စစ်ကိုင်းတိုင်းဒေသကြီး အထူးမြေစစ်အဖွဲ့က တိုင်းဒေသကြီးလွှတ်တော် မြေနေရာနှင့် အမှတ် (၂၈) လုံခြုံရေးတပ်ဖွဲ့မှ သိမ်းဆည်းထားသည့် မြေနေရာများအပါအဝင် မြေယာပြဿနာခြောက်မှုအား စစ်ဆေးနေ

စစ်ကိုင်းတိုင်းဒေသကြီး အထူးမြေစစ်အဖွဲ့က တိုင်းဒေသကြီးလွှတ်တော် မြေနေရာနှင့် အမှတ် (၂၈) လုံခြုံရေးတပ်ဖွဲ့မှ သိမ်းဆည်းထားသည့် မြေနေရာများအပါအဝင် မြေယာပြဿနာခြောက်မှုအား စစ်ဆေးနေ
Published 30 July 2017

စစ်ကိုင်းတိုင်းဒေသကြီး အထူးမြေစစ်အဖွဲ့မှ တိုင်းဒေသကြီးလွှတ်တော် မြေနေရာနှင့် အမှတ် (၂၈) လုံခြုံရေးတပ်ဖွဲ့မှ သိမ်းဆည်းထားသည့် မြေနေရာများ အပါအဝင် မြေယာပြဿနာ ခြောက်မှုအား စစ်ဆေးနေကြောင်း လယ်ယာမြေနှင့် အခြားသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ အထူးမြေစစ်အဖွဲ့ထံမှ သိရသည်။

ယခင်အစိုးရ လက်ထက်က မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက်တွင် တည်ရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံ မြေနေရာအား ဒေသခံတောင်သူများထံမှ အစိုးရက သိမ်းဆည်းခဲ့ကြောင်း၊ စံပယ်တောင် ကြေးစင်တောင် အနီးတွင် တည်ရှိသည့် အုံတုံပင်ကျေးရွာရှိ ဒေသခံတောင်သူများ ပိုင်ဆိုင်သည့် မြေယာကို အမှတ် (၂၈) လုံခြုံရေးတပ်ဖွဲ့က သိမ်းဆည်းပြီး အမှတ် (၂၈) လုံခြုံရေးတပ်ဖွဲ့ စခန်းများအဖြစ် တည်ဆောက်ရယူထားကြောင်း သိရသည်။

“စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ကနေပြီးတော့ အထူးစစ်အဖွဲ့ ဆိုပြီးတော့ဖွဲ့ပြီး တာဝန်ပေးတာတွေ ရှိပါတယ်။ ရွှေနဂါးမင်းကုမ္ပဏီနဲ့ လယ်သမားတွေဖြစ်တဲ့ အမှုရယ်၊ နောက် အိုးဘိုတောင် လွှတ်တော်တည်ဆောက်စဉ်က လယ်ယာမြေ အသိမ်းခံရတဲ့ လယ်သမားတွေနဲ့ တိုင်းအစိုးရနဲ့ ပတ်သက်တဲ့ အမှုရယ်၊ ဇလုတ်ကျေးရွာမှာ တိုင်းရုံးတွေ တည်ဆောက်တဲ့ အခါမှာ တောင်သူလယ်သမားတွေရဲ့ မြေကိုသိမ်းရတဲ့အတွက် ဇလုတ်တိုင်းရုံးနဲ့ လယ်သမားများ အမှုရယ်၊ လက်ရှိစစ်ဆေးနေတာကတော့ တင်ဝင်းထွန်းကုမ္ပဏီနဲ့ လယ်သမားတွေ မြေယာဝယ်ယူမှုက အငြင်းပွားတဲ့အမှု ဖြစ်ပါတယ်။ မုံရွာ အားကာသိပ္ပံ တည်ဆောက်တဲ့အခါမှာ လယ်သမားတွေဆီက မြေသိမ်းရတဲ့အတွက် လယ်သမားတွေနဲ့ ညှိနှိုင်းပေးရတဲ့ အမှုလည်း ရှိသေးတယ်။ နောက်ဆုံးအမှုကတော့ အုံတုံပင်ကျေးရွာသားတွေပိုင်တဲ့ လယ်ယာမြေကို အမှတ် (၂၈) လုံခြုံရေးတပ်ဖွဲ့က သိမ်းဆည်းတဲ့အတွက် အငြင်းပွားနေတဲ့ အမှုတွေကို ကျွန်တော်တို့ အထူးမြေစစ်အဖွဲ့က စစ်ဆေးနေပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီ အဖွဲ့ဝင်နှင့် အထူးမြေစစ်အဖွဲ့ခေါင်းဆောင် ဦးသန်းအေးက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အဖွဲ့ဝင်နှင့် အထူးမြေစစ်အဖွဲ့အနေဖြင့် တပ်မတော်မှ သိမ်းဆည်းခဲ့သည့် မြေယာများအား အဓိကထား စစ်ဆေးနေရကြောင်း တပ်မတော်မှ သိမ်းဆည်းခဲ့သည့် မြေယာများကို တောင်သူများထံ စွန့်လွှတ်ခြင်းရှိသလို ပြန်လည်မစွန့်သေးသည့် မြေယာများလည်း ကျန်ရှိနေသေးကြောင်း သိရသည်။

