျိုးရှိလားဆိုတော့လည်း အခုအချိန်အထိတော့ ဖြစ်နေတဲ့ စျေးနှုန်းက တောင်သူအတွက် အရမ်းအကျိုးရှိနိုင်တဲ့ စျေးမဟုတ်သေးဘူး။ ပြည်တွင်းစျေးက ပိဿာနှစ်ဆယ် တစ်တင်းကို နှစ်သောင်းနဲ့ နှစ်သောင်းကျော်ကျော်ပဲ ရှိသေးတာ” ဟု ဦးမင်းကိုဦးက ဆိုသည်။

ပြည်တွင်းမတ်ပဲ စျေးနှုန်း ပိဿာ ၂၀ တစ်တင်းကို နှစ်သောင်းခွဲမှ သုံးသောင်းကြား ရရှိမှသာ ပြည်တွင်း မတ်ပဲစိုက်တောင်သူများအတွက် တွက်ခြေကိုက်မည်ဖြစ်ကြောင်း သိရသည်။

ယခင်က ပြည်တွင်းမတ်စျေးနှုန်းသည် တစ်တန်ကို ကျပ်ဆယ်သိန်းကျော်ရှိခဲ့ရာက အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ တင်ပို့မည့် မတ်ပဲနှင့်ပဲစင်းငုံများကို ဝယ်ယူခြင်းကို ကန့်သတ်ထားခဲ့သည့်အတွက် ၂၀၁၈ ခုနှစ် သြဂုတ်လအတွင်း၌ မတ်ပဲတစ်တန်ကို လေးသိန်းခွဲကျပ်အထိ စျေးနှုန်းကျဆင်းခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းနှင့် လကုန်ပိုင်းအတွင်း အိန္ဒိယအနေဖြင့် ၎င်းတို့အတွက် လိုအပ်ချက်ရှိသည့် မတ်ပဲကို ပြန်လည်ဝယ်ယူလာခဲ့သည့်အတွက် ပြည်တွင်း မတ်ပဲစျေးနှုန်းမှာလည်း အထိုက်အလျောက် ပြန်လည်မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်းကုန်သည်အသင်းမှ သိရသည်။

“စက်တင်ဘာလကုန်အပိုင်းမှာ ထက်ဝယ်တော့ စျေးနှုန်းက ထက်တက်သွားတယ်။ တစ်တန်ကိုဒေါ်လာ ၃၀၀ ကနေ အခုဆို ၃၈၀ လောက်ဖြစ်တယ်။ ပြည်တွင်းစျေးကလည်း လက်ရှိမှာဆို ၅၉,၀၀၀ လောက်ရှိတယ်။ မတ်ပဲ SQ ဆိုရင် ရှစ်သိန်းလောက်ရှိတယ်။ အိန္ဒိယက သူ့မှာလိုအပ်ချက်ရှိတဲ့ မတ်ပဲကို အစိုးရပိုင်းက Importer ကို အချို့ကုမ္ပဏီတွေကို ခွင့်ပြုတာလေးတွေရှိတယ်” ဟု ဦးမင်းကိုဦးက ပြောကြားသည်။ 

မြန်မာနိုင်ငံ၏ ပဲမျိုးစုံစိုက်ပျိုး ထုတ်လုပ်နိုင်မှုသည် အရှေ့တောင်အာရှနိုင်ငံများ အနေဖြင့် ဦးဆောင်နိုင်ငံတစ်ခုဖြစ်ကြောင်း၊ ၂၀၁၇-၂၀၁၈ခုနှစ်တွင် မိုးရာသီတွင် စိုက်ဧကပေါင်း ၃ ဒသမ ၈၉ သန်းနှင့် ဆောင်းရာသီတွင် ၇ ဒသမ ၀၇ ဧကသန်းပေါင်းဖြင့် စုစုပေါင်း ပဲမျိုးစုံစိုက်ဧရိယာဧကသန်းပေါင်း ၁၀ ဒသမ ၉၆ သန်းကို စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက သြဂုတ် ၁၈ ရက်က ပြောကြားသည်။

“ထွက်ရှိချက်က တင်းသန်းပေါင်း ၁၇၇ တင်းသန်းခန့် ထွက်ရှိခဲ့ပါတယ်။ မိုး၊ ဆောင်းသီးနှံ စုစုပေါင်း စိုက်ဧရိယာဧကရဲ့ ၂၁ ရာခိုင်နှုန်းခန့်ဟာ ပဲမျိုးစုံစိုက်ပျိုးတဲ့ ဧရိယာများ ဖြစ်ပါတယ်။ ယခုအနေနဲ့ကတော့ မိုးကြိုနဲ့ မိုးပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်နိုင်မှု အနေအထားကတော့ စိုက်ဧက ၂ ဒသမ ၀၉ သန်းကို စိုက်ပျိုးပြီးဖြစ်တယ်လို့ စာရင်းတွေအရ သိရပါတယ်” ဟု ဒေါက်တာအောင်သူက ဆက်လက် ပြောကြားသည်။

မတ်ပဲစိုက်ပျိုးချန်မှာ မြန်မာနိုင်ငံ အလယ်ပိုင်းတွင် မေလမှ ဇွန်လအထိ၊ မိုးနှောင်း (အောက်တိုဘာလမှနိုဝင်ဘာလ)၊ မိုးနှောင်း နိုဝင်ဘာလမှအပြီး ဆောင်းရာသီ (ဒီဇင်ဘာလအထိ) စိုက်ပျိုးလေ့ရှိကြောင်း သိရသည်။

ပဲစင်းငုံ၏ စိုက်ပျိုးချိန်မှာ မေလလယ်မှ သြဂုတ်လအထိဖြစ်ပြီး ထွက်ရှိချိန်မှာ ဇန်နဝါရီလမှ မတ်လအထိ ဖြစ်သည်။