အဓိက အခက်အခဲကတော့ ကျွန်တော်တို့က မြေယာစစ်ဆေးရေးမှာ လယ်ပြန်စစ် အခက်အခဲ တွေ့ရတာကတော့ တပ်မတော်က သိမ်းထားတဲ့ မြေယာအမှုရယ်၊ အစိုးရဌာနတွေက သိမ်းထားတဲ့ မြေယာအမှုတွေကို စစ်တဲ့အခါမှာ ကျွန်တော်တို့က ဆုံးဖြတ်ချက် ချလို့မရဘူး။ အဲဒါကကျတော့ ကျွန်တော်တို့မှာ အခက်အခဲဖြစ်တယ်” ဟုစစ်ကိုင်းတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ အဖွဲ့ဝင်နှင့် အထူးမြေစစ်အဖွဲ့ခေါင်းဆောင် ဦးသန်းအေးက ဆက်လက်ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအဖွဲ့ထံ စိစစ်ပေးရှင်းရန် အမှုတွဲပေါင်း ၁၂၉၁ မှုရှိခဲ့ပြီး ယင်းအမှုများထဲမှ အသုံးပြုရန် လိုအပ်ချက်အရ စွန့်လွှတ်သည့် မြေကိစ္စ ၂၃၂ မှု၊ လျော်ကြေးပေးညှိနှိုင်းပြီး ဆက်လက်အသုံးပြုမှု ၅၆ မှု၊ အသုံးပြုရန်ထက် ပိုမိုမှုကြောင့် စွန့်လွှတ်သည့်မြေကိစ္စ ၁၁ မှု၊ အသုံးမပြုဘဲ စွန့်လွှတ်သည့်မြေကိစ္စ ၂၂ မှု၊ အကြောင်းအရာတူ တိုင်ကြားမှုပေါင်း ၂၉၉ မှု၊ ပုဂ္ဂလိကအချင်းချင်း တရားစီရင်ရေး လုပ်ငန်းအရ ဖြေရှင်းရန် မြေကိစ္စ ၂၃၂ မှု၊ မှားယွင်းတိုင်သည့်အမှု ၂၄ မှုတို့ဖြစ်ပြီး ၆၈ ရာခိုင်နှုန်းအထိ ဖြေရှင်းဆောင်ရွက် ပေးထားသော်လည်း အမှုပေါင်း ၄၁၅ မှု စိစစ်ဖြေရှင်းရန် ကျန်ရှိသေးကြောင်း သိရသည်